ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက အတည်ပြုလိုက်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ခုအား လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ကျော်လက်မှတ်ရေးထိုး၍ ကော်မတီဥက္ကဋ္ဌမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက အတည်ပြုလိုက်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ခုအား လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ကျော်လက်မှတ်ရေးထိုး၍ ကော်မတီဥက္ကဋ္ဌမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ပြုလုပ်နေစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ပြုလုပ်နေစဉ်
Published 20 January 2020
အောင်မင်းသိန်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက အတည်ပြုလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ခုအား လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ကျော် လက်မှတ်ရေးထိုး၍ ကော်မတီဥက္ကဋ္ဌမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ဇန်နဝါရီ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော် D ဆောင်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ကိုပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ခ)တို့တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများအပေါ် အခြေပြု ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း နှစ်ခုအား အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးရမှာပေါ့။ အဲဒီတော့ အများစုကတော့ NLD ပါတီအနေနဲ့ ဖြစ်မှာပေါ့။ တင်တာကတော့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေနဲ့ပဲ တင်မှာပါ။ ဦးထွန်းထွန်းဟိန် အနေနဲ့ တင်မှာပေါ့။ ဒီနေ့ကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အပါအဝင်ပေါ့။ ပူးပေါင်းကော်မတီထဲမှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေစပြီး လက်မှတ်ထိုးသွားပြီ။ ကျွန်တော်တို့ ပူးပေါင်းကော်မတီဝင်တွေလည်း ထိုးပြီးပြီ။ ၂၃ ရက်နေ့ ကြာသာပတေးနေ့မှာ စည်ပင်ဧည့်ရိပ်သာ (၂) မှာ လက်မှတ်ထိုးဖို့ စီစဉ်ထားပါတယ်။ စီစဉ်ထားတဲ့အခါမှာ ချင်းပြည်နယ်ကနေ ဆင်းလာမယ့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပေါ့။ အဲဒီက ကိုယ်စားလှယ်တွေ ဆိုရင်လည်း အဲဒီနေ့အမီ လာထိုးမှာ။ ဆိုလိုတဲ့သဘောကတော့ NLD ပဲ သီးခြားတော့ မဟုတ်ဘူး။ တိုင်းရင်းသား ပါတီတွေရော အကုန်လုံး အားလုံး ကျွန်တော်တို့သည် မည်သူမည်ဝါ ကန့်သတ်ထားခြင်းမျိုး မရှိပါဘူး။ အားလုံးစုပေါင်းပြီးတော့ လက်မှတ်ရေးထိုးပြီးတော့ တင်ပြသွားမှာ ဖြစ်ပါတယ်။ တင်ပြတဲ့ နေရာမှာလည်း ရာခိုင်နှုန်း ၂၀၊ အနည်းဆုံး ရာခိုင်နှုန်း ၂၀ ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲဒီနေ့မှာ ရောက်ရှိလာပြီးတော့ လက်မှတ် ပါဝင်ရေးထိုးမယ့် မည်သည့်ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ကိုမဆို ဆန္ဒရှိရင်  လက်မှတ်ရေးထိုးနိုင်ရေး ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ထိုသို့ ကော်မတီဥက္ကဋ္ဌမှတစ်ဆင့် တင်သွင်းခြင်းသည် လွှတ်တော်က ပေးအပ်ထားသည့် တာဝန်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်၍ရမည် ဆိုခြင်းသည် ပြဋ္ဌာန်းချက်ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကျော်သော လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှု ရရှိရန်အတွက် အားလုံးညီညွတ်ရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

“ဒါလေးကို ဘာလို့ ကျွန်တော်ပြောတာလဲဆိုတော့ သတင်းမီဒီယာ တစ်ခုက မေးပါတယ်။ ၇၅ ရာခိုင်နှုန်း မကျော်ရင်တဲ့ ဘယ်လိုလုပ်မလဲတဲ့။ မကျော်ရင်တော့ ဘယ်လိုမှ လုပ်လို့မရဘူးလို့။ ဒါက ပြဋ္ဌာန်းချက် ဖြစ်နေတာကို။ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်ဆိုတာ ပြဋ္ဌာန်းချက်ပဲ။ မကျော်ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ မကျော်ရင် ဘယ်လိုမှ လုပ်လို့ကိုမရဘူး။ အဲဒီတော့ ကျွန်တော်လုပ်ဖို့ဟာ ၇၅ ရာခိုင်နှုန်းကျော်ဖို့ပဲ။ ၇၅ ရာခိုင်နှုန်းကျော်ဖို့ဟာ ဘယ်လိုလုပ်ရမလဲ။ အားလုံးညီညွတ်မှှရမယ်။ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ရင်တော့ ပြည်သူ့လိုလားချက်ကို ကျွန်တော်တို့ အစစ်အမှန် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။ မဟုတ်ဘဲနဲ့ တကွဲတပြားစီ သွားနေမယ် ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီသတင်းစကားလေးပဲ ပါးချင်ပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများသည် တံခါးပိတ် အစည်းအဝေးများ ဖြစ်ခြင်းကြောင့် ကော်မတီအတွင်း ဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းများကို ပြည်သူများ သိခွင့်မရခဲ့သော်လည်း ဥပဒေမူကြမ်းများကို လွှတ်တော်အတွင်း၌ ဆွေးနွေးသည့် အခါတွင် သိရှိရမည် ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ထို့အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ တင်သွင်းလာသည့်အချိန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားလုံးသိနားလည်ပြီး ဖြစ်သော်လည်း အသွင်မတူမှုနှင့် အမြင်မတူမှုများတွင် ကွဲပြားမှုများ များမည်ဆိုပါက ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် တဖြည်းဖြည်းပို၍ ဝေးနေမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

 

Most Read

Most Recent