ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် သုံးလခွဲကျော်တွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် တိုးတက်ခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၉၀ ခန့်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၇ ရက်အထိ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၂၉၃ ဘီလျံအထိ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၉ ဒသမ ၅၇၇ ဘီလျံသာ ရရှိထားသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလခွဲကျော်တွင် စုစုပေါင်းကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၇၁၅ ဘီလျံအထိ ပိုမိုရရှိခဲ့သည်။ ယင်းကဲ့သို့ ကုန်သွယ်မှုမြင့်တက်ခဲ့ခြင်းက အဆိုပါကာလအတွင်း ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၅ ဒသမ ၄၃၅ ဘီလျံအထိရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁၅၁ ဘီလျံ အထိမြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်တန်ဖိုးပမာဏထက် ပြည်ပမှ တင်သွင်းသည့် သွင်းကုန်တန်ဖိုးက ပမာဏပိုများနေခြင်းကို ဆိုလိုသည်။
လက်ရှိဘဏ္ဍာနှစ် သုံးလခွဲကျော်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၅ ဒသမ ၄၅၃ ဘီလျံရှိပြီး ပြည်ပမှ သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၅ ဒသမ ၈၅၇ ဘီလျံရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလခွဲကျော်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ပြည်ပသို့တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ဒေါ်လာ ၄၂၁ ဒသမ ၆၉ သန်းအထိ ပိုမိုတင် သွင်းထားသည်။
ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၄၂၁ ဒသမ ၆၉ သန်းအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်အထိဖြစ် ပေါ်ခဲ့သည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလခွဲကျော်တွင် ဖြစ်ပေါ်ခဲ့သော ကုန်သွယ်လိုငွေပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၈၈ ဒသမ ၉၆၆ သန်းအထိ လျော့ကျခဲ့ကြောင်း သိရသည်။
၂၀၁၉ -၂၀၂ဝဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
“ဒီနှစ်အတွက် သိပ်မများပါဘူး။ ကုန်သွယ်မှုက ဒေါ်လာ ၃၄ ဘီလျံလောက်မှန်းထားတယ်။ ပို့ကုန်ပိုင်းကတော့ ဒေါ်လာ ၁၈ ဘီလျံလောက်မှန်းထားတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
လက်ရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်နည်းတူ ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ သာရှိစေရန် မျှော်မှန်းထားသော်လည်း လက်တွေ့လုပ်ကိုင်ရာ၌ အခက်အခဲများရှိနေသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ အထိ လျှော့ချရန်မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။
၂၀၁၈ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာတစ်ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။
၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှု ဒေါ်လာ ၂၉ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာငါးဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။










