ဒရုန်းများစေလွှတ်၍ စုံစမ်းထောက်လှမ်းသည်ဟုဆိုကာ အရှေ့တောင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်စခန်းများကို KNLA တပ်မဟာ (၅) ဌာနချုပ်က JMC- S (ကရင်) ထံ တိုင်ကြားခဲ့ပြီး ယင်းလုပ်ရပ်အပေါ် သံသယရှိဟု KNLA တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒရုန်းများစေလွှတ်၍ စုံစမ်းထောက်လှမ်းသည်ဟုဆိုကာ အရှေ့တောင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်စခန်းများကို KNLA တပ်မဟာ (၅) ဌာနချုပ်က JMC- S (ကရင်) ထံ တိုင်ကြားခဲ့ပြီး ယင်းလုပ်ရပ်အပေါ် သံသယရှိဟု KNLA တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 23 January 2020

ဒရုန်းများစေလွှတ်၍ စုံစမ်းထောက်လှမ်းသည်ဟုဆိုကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်စခန်းအချို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ (KNLA) တပ်မဟာ (၅) ဌာနချုပ်က ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S ‘ ကရင်’ ) ထံ ဇန်နဝါရီ ၂၁ ရက်တွင် စာပေးပို့ တိုင်ကြားခဲ့ပြီး တပ်မတော်၏ ယင်းလုပ်ရပ်အပေါ် သံသယရှိသည်ဟုလည်း KNLA တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ်ဒိုက ပြောကြားသည်။

“ ကျွန်တော်တို့အနေနဲ့က သူတို့နောက်ထပ် ဆက်လက်ပြီးတော့ ဒီလိုမျိုး ဒရုန်းတွေ လွှတ်ပြီးတော့ စုံစမ်းထောက်လှမ်းတာမျိုးကို ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ လုပ်ရပ်အပေါ်မှာ အများကြီး သံသယဖြစ်တယ်။ အဲဒီသံသယဖြစ်တဲ့အပေါ်မှာ ဆက်လက်ပြီးတော့ မလုပ်ဖို့ပေါ့လေ။ သံသယဖြစ်တာက သူတို့ဒီလိုမျိုး ထောက်လှမ်းမှုလုပ်ခြင်းအားဖြင့် တစ်နေ့ကျရင် သူတို့ ဒီလိုမျိုးတိုက်ပွဲတွေ ပြန်ဖော်မလားလို့ ကျွန်တော်တို့ အဲဒီလို သံသယရှိတယ်” ဟု ဗိုလ်မှူးစောကလယ်ဒိုက ပြောကြားသည်။

၂၀၁၈ ခုနှစ်မှစ၍ KNU တပ်မဟာ၊ တပ်ရင်းဌာနချုပ် တပ်စခန်းများအား တပ်မတော်ဘက်မှ ဒရုန်းများ စေလွှတ်၍ တစ်ပတ် တစ်ကြိမ်၊ နှစ်ပတ် တစ်ကြိမ် လာရောက် စုံစမ်းထောက်လှမ်းမှုများ ရှိနေသည်ဟု KNLA တပ်မဟာ (၅) ၏ တိုင်ကြားစာတွင် ပါဝင်သည်။

“ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေပဲလို့ ကျွန်တော်တို့ ဒီလိုပဲ ယူဆပါတယ်။ ၂၀၂၀ ပထမလမှာတော့ မတွေ့သေးဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလမှာတော့ တစ်ခါ နှစ်ခါ ရှိခဲ့တယ်” ဟု ဗိုလ်မှူး စောကလယ်ဒိုက ပြောကြားသည်။ ထိုသို့ KNu တပ်မဟာ၊ တပ်ရင်းဌာနချုပ် တပ်စခန်းများအား လာရောက်စုံစမ်း ထောက်လှမ်းသည့် ဒရုန်းများအား KNLA တပ်မဟာ (၅) ဘက်မှ ပြန်လည်စုံစမ်း စောင့်ကြည့်သည့်အခါတွင် နီးစပ်ရာ တပ်မတော် တပ်စခန်းများ တည်နေရာသို့ ပြန်လည်ဆင်းသက်ခဲ့သည်ကို တွေ့ရသည်ဟု KNLA တပ်မဟာ (၅) က ၎င်းတို့၏ တိုင်ကြားစာတွင် ထည့်သွင်းရေးသားထားသည်။

အထက်ပါ လုပ်ရပ်သည် အများပြည်သူများ၏ နေထိုင်မှုဘဝလုံခြုံရေးအား အန္တရာယ်ပြုခြင်း၊ KNU အဖွဲ့အစည်းများ၏ လုံခြုံရေးအား ခြိမ်းခြောက်ရုံသာမက နှစ်ဖက်အပြန်အလှန် ယုံကြည်မှုအား ပျက်ပြားစေသည့် လုပ်ဆောင်မှုများ ဖြစ်နေသည်ဟု KNLA တပ်မဟာ (၅) ၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

 

ထို့ကြောင့် တပ်မတော်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အခန်း (၃)၊ အပိုဒ် (၅)၊အပိုဒ် ခွဲ (က၊ ခ) နှင့် CoC အခန်း (၃)၊ အပိုဒ် (၈)၊ အပိုဒ်ခွဲ (က၊ ခ) အား ချိုးဖောက်နေသည့် အတွက် တပ်မတော်၏ လုပ်ရပ်အား KNLA တပ်မဟာ (၅) အနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း အသိပေးအကြောင်းကြားပါသည်ဟု KNLA တပ်မဟာ (၅) က JMC-S (ကရင်) ထံ တိုင်ကြားသည်။

KNLA တပ်မဟာ (၅) အနေဖြင့် အဆိုပါ တိုင်ကြားစာအား ဘားအံမြို့ရှိ JMC-S (ကရင်) ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌထံ လိပ်မူ၍ ပေးပို့ခဲ့ခြင်းဖြစ်ပြီး မိတ္တူကို KNLA စစ်ရေးချုပ်ရုံး ဗဟိုဌာနချုပ်၊ KNU အထွေထွေအတွင်းရေးမှူး၊ KNLA စစ်ဦးစီးချုပ်ရုံး၊ KNU ကာကွယ်ရေးဝန်ကြီးဌာန စသည့် တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသော ဌာနအဆင့်ဆင့်သို့လည်း ပေးပို့ခဲ့သည်။

KNLA တပ်မဟာ (၅) ၏ အဆိုပါတိုင်ကြားချက်နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် သိရှိရခြင်း မရှိသေးကြောင်း အရှေ့တောင် တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မောင်မောင်လတ်က ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

 

Most Read

Most Recent