ရာဇဝတ်မှုများအပေါ် ထိရောက်စွာကိုင်တွယ်ရန်လိုခြင်း

ရာဇဝတ်မှုများအပေါ် ထိရောက်စွာကိုင်တွယ်ရန်လိုခြင်း
Published 22 January 2020

 

ဆင်းရဲမွဲတေမှုနှင့် တန်းတူညီမျှမှု မရှိခြင်းတို့သည် ရာဇဝတ်မှုမြောက်သော လုပ်ဆောင်ချက်များ ဖြစ်လာအောင် လှုံ့ဆော်ပေးပြီး ဒုစရိုက်မှုများမွေးဖွားစေသည့် အကြောင်းခြင်းရာများ ဖြစ်လာသည်။ တရားဥပဒေနှင့် မညီသော၊ ကျင့်ဝတ်နှင့် မညီသော သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်များသည်လည်း ရာဇဝတ်မှုများ ဖြစ်ပေါ်ရန် တွန်းပို့လျက်ရှိသည်။ သုတေသနများအရ ပညာရေးနိမ့်ကျခြင်းသည် သည်းမခံနိုင်မှုကို ဖြစ်စေခြင်းနှင့် များစွာပတ်သက်နေပြီး ရာဇဝတ်မှုဖြစ်စေသော အမူအကျင့်တစ်ရပ် ကြိုတင်ရှိနေသကဲ့သို့ ဖြစ်စေသည်။ သို့သော် ပညာပို၍တတ်ခြင်းသည် ဥပဒေကို ပို၍လေးစားလိုက်နာလိုစိတ်  ဖြစ်ပေါ်စေသည်ဟုလည်း ဆိုနိုင်သည်။ အသက်အရွယ်နှင့် ကျား၊ မ ကွဲပြားမှုသည်လည်း  ရာဇဝတ်မှု ကျူးလွန်မှုနှုန်းနှင့် ပတ်သက်နေသည်။ မြို့ကြီးများတွင် လေ့လာချက်များအရ လူနေထူထပ်သော နေရာများတွင် ရာဇဝတ်မှု ကျူးလွန်နိုင်ရန် အခွင့်အလမ်း ပို၍ရှိကြောင်းလည်း တွေ့ရှိရသည်။

ရန်ကုန်မြို့သည် မြို့ငယ်များထက်စာလျှင် ရာဇဝတ်မှုများ ပိုမိုထူပြောသည်ဟုဆိုနိုင်ပြီး ယင်းကို ထိထိရောက်ရောက် ကိုင်တွယ်မဖြေရှင်းနိုင်လျှင် လူထု၏စိုးရွံ့စိတ်ကို ပိုမိုကြီးထွားစေကာ တရားဥပဒေစိုးမိုးမှုအပေါ် သက်ရောက်စေသည်။ ယခုရက်ပိုင်းအတွင်းပင် YBS ယာဉ်ပေါ်၌ ဖြစ်သော မှုခင်းများသည် လူအများကို တုန်လှုပ်စေသည်ကို တွေ့ရပေလိမ့်မည်။ ဇန်နဝါရီ ၁၄ ရက် နံနက် ၅ နာရီခန့်တွင် ဂန္ဒီမှတ်တိုင်မှ YBS အမှတ် (၄) ယာဉ်လိုင်း၏ ယာဉ်တစ်စီးကို စီး၍ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ပြန်လာသည့် ခရီးသွားအမျိုးသမီးကို YBS ယာဉ်မောင်းက သားမယားပြုကျင့်ခဲ့သည့် မှုခင်းတစ်ခု ဖြစ်ပွားခဲ့သည်။ ထို့ပြင် YBS 61 ယာဉ်မောင်းနှင်နေသူကို လူသုံးဦးက ကားပေါ်တက်၍ ဓားဖြင့်ခုတ်၊ ဆန်ထိုးပိုက်ဖြင့်ထိုးနေသည့် မှတ်တမ်းရုပ်သံမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး နေ့အချိန် ယင်းကဲ့သို့ဖြစ်ပွားသည့် ရာဇဝတ်မှုကြောင့် အများပြည်သူကို စိုးရိမ်တုန်လှုပ်စရာဖြစ်စေခဲ့သည်။ ယင်းအမှုဖြစ်စဉ် လူမှုကွန်ရက်၌ ပျံ့နှံ့ပြီးနောက်တွင် ကျူးလွန်သူသုံးဦးအား သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်၍ ဖမ်းဆီးနိုင်ရန် ဆောင်ရွက်ကြသည်။ ထိုသို့သော မှုခင်းဖြစ်စဉ်များအပေါ် သက်ဆိုင်ရာဥပဒေများဖြင့် ထိထိရောက်ရောက်အရေးယူနိုင်ရန် အများက တောင်းဆိုမှုများရှိလာသည်။ လူမြင်ကွင်း၌ နေ့အချိန်ဖြစ်ပေါ်သော ရာဇဝတ်မှုများ၊ မင်းမဲ့စရိုက်ဆန်သော မှုခင်းများအပေါ် အာဏာပိုင်များအနေဖြင့် စနစ်တကျကိုင်တွယ်ဆောင်ရွက်နိုင်ရန် လိုအပ်ပြီး သို့မှသာ အများပြည်သူတို့၏ စိုးရိမ်စိတ်ကို လျော့ပါးစေနိုင်မည်ဖြစ်သည်။

မည်သည့်နေရာ၌မဆို လူကောင်းများနှင့်အတူ လူဆိုးများ ရောနှောနေထိုင်လျက် ရှိနိုင်သည်သာဖြစ်သည်။ လူကောင်းများသည် ၎င်းတို့နေထိုင်ရာနိုင်ငံ၏ ဥပဒေများ၊ လူမှုရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြသူများဖြစ်ကြပြီး ၎င်းတို့၏ အသက်၊ စည်းစိမ်၊ အိုးအိမ်တို့အား သက်ဆိုင်ရာ အစိုးရများက ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည်။ လူဆိုးများမှာမူ နိုင်ငံတော်က ပြဋ္ဌာန်းထားသော ဥပဒေများကို ချိုးဖောက်ကာ လူကောင်းများကို ဒုက္ခပေးတတ်သူများဖြစ်သောကြောင့် အစိုးရက ၎င်းတို့အား အရေးယူ အပြစ်ပေးမှု ပြုလုပ်ရသည်။ တရားဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများအား ဥပဒေကို ချိုးဖောက်သည့် လူဆိုးများ ဒုက္ခပေးခြင်း မပြုနိုင်စေရန် အစိုးရတို့က တာဝန်ယူရသည်။

အရွယ်ရောက်ပြီး သာမန်အသိဉာဏ်နှင့် ပြည့်စုံသူတိုင်းသည် ရာဇဝတ်မှုကို မကောင်းမှု၊ ပေါ်ပေါ်ထင်ထင် မဆောင်ရွက်နိုင်သော အမှုဟု သိနားလည်ထားကြသည်။ ကမ္ဘာပေါ်၌ ခိုင်မာသော အစိုးရများ တည်ထောင်ပြီးစ လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာကပင် ရာဇဝတ်မှုသည်နိုင်ငံ၏ အန္တရာယ်ဖြစ်သည်ကို လူတို့၏ စိတ်ဝယ် သဘောပေါက် ပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အား နိုင်ငံသားများက အာဏာနှင့်တာဝန်ကို ပေးအပ်၍ နိုင်ငံတော်က နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်ပေးရသည်။ လူသတ်မှုကျုးလွန်သူ၊ သူတစ်ပါးပစ္စည်းကို ခိုးယူသူအစရှိသူတို့သည် ပြည်သူလူထု၏ ရန်သူများဖြစ်ကြ၍ ၎င်းတို့အား နိုင်ငံတော်က အပြစ်ဒဏ်ပေးရသည်။ ရာဇဝတ်မှုများကို အပြစ်ဒဏ်ပေးခြင်းသည် လူဆိုးများကို လူကောင်းများဖြစ်လာအောင် ပြုပြင်ပေးရန် ဖြစ်သင့်သည်ဟုဆိုသော်လည်း လူကောင်းများအပေါ် လူဆိုးတို့၏ အန္တရာယ်သက်ရောက်မှုမှ ကာကွယ်ပေးနိုင်ရန်လည်း အရေးကြီးရာ အာဏာပိုင်များအနေဖြင့် ထိရောက်သောအရေးယူမှုနှင့် စနစ်ကျသော ကိုင်တွယ်ဆောင်ရွက်မှုများလည်း လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဇန်နဝါရီ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent