လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ၉၈၀,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာသန်း ၂၈၀ ကျော်အထိရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ် အောက်တိုဘာ ၁ ရက်မှဇန်နဝါရီ ၁၀ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၉၈၆,၃၄၅ ဒသမ ၄၉၃ အထိ တင်ပို့ထားပြီး ဝင်ငွေအမေရိ ကန်ဒေါ်လာ ၂၈၂ ဒသမ ၉၄၆ သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၅၅ နိုင်ငံသို့ ဆန်တန်ချိန် ၆၈၄,၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာသန်း ၂၀၀ ကျော် ရရှိထားသည်။
ထို့အတူ နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀၂,၀၀၀ ကျော်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၇၈ သန်းကျော် ရရှိထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှစ်ခုစလုံးမှတင်ပို့လျက်ရှိသည်။
မြန်မာနိုင်ငံမှဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၄၄၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၃၇ သန်းကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၁၄ ရာခိုင်နှုန်းကျော် ရှိသည်။
ပင်လယ်ရေကြောင်းတင်ပို့မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၈၄၂,၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၈၅ ရာခိုင်နှုန်းကျော် ရှိသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်းရရှိိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးစျေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်း ကိစ္စရပ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆောင်ရွက်သင့်သောကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သိုလှောင်ရုံအခက်အခဲ၊ အဆင့်အတန်းရှိသည့်စပါးများ အခြောက်ခံရန်အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး ယာဉ်အခက်အခဲများရှိနေသဖြင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းမှုများကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မေလ ၁၈ ရက်က ထုတ်ပြန်ထားသည်။
ယခင်က တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့နိုင်သည့် ကုမ္ပဏီ ၁၁ ခုသာရှိခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီ ၄၀ ကျော်ကို ထပ်မံရွေးချယ်နိုင်ခဲ့သဖြင့် အဆိုပါကုမ္ပဏီစာရင်းများကို တရုတ်နိုင်ငံသို့ ပေးပို့ပြီးပါက တရုတ်နိုင်ငံသို့ ဆန်ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်က ဓနုဖြူမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တောင်သူလယ်သမားများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲတွင် တောင်သူများ လယ်သမားများ၏ မေးမြန်းမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ အရင်က တရုတ်နိုင်ငံကို တင်ပို့ခွင့်ရရှိတဲ့ ကုမ္ပဏီက ၁၁ ခုပဲရှိပါတယ်။ မကြာခင်က ဆန်စက်ပေါင်း တစ်ရာကျော်ကို စစ်ဆေးမှုများ ပြုလုပ်ပြီးတဲ့အခါကျတော့ ကုမ္ပဏီပေါင်း ၄၀ ကျော် ရွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေရဲ့ စာရင်းတွေကို တရုတ်နိုင်ငံဘက်ကို ပေးပို့ဖို့ရှိပါတယ်။ ဒီလိုစစ်ဆေးပြီး သားဆန်စက်များရဲ့ စာရင်းရောက်သွားတာနဲ့ တရုတ်နိုင်ငံဘက်ကို တင်ပို့မှုတွေ ပြန်လည်တင်ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ အဆိုပါ စပါးဝယ်ယူဆောင်ရွက်ခြင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများက စီမံဆောင်ရွက်မည်ဖြစ်သည်။ ထို့ကြောင့် စပါးဝယ်ယူပေးရန်လိုအပ်သော ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်သို့ တင်ပြဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။
ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းများ၌ နိုင်ငံတော်ရန်ပုံငွေဖြင့် စပါးဝယ်ယူရန် ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းအတွက် ကျပ်ရှစ်ဘီလျံနှင့် ဧရာဝတီတိုင်းအတွက် ကျပ်ငါးဘီလျံလျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက နိုဝင်ဘာလဆန်းပိုင်းက ပြောကြားသည်။
သတ်မှတ်ထားသော အခြေခံစပါးစျေးနှုန်း အောက်ကျဆင်းပါက နိုင်ငံတော်က စပါးဝယ်ယူနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် ကျပ် ၁၅ ဘီလျံလျာထားခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်သည့် အနေအထားရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။










