ရာသီဥတုပြောင်းလဲခြင်း၊ သေနတ်ဖြင့် အကြမ်းဖက်မှုနှင့် ဒီမိုကရေစီအင်စတီကျူး ရှင်းများနှင့် သက်ဆိုင်သော အကြောင်းအရာများအပါအဝင် ကမ္ဘာတစ်လွှား အရေးကြီးသည့် အဖြစ်အပျက်များစွာက ထိပ်တန်းသတင်းများ ဖြစ်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်အတွင်း Polar vortex (ဝင်ရိုးစွန်းလေဝဲ) မှသည် stochastic terrorism ( ကျပန်းအကြမ်းဖက်မှု) နှင့် exonerate (တရားသေလွှတ်) တို့အထိ ယင်းအဖြစ်အပျက်များနှင့်ပတ်သက်သော စကားလုံးများကို Dictionary.com တွင် အကြီးအကျယ် ရှာဖွေခဲ့ကြသည်ကို တွေ့ရှိရ သည်။ ယင်းကဲ့သို့သော ရှာဖွေမှုများထဲ၌ အထင်ရှားဆုံးမှာ existential ဟူသည့် စကားလုံးဖြစ်ပြီး Dictionary.com က ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာ စကားလုံးအဖြစ် ရွေးချယ်ခဲ့သည်။ ယင်းစကားလုံးသည် လူသားတို့ ဂြိုဟ်ကမ္ဘာ၊ လူသားတို့၏ ချစ်သူခင်သူများ၊ လူသားတို့၏ ဘဝလမ်းကြောင်းများနှင့် ပတ်သက်၍ တိုက်ရိုက်အဓိပ္ပာယ်နှင့် တင်စားချက် နှစ်ရပ်စလုံးအရ အသက်ရှင်ရပ်တည်ရေးနှင့် နပန်းလုံးနေရသည့် သဘောကို သက်ဝင်စေသည်။
နာမဝိသေသန ဖြစ်သည့် existential ကို သိမှုနှစ်ရပ်ဖြင့် အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ ပထမတစ်ခုမှာ “ဖြစ်တည်မှု” သို့မဟုတ် “ဖြစ်တည်မှုနှင့် ဆိုင်သော”ဟူ၍ ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားသည် ၁၆၀၀ ပြည့်လွန်နှစ်များအတွင်းသို့ ဝင်ရောက်လာသည့်အခါ existential ကို တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာအနေဖြင့် သေရေးရှင်ရေးသမျှ အရေးကြီးနေသော ဖြစ်တည်မှု၌ရှိနေသည့်အခါ သုံးစွဲကြသည်။ ဥပမာအား ဖြင့် မျိုးစိတ်တစ်ရပ်အတွက် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်သည် အစစ်အမှန် ဖြစ်သော ခိုင်မာသော အန္တရာယ်အတွင်း ဆက်လက်ဖြစ်တည်နေမှုကို ပြဆိုသည်။
existential နှင့်ပတ်သက်၍ ဒုတိယမြောက် သိမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် တစ်သီးပုဂ္ဂလဆိုင်ရာ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြင့် ဆုံးဖြတ်သော လူသား၏ ဖြစ်တည်မှု သဘောသဘာဝနှင့် သက်ဆိုင်သည်။ ၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်း၌ စတင်မှတ်တမ်းတင်ခဲ့သည့် ယင်း existential ၏ အဓိပ္ပာယ်သည် existentialism (ဖြစ်တည်မှုပဓာနဝါဒ) ဟူသည့် အတွေးအခေါ်တစ်ရပ်နှင့် ပတ်သက်နေသည်။ မိမိတို့၏ ဘဝနှင့် ပတ်သက်၍ အဓိပ္ပာယ်ရှိသော မိမိအတွက် အစစ်အမှန်ဖြစ်သော ရွေးချယ်မှုများ ပြုလုပ်ရာ၌ မိမိတို့၏ တစ်သီးပုဂ္ဂလဆိုင်ရာအရ ကိုယ်စားပြုမှုအပေါ်သာ အခိုင်အမာ ရပ်တည်သည့် အတွေးအခေါ်ဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း existential ဟူသည့် စကားလုံးကို မည်သို့သုံးစွဲခဲ့ကြသနည်း။ စီးပွားရေးနှင့် ပညာရေးမှသည် သိပ္ပံနှင့် အားကစားအထိ ၂၀၁၉ ခုနှစ်တစ်လျှောက် ကမ္ဘာတစ်လွှားမှ ထိပ်တန်းအကြောင်းအရာများကို ဖော်ပြသည့် သတင်းများနှင့် ပတ်သက်၍ ပြောဆိုရေးသားမှုများတွင် existential ဟူသည့် စကားလုံးကို ထည့်သွင်းခဲ့ကြသည်။ နမူနာအနေဖြင့် Australian Broadcasting Corporation (ABC) မှနေ၍ ဟောင်ကောင်မှ ဆန္ဒပြပွဲအကြောင်းကို စက်တင်ဘာ ၅ ရက်တွင် လီအန်ကော့ချရိန်းနှင့် အီရင်ဟင်ဒလေတို့က တင်ဆက်ခဲ့ပုံကို ဖော်ပြလိုပါသည်။ ၎င်းတို့က What began as protests against an extradition bill has morphed into existential demonstrations about the future of the territory (တရားခံလွှဲပြောင်းရေးဆိုင်ရာ ဥပဒေကြမ်းကို ဆန့်ကျင်၍ ဆန္ဒပြမှုများအဖြစ် စတင်ခဲ့ခြင်းသည် ယင်းဒေသ၏ အနာဂတ်နှင့်ပတ်သက်သော ဖြစ် တည်မှုဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်) ဟု တင်ဆက်ခဲ့ခြင်းဖြစ်သည်။
ကော့ချရိန်းနှင့် ဟင်ဒလေတို့၏ existential ဟူသည့် စကားလုံးကို သုံးစွဲမှုသည် အစပိုင်း၌ ရာဇဝတ်မှုများအတွက် မသင်္ကာသူများကို တရုတ်ပြည်မသို့ လွှဲပြောင်းခွင့်ပြု မည့် ဥပဒေကြမ်းကြောင့် ဖြစ်ပွားသည့် ဟောင်ကောင်မှ ဆန္ဒပြပွဲကြီးများအား ယင်းအထူးဒေသအနေဖြင့် တရုတ်က အုပ်စိုးသည့် ဒေသတစ်ခု ဆက်လက်ဖြစ်နိုင်ပုံအပေါ် မေးခွန်းထုတ်သည့် ပိုမိုကြီးမားသော လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေးအတွက် တောင်းဆိုသည့် ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုကြီးတစ်ရပ်အဖြစ် စရိုက်လက္ခဏာ ဆောင်စေခဲ့သည်။
မည်သို့ပင်ဆိုစေ၊ ဂျာနယ်လစ်ဇင်၌သာမက အခြားမည်သည့်နယ်ပယ်၌မဆို စကားလုံးများ ရွေးချယ်သုံးစွဲမှုက လွန်စွာအရေးကြီးသည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဇန်နဝါရီ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








