မဟာမိတ်ဖွဲ့တိုင်းရင်းသားပါတီတွေရဲ့ ကစားကွက်က ၂၀၂၀ မှာ ဘယ်လောက်အလုပ်ဖြစ်မလဲ

မဟာမိတ်ဖွဲ့တိုင်းရင်းသားပါတီတွေရဲ့ ကစားကွက်က ၂၀၂၀ မှာ ဘယ်လောက်အလုပ်ဖြစ်မလဲ
ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ပန်တန်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်ကကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲသို့ လာရောက်မဲပေးနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)
ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ပန်တန်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်ကကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲသို့ လာရောက်မဲပေးနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)
Published 19 January 2020
အလင်းဒီ

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်ငါးခုမှ တိုင်းရင်းသားပါတီများကို ယခင်ရွေးကောက်ပွဲ ယှဉ်ပြိုင်စဉ်ကလို တကွဲတပြား တွေ့မြင်ရမည်မဟုတ်တော့ပေ။

ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ကယား စသည့်ပြည်နယ် ငါးခုမှ တိုင်းရင်းသားပါတီများသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံနှင့် ဒေသခံလူထု၏ ဆန္ဒအပေါ်မူတည်၍ လူမျိုးတူပါတီချင်း ပေါင်းစည်းမှုကို ယခင်နှစ်အပိုင်းအခြားအတွင်း အသီးသီးဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးသည် လူထုထောက်ခံမှုနှင့် များစွာသက်ဆိုင်ရာ ပြည်နယ် ငါးခုမှ တိုင်းရင်းသားပါတီများသည် ဒေသခံလူထု၏ ထောက်ခံမှု ပိုမိုရရှိရေးအတွက် လုပ်ဆောင်ခြင်းဟု ဆိုနိုင်သည်။

ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကဲ့သို့ ပါတီကြီးများကို အနိုင်ရရေးအတွက် တိုင်းရင်းသားပါတီများ သီးခြားယှဉ်ပြိုင်၍ မဖြစ်နိုင်ဆိုသည့် တပ်လှန့်မှုသည် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ကျယ်ကျယ်လောင်လောင် ပေါ်ပေါက်ခဲ့သည်။

“ ပြိုင်ဘက်ပါတီကြီး နှစ်ပါတီကို ယှဉ်ဖို့ ဆိုတဲ့ကိစ္စမှာ ဒီလိုအကွဲအကွဲအပြားပြားနဲ့ လေး၊ ငါးပါတီလောက်နဲ့ ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူးလေ။ မဖြစ်နိုင်တော့ ပါတီအောင်နိုင်ရေးအတွက်ဆိုရင် အဲဒီလိုပူးပေါင်းမှပဲ ဖြစ်မယ်ဆိုတဲ့ သဘောရပါတယ်” ဟု ကရင်ပါတီသုံးပါတီ ပေါင်းစည်းထားသည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

ပါတီများပြားခြင်းက ပြည်သူရွေးချယ်စရာ အခွင့်အရေးပိုမိုရရှိသည်ဟု ထင်မြင်နိုင်သော်လည်း လူထုထောက်ခံမှုနှင့် ဓနအင်အား သာလွန်သည့် နိုင်ငံရေးပါတီကြီးများနှင့် ရင်ဆိုင်ရချိန်တွင် မဲကွဲသည့် အခြေအနေက သက်ရောက်မှု ကြီးနိုင်သည်။

ကရင်ဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့ ပေါင်းစည်းထားသည့် နိုင်ငံရေးပါတီ ဖြစ်ပြီး ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ပါတီဝင်အချို့လည်း ထပ်မံပူးပေါင်းလာသည်ဟု သိရသည်။

ပြည်နယ်ငါးခုမှ တိုင်းရင်းသားပါတီများသည် ကာလတစ်ခုအကြာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်၍ ပါတီပေါင်းစည်းရေး ခြေလှမ်းအသီးသီးကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် စတင်လှမ်းခဲ့ကြသည်။

ယခုအခါ ပေါင်းစည်းပါတီ အမည်နာမ အသီးသီးဖြင့် ပါတီတရားဝင်မှတ်ပုံတင်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ ၂၀၁၉ ခုနှစ်အတွင်း ရရှိပြီးဖြစ်သည်။

ကယားပြည်နယ် အခြေစိုက်ဖြစ်သည့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီတို့ ပေါင်းစည်း၍ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ကရင်ပါတီများ ပေါင်းစည်းထားသည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့သည် ၂၀၁၇ ခုနှစ်အတွင်း ပေါင်းစည်းပါတီများအဖြစ် စတင်တည်ထောင်ခဲ့ကြပြီး ကျန်ပြည်နယ်သုံးခုမှ တိုင်းရင်းသားပါတီများသည် ၂၀၁၈ ခုနှစ်အတွင်း ပါတီတည်ထောင်ခွင့်များ အသီးသီးလျှောက်ထားခဲ့သည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တည်ထောင်လိုက်သည်။

တစ်ဖန် မွန်ပြည်နယ်အခြေစိုက် အင်အားကြီးပါတီနှစ်ခုဖြစ်သည့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကလည်း မွန်လူထုမျှော်မှန်းသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ၂၀၁၅ ရွေးကောက်ပွဲ အတွေ့အကြုံများကို အခြေခံကာ မွန်ညီညွတ်ရေးပါတီကို ထူထောင်ခဲ့ပြန်သည်။

ထို့အတူ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) စသည့် နိုင်ငံရေးပါတီများကလည်း ကချင်ပြည်နယ် ပြည်သူ့ပါတီအနေဖြင့် ပါတီ သုံးခု ပူးပေါင်းတည်ထောင်ခဲ့ကြပြီး မကြာသေးမီကပင် မြစ်ကြီးနားမြို့အခြေစိုက် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီလည်း ထပ်မံပူးပေါင်းခဲ့သည်။

ပေါင်းစည်းလိုက်ကြသည့် ပြည်နယ် ငါးခုမှ တိုင်းရင်းသားပါတီများကို ကြည့်မည်ဆိုလျှင် လွှတ်တော်တွင်း အားကောင်းသည့် အနေအထား မရှိပေ။

ယင်းပြည်နယ်ငါးခု၏ လွှတ်တော်အသီးသီးကို NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှမ်းမိုးထားပြီး ကယားပြည်နယ် လွှတ်တော်ဆိုလျှင် ဒေသခံတိုင်းရင်းသားပါတီ အနိုင်မရသည့် တစ်ခုတည်းသော လွှတ်တော်ဖြစ်သည်။

ကွဲပြားနေသည့် လူမျိုးစုပါတီများကို စုစည်းနိုင်ခြင်းအားဖြင့် ဒေသခံလူထုဆန္ဒမဲကို ပိုမိုရရှိနိုင်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့်လည်း ပိုမိုနီးစပ်မည်ဟု ပါတီငါးခုက ယူဆကြသည်။

တိုင်းရင်းသားပါတီအချို့ ပါတီပေါင်းစည်းရေး လုပ်ဆောင်ခဲ့သော်လည်း ရှမ်းနှင့် ရခိုင်နိုင်ငံရေးပါတီများက တစ်ပါတီချင်းသာ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် အလားအလာ များသည်။

လတ်တလောအနေအထားအရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ပေါင်းစည်းမည့်အနေအထား မရှိသေးသလို ရခိုင်ပါတီများကလည်း ပေါင်းစည်းပြီးကာမှ မူဝါဒနှင့် ရပ်တည်ချက်များ ညှိနှိုင်းမရ၍ ပြန်လည်လမ်းခွဲခဲ့ခြင်းကြောင့်ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို အနိုင်ရပြီး လွှတ်တော်ကို လွှမ်းမိုးနိုင်ခဲ့သည်။

သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင် ပါတီခေါင်းဆောင်ပိုင်းနေရာ ရွေးချယ်မှုနှင့် မူဝါဒပိုင်းဆိုင်ရာများတွင် ကွဲလွဲမှုများရှိလာ၍ ပါတီပူးပေါင်းမှု သက်တမ်းလေးနှစ်ကျော်ကြာချိန်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်ခွဲထွက် ရပ်တည်နေသည်။

ရှမ်းပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နေရာအများစု အနိုင်ရခဲ့သော်လည်း ဒုတိယမဲအများဆုံးရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဲဆန္ဒနယ်ကွာဟချက် ကျဉ်းမြောင်းသည့်အတွက် ၂၀၂၀ တွင် ရှမ်းပါတီများ ဆက်လက် အားကောင်းနိုင်သည်ဟု ယူဆနိုင်ပြီး ရခိုင်ပြည်နယ်တွင် ရခိုင်ပါတီများသာ အနိုင်ရနိုင်ခြေများသည်ကို ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနှစ်ကြိမ်၏ ရလဒ်များက သက်သေပြနေသည်။

ထိုမျှမက ပြည်နယ်ငါးခုမှ တိုင်းရင်းသားပါတီများသည် အင်အားတောင့်တင်းသည့် တိုင်းရင်းသားအင်အားစုကြီးတစ်ခု ပေါ်ပေါက်ရေး ဆက်လက်ကြိုးပမ်းလျက်ရှိသည်။

ယင်းက တိုင်းရင်းသားမဟာမိတ် အင်အားစုနှစ်ခုဖြစ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) နှင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) တို့ကို ပေါင်းစည်း၍ တိုင်းရင်းသား မဟာမိတ်အင်အားစုတစ်ခုတည်း ဖြစ်ရေးဖြစ်သည်။

UNA တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ အများစု ပါဝင်ပြီး NBF တွင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရပါတီများ ပါဝင်သည်။

ပြည်နယ်ငါးခုမှ တိုင်းရင်းသားပါတီများ မပေါင်းစည်းကြမီက ယင်းအစုအဖွဲ့နှစ်ခု၏ အဖွဲ့ဝင်များ ဖြစ်ခဲ့ကြပြီး လက်ရှိတွင် ၎င်းတို့ ပါဝင်လှုပ်ရှားခဲ့သည့် မဟာမိတ်အင်အားစု နှစ်ခုကိုပါ ပေါင်းစည်းရေး ဆောင်ရွက်နေကြခြင်းဖြစ်သည်။

“ UNA နဲ့ NBF ကို ပေါင်းစည်းဖို့ပါပဲ။ ကျွန်တော်တို့ ရည်ရွယ်ချက်က တိုင်းရင်းသား အင်အားအကြီးကြီးတစ်ခု တည်ဆောက်ဖို့။ ငါးပါတီပေါင်းပြီး တစ်စင်ထောင်ဖို့ မဟုတ်ဘူး” ဟု ချင်းသုံးပါတီပေါင်းထားသည့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ပူဇိုဇမ်က ပြောကြားသည်။

ထို့အတွက် UNA ၊ NBF နှင့် ပေါင်းစည်း ပါတီငါးခုအပါအဝင် ယင်းအစုအဖွဲ့သုံးခု တွင်မပါဝင်သည့် တိုင်းရင်းသားပါတီများလည်းပါဝင်သည့် ညီလာခံ (သို့မဟုတ်) နှီးနှောဖလှယ်ပွဲကို ယခုနှစ်ဆန်းပိုင်းတွင် ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ တိုင်းရင်းသားပါတီအများအပြား ပါတီပေါင်းစည်းရေး ဆောင်ရွက်ကြခြင်းက လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များကြောင့် ဖြစ်နိုင်သလို သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွင် ဒေသခံ တိုင်းရင်းသားပါတီက အနိုင်ရမှသာ လွှတ်တော်ကို ထိန်းကျောင်းနိုင်မည့် အခြေအနေများကို ရှုမြင်လာခြင်းဖြစ်ကြောင့် ဖြစ်နိုင်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ထင်မြင်ချက်ပေးသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဆက်ဆံရေး ရှိခဲ့သည့် NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရရှိချိန်တွင် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ယခင်အစိုးရထက် ပိုမိုရရှိမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း လက်တွေ့အခြေအနေက ထိုသို့မဟုတ်ဟု တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက မှတ်ချက်ပြုသည်။

NLD ပါတီအနေဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရပြီးနောက် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့ရန် မလိုအပ်ဆိုသည့်အမြင်များ ကြီးထွားလာပြီး ထိုယူဆချက်များက လာမည့်ရွေးကောက်ပွဲတွင် အခက်တွေ့နိုင်သည်ဟု နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက ပြောကြားသည်။

“ ဘာကြောင့် မဟာမိတ်လုပ်ဖို့ လိုတာလဲဆိုတော့ တိုင်းရင်းသားပါတီတွေဟာ သူတို့ တိုင်းရင်းသားပြည်နယ်တွေမှာ သြဇာရှိတဲ့ ပါတီတွေ အထိုက်အလျောက် ကိုယ်စားပြုခွင့်ရတဲ့ ပါတီတွေဖြစ်လို့ပါ” ဟု ၎င်းက ဆိုသည်။

ထိုသို့ အကြံပြုချက်များရှိနေသော်လည်း NLD ပါတီက တိုင်းရင်းသားပါတီများနှင့် ရွေးကောက်ပွဲအကြိုကာလတွင် မဟာမိတ်ပြုလုပ်မည့် အစီအစဉ်မရှိပေ။

မည်သည့် တိုင်းရင်းသားပါတီနှင့်မျှ ကိုယ်စားလှယ်နေရာ အပေးအယူလုပ်ရန် မရှိဟု ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီနှင့် တိုင်းရင်းသားပါတီများကို ပြိုင်ဘက်အဖြစ်သာ ဆက်လက် မြင်တွေ့ရမည်ဖြစ်သည်။

ပြည်နယ်ငါးခုမှ ပေါင်းစည်းတိုင်းရင်းသားပါတီများနှင့် UNA အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးစဉ်

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် NLD ပါတီက မဲဆန္ဒနယ် ၅၉ ရာခိုင်နှုန်းကို အနိုင်ရခဲ့ပြီး တိုင်းရင်းသားပါတီအားလုံးက ရှစ်ရာခိုင်နှုန်းကျော်သာ အနိုင်ရရှိခဲ့သောကြောင့် NLD ပါတီအနေဖြင့် ၎င်းအတွက် မဟာမိတ်ပြုလောက်ဖွယ် အနေအထားမရှိဟု ယူဆကောင်း ယူဆခြင်းဖြစ်နိုင်သည်ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ထင်မြင်ချက်ပေးသည်။

ထို့ကြောင့် တိုင်းရင်းသားပါတီများအနေဖြင့် ပြည်ထောင်စုအစိုးရတွင် ပါဝင်ဆောင်ရွက်လိုလျှင် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ထက် ပိုမိုကောင်းမွန်သည့်ရလဒ်ကို ကြိုးပမ်းရမည်ဖြစ်ပြီး ထိုအခြေအနေမရရှိပါက ညွန့်ပေါင်းအစိုးရပုံစံ၊ NLD ပါတီ၏ မဟာမိတ်ပုံစံရပ်တည်ရေး မလွယ်ကူနိုင်ဟု ၎င်းက ဆိုသည်။

၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်နှင့် လွှတ်တော်အဆင့်ဆင့်၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က တရားဝင် ရယူခွင့်ရှိသောကြောင့် ကျန်ရှိသည့် ၇၅ ရာခိုင်နှုန်းအပေါ် မူတည်၍ အစိုးရဖွဲ့စည်းခြင်းကို ဆောင်ရွက်ရသည်။

ထိုအခြေအနေတွင် NLD ပါတီအနေဖြင့် ၅၀ ရာခိုင်နှုန်းအထက်အနိုင်ရရေး အထူးလိုအပ်ပြီး အနိုင်မရရှိပါက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဆောင်ရွက်ရနိုင်ခြေ ရှိနေသည်။

“ ရွေးကောက်ပွဲရလဒ်က အခရာပါ။ ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီးတော့မှ နိုင်ငံရေးဆိုတာ ကစားကွက် ပြောင်းသင့်ရင် ပြောင်းရမှာပဲလေ။ သူ့ရဲ့ လက်ရှိအနိုင်ရမှုက ကျဆင်းသွားတယ်ဆိုရင် သူ့ရဲ့နိုင်ငံရေး ကစားကွက်ကို ထပ်မံပြောင်းလဲဖို့ လိုအပ်လာမှာပေါ့” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ညွန့်ပေါင်းအစိုးရပုံစံ မလိုလား၊ အပြတ်အသတ် အနိုင်ရရေးသာ လိုလားသည်ဟု NLD ပါတီက ထုတ်ဖော်ပြောကြားပြီးဖြစ်သည်။

အဆိုပါပြောစကားများနှင့် တိုင်းရင်းသားပါတီများနှင့် ကိုယ်စားလှယ်နေရာ အပေးအယူမလုပ်ဆိုသည့် ပြောစကားများကို ဆန်းစစ်ပါက NLD ပါတီ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို မဲဆန္ဒနယ်မည်မျှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု မကြေညာသေးသည့်တိုင် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်တိုင်းလိုလို ပါဝင်ယှဉ်ပြိုင်မည့် အနေအထားဟု မှန်းဆနိုင်သည်။

“ ကျွန်တော်တို့ဘက်က လုပ်စရာရှိတာကို အပြည့်အစုံ စွမ်းအားရှိသမျှ လုပ်ပြီးတော့ လာမယ့်ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရအောင် ကြိုးစားမှာပါ” ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

NLD က တိုင်းရင်းသားဒေသတွင် ယှဉ်ပြိုင်အနိုင်ရရေးအတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းခြင်းက ကနဦးခြေလှမ်းဖြစ်သည်။

ပြည်နယ်ငါးခုမှ တိုင်းရင်းသားပါတီများ ယခင်ကဲ့သို့ တကွဲတပြား မဟုတ်တော့သည့် အခြေအနေအပေါ် ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျင်းပသည့် NLD ပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြပြီးနောက် တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်တွင် ကော်မတီဝင်စာရင်း ထုတ်ပြန်ခဲ့သည်။

ကချင်လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူပြီး တိုင်းရင်းသားများနှင့် ထိတွေ့ဆက်ဆံမှုရှိနေသည့် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာတင်မျိုးဝင်းတို့သုံးဦး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် တိုင်းရင်းသားရေးရာကော်မတီ (ဗဟို) တွင် ပါဝင်သည်။

“ တိုင်းရင်းသားပါတီတွေက တကွဲတပြား ပြိုင်တော့မှာမဟုတ်ပါဘူး။ သူတို့ဟာ စုပေါင်းပြီးတော့ ပြိုင်ကြမှာဖြစ်တဲ့အတွက် ဒါတွေကို ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့မှာ Stragetic Plan ရှိသင့်တယ်ဆိုတဲ့အတွက် တိုင်းရင်းသားရေးရာကော်မတီကို တိုင်းရင်းသားအစစ်တွေနဲ့ ဖွဲ့စည်းတာပါ” ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စုအစိုးရဖွဲ့စည်းနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ရရှိခဲ့သည့် NLD ပါတီအနေဖြင့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မဲဆန္ဒနယ်အများစု ရှုံးနိမ့်ခဲ့သည်။

တစ်ဖန် လစ်လပ်မဲဆန္ဒနယ်များအတွက် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်တွင်လည်း ယင်းဒေသမဲဆန္ဒနယ်များတွင် ဆက်လက်ရှုံးနိမ့်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲက အနိုင်ရခဲ့သည့် မွန်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မဲဆန္ဒနယ်အချို့ပါ ထပ်မံရှုံးနိမ့်ခဲ့သည်။

ထိုသို့ အနိုင်ရပြီး မဲဆန္ဒနယ်များတွင် NLD ပါတီရှုံးနိမ့်မှုက ချောင်းဆုံတံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အတင်းအကျပ်ပြောင်းလဲမှုနှင့် တိုင်းရင်းသားပါတီများ ပေါင်းစည်းမှုကြောင့်ဟု သုံးသပ်ကြသည်။

ထို့ပြင် ပြည်နယ်အတွင်း အနိုင်ရပါတီကို ပြည်နယ်အစိုးရဖွဲ့ခွင့်မပြုမှု၊ ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် အင်အားသုံးစီစဉ်မှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များက NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးတွင် အနှောင့်အယှက်ဖြစ်လာနိုင်သည်။

ထိုအခြေအနေများကို ပါတီခေါင်းဆောင်၏ပုံရိပ်နှင့် မကြာသေးမီက ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားရေးရာကော်မတီက ဖြေရှင်းနိုင်မည်လားဆိုသည်က စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ်သည်။ 

NLD ပါတီက တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့ရေး တစ်နည်း ရွေးကောက်ပွဲ မတိုင်မီ ပူးပေါင်းဆောင်ရွက်ရေးတို့ကို စိတ်ဝင်စားမှုမပြသော်လည်း ပြီးခဲ့သည့် နှစ်အပိုင်းအခြားတွင် အပြိုင်အဆိုင် ပေါ်ပေါက်လာကြသည့် ဗမာပါတီများသည် တိုင်းရင်းသားများနှင့် ဆက်ဆံရေးကို အလေးထားကြောင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြသလျက်ရှိသည်။

အထူးသဖြင့် မူဝါဒအခြေပြုပါတီဟု ကြွေးကြော်လျက်ရှိသည့် ပြည်သူ့ရှေ့ဆောင်ပါတီက ၎င်းတို့အနေဖြင့် ပြည်နယ်မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကိုသာ အဓိကယှဉ်ပြိုင်မည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် NLD ပါတီဝင်ဟောင်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် တရားဝင်ပါတီမှတ်ပုံတင် ရရှိထားသည်။

“ ပြည်နယ်လွှတ်တော်အတွက်ကို ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရခြင်း အဓိကရည်ရွယ်ချက်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဘက်ကို ပိုရောက်တဲ့ ခြေလှမ်းဖြစ်ချင်လို့ ဖြစ်ပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ပြည်သူ့ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး မဲဆန္ဒနယ်များကို အဓိကထားယှဉ်ပြိုင်မည်ဟု ဆိုသည်။

“ ယေဘုယျအားဖြင့်တော့ တိုင်းဒေသကြီးမှာ အားစိုက်မယ်။ ပြည်နယ်တွေကို လုံးဝမဝင်ဘူးတော့ မဟုတ်ဘူး။ သက်ဆိုင်ရာတိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းမယ်” ဟု ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားသည်။

တပ်မတော် အစိုးရလက်ထက် ဗိုလ်ချုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် သူရဦးရွှေမန်း တည်ထောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက တိုင်းရင်းသား ရာခိုင်နှုန်း ထက်ဝက်ကျော်ရှိသည့် မဲဆန္ဒနယ်များကို ချန်လှပ်ရန် အစီအစဉ်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ပါတီစည်းရုံးရေးတာဝန်ခံ ဦးတင်မောင်ဦးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိအစိုးရလက်ထက်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်နည်းတူ တိုင်းရင်းသား မဲဆန္ဒနယ်အချို့ကို ချန်လှပ်ယှဉ်ပြိုင်နိုင်ခြေရှိသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားထားသည်။

ထို့ပြင် NLD ပါတီမှလွဲ၍ ကျန်ပါတီများက ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များကို ချန်လှပ်ယှဉ်ပြိုင်မည့် အနေအထားကြောင့် ပြည်နယ်မဲဆန္ဒနယ်များတွင် တိုင်းရင်းသား ပါတီများပါဝင်မှု ပိုမိုအားကောင်းလာနိုင်သည်ဟု ဆိုကြသလို ပြည်နယ်ငါးခုမှ တိုင်းရင်းသားပါတီများကလည်း ပေါင်းစည်းခြင်း၏ ရလဒ်အဖြစ် ရွေးကောက်ပွဲအောင်နိုင်မည်ဟု ယုံကြည်နေသည်။

“ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပါတီသုံးပါတီ အသီးသီးနဲ့ ရှိခဲ့တုန်းကလည်း ကျွန်တော်တို့က နိုင်ခဲ့တယ်။ ရွေးကောက်ပွဲတွေမှာ နိုင်တယ်။ အခု သုံးပါတီပေါင်းလိုက်ပြီ ဆိုရင်တော့ ပြောစရာတောင် မလိုပါဘူး” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ပူဇိုဇမ်က ပြောကြားသည်။

သို့သော် ယခင်နှစ်အစပိုင်းတွင် ကောက်ခံခဲ့သည့် လူထုစစ်တမ်းတစ်ရပ်က NLD ပါတီအတွက် အားတက်ဖွယ်ဖြစ်ပြီး တိုင်းရင်းသားပါတီများအတွက် သတိပြုဖွယ် ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ၂၀၁၉ ခုနှစ် မတ်လဆန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ရှိ ပြည်သူ ၂၉၀၀ ကျော်ကိုမေးမြန်းခဲ့သည့် စစ်တမ်း၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရာခိုင်နှုန်း ၇၀ ဖြင့် ပထမနေရာတွင်ရှိနေပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၆၉ ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်သည်။

NLD ပါတီဥက္ကဋ္ဌလည်းဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းဒေသကြီးမှ စစ်တမ်းဖြေဆိုသူ ရာခိုင်နှုန်း ၈၀ နီးပါး ယုံကြည်မှုရှိပြီး ပြည်နယ်တွင် ရာခိုင်နှုန်း ၅၀ ဝန်းကျင် ယုံကြည်မှုရှိကြောင်း စစ်တမ်းတွင် ဖော်ပြပါရှိသည်။

“ ကျွန်တော်တို့ တိုင်းရင်းသားတွေက ဒီတစ်ပတ်တော့ တိုင်းရင်းသားအလှည့်ပဲဆိုပြီး ပြောနေဆိုနေကြသူ အများကြီးရှိတယ်။ ကျွန်တော်လည်း အဲဒီလိုပြောချင်တာပေါ့။ သို့ပေမဲ့လည်း ဒီဟာက ယတိပြတ်ကြီး ပြောလို့မရဘူး။ ကိုယ့်ဘာသာ ကြိုးစားရမယ့်သဘောတော့ရှိတာပေါ့” ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည်။

Most Read

Most Recent