ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာနှင့် YRTA ၏ အရှုံး

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာနှင့် YRTA ၏ အရှုံး
YBS ယာဉ်စောင့်ဆိုင်းစီးနင်းသူ ပြည်သူများကို ရန်ကုန်မြို့လယ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
YBS ယာဉ်စောင့်ဆိုင်းစီးနင်းသူ ပြည်သူများကို ရန်ကုန်မြို့လယ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 19 January 2020
ဇော်မင်းနိုင်

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂၀၁၇-၂၀၁၈ ခုနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာ (အကျဉ်းချုပ်) မှာ ဇန်နဝါရီ ၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ဝယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

အစီရင်ခံစာနှင့်ပတ်သက်ပြီး ယခင်နှစ်က တိုင်းဒေသကြီးစာရင်း စစ်ချုပ်က လွှတ်တော်သို့ ကိုယ်တိုင် တင်သွင်းခဲ့သော်လည်း ယခုနှစ်တွင်မူ အစီရင်ခံစာမူရင်းကို လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့ငွေစာရင်းကော်မတီသို့ တင်သွင်းခဲ့ရပြီး ယင်းမှတစ်ဆင့် လွှတ်တော်သို့ စာရင်းစစ်ချုပ်က တင်သွင်းလာခဲ့ရခြင်းဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၂၅ (ဃ) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များနှင့် ပတ်သက်၍ ‘ မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံတင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း’ ဟု ဖော်ပြထားသည်။

သို့သော် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ညွှန်ကြားချက်ဖြင့် လွှတ်တော်သို့ အစီရင်ခံစာအပြည့်အစုံကို မတင်ပြနိုင်ခဲ့ဘဲ အကျဉ်းချုပ်ကိုသာ တင်ပြခဲ့ရခြင်းဖြစ်သည်။

 

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ အစီရင်ခံစာမှာ ဘာတွေပါလဲ

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင်မပါမဖြစ် ပါလာသည့်အကြောင်းအရာမှာ YBS ကိစ္စဟု ဆိုရမည်ဖြစ်သည်။

YBS စနစ်မှာ ရန်ကုန်ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နာယကအဖြစ်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ယူထားသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ((YRTA) ၏ ကွပ်ကဲမှုအောက်မှ လှုပ်ရှားနေသည့် စနစ်တစ်ခုဖြစ်သည်။

ယင်း YRTA ၏ လက်အောက်တွင် YBS ကုမ္ပဏီနှစ်ခုဖြစ်သည့် YUPT နှင့် YBPC ကုမ္ပဏီနှစ်ခုမှ မော်တော်ယာဉ်လိုင်းများကို ပြေးဆွဲလျက်ရှိသည်။

၂၀၁၇- ၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာအရ ယင်းကုမ္ပဏီနှစ်ခုမှာ ကျပ်သန်းပေါင်း ၃၈၀၀ ကျော် အရှုံးပေါ်နေကြောင်း ဖော်ပြထားသည်။ YBPC ကုမ္ပဏီ၏ အသားတင်အရှုံးမှာ ကျပ်သန်းပေါင်း ၃၀၀၄ ဒသမ ၄၈၅ ဖြစ်ပြီး YUPT ကုမ္ပဏီ၏ အသားတင်အရှုံးမှာ ကျပ်သန်းပေါင်း ၈၅၃ ဒသမ ၄၂၂ ဖြစ်သည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

ယင်းကုမ္ပဏီနှစ်ခုမှာ အရှုံးပေါ်နေသော်လည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှာ ပိုလျှံငွေ ၇၆၉၁ ဒသမ ၈၀ သန်း ရရှိခဲ့သည်ဟု အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

YRTA ၏ အဓိကဝင်ငွေအများစုမှာ YBS ဘတ်စ်ကားများမှ ဝင်ငွေ၊ ငှားရမ်းခ၊ ဒဏ်ကြေးရငွေ၊ အဝေးပြေးယာဉ်များမှ ဝင်ငွေ၊ City Taxi မှ ဝင်ငွေနှင့် အခြားရငွေ (ဘဏ်တိုး စသည်တို့မှ) ဖြစ်ပြီး ရငွေစုစုပေါင်း ကျပ်သန်း ၉၄၀၀ ကျော်ရရှိခဲ့သည်။

ယင်းတို့အနက်မှ စီမံအုပ်ချုပ်သူများအတွက် လစာ၊ အုပ်ချုပ်မှု စရိတ်၊ ဘတ်စ်ကားဂိတ်များ လမ်းကြောင်း ပြုလုပ်ရန် Route Master လမ်းကြောင်းရေးဆွဲခြင်း၊ Telematics စနစ်ဖြင့် အသုံးပြုထိန်းချုပ်ရန်အတွက် ပေးချေခြင်း စသည်တို့အတွက် ကျပ် ၁၇၉၆ ဒသမ ၁၈၄ သန်းကို အသုံးပြုခဲ့သည်။ ယင်းကြောင့် YRTA မှာ ပိုလျှံငွေ ကျပ် ၇၆၉၁ ဒသမ ၈၀ သန်း ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းသို့ပိုလျှံငွေအတွက် ဝင်ငွေခွန်ကို အစိုးရသို့ ပေးဆောင်ထားခြင်းမရှိသကဲ့သို့ စာရင်းများအား ပြင်ပစာရင်းစစ်အဖွဲ့က စစ်ဆေးပြီး ဖြစ်သော်လည်း အဖွဲ့ဝင်များထဲမှ မည်သူကမျှ အစီရင်ခံစာအား လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကျပ်သန်း ၃၀ တန် မီးစက်မှာလည်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် စောင့်ကြည့်ခဲ့ရသည့် ကိစ္စတစ်ခုလည်းဖြစ်သည်။

နွေရာသီတွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန် တိုင်းဒေသကြီး အစိုးရက အကောင်အထည်ဖော်ရာတွင် တိုင်းအစိုးရ၏ သီးသန့်ရန်ပုံငွေများထဲမှ ကျခံသုံးစွဲခဲ့ခြင်းဖြစ်သည်။

ယင်းမီးစက် ဝယ်ယူရာတွင် သမ္မတက ထုတ်ပြန်ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်း ၁/၂၀၁၇ ဖြင့် သွေဖည်နေပြီး ညီညွတ်ခြင်းမရှိကြောင်း၊ တင်ဒါအား Limited Tender ဖြင့်သာ ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း စာရင်းစစ်ချုပ်က လွှတ်တော်၌ ပြောကြားခဲ့သည်။

၂၅ မဂ္ဂါဝပ်ထွက်ရှိသည့် ကျပ် သန်း ၃၀ တန် မီးစက်၏ လည်ပတ်မှုအတွက် တစ်နာရီလျှင် ပျမ်းမျှစက်သုံးဆီ ဂါလန် ၁၆၈၀ သုံးစွဲရပြီး ကုန်ကျစရိတ်များပြားကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ မီးစက်မောင်းနှင်ပေးသည့် ငါးလအတွင်း ဓာတ်အားယူနစ် ၁၁ ဒသမ ၈၀၆ သန်းထုတ်ခဲ့ရာ ယင်းအတွက် ဒီဇယ်ဆီဂါလန်ကိုးသိန်းကျော် အသုံးပြုခဲ့ပြီး MPPE က သတ်မှတ်ရောင်းချသည့် ဒီဇယ်တစ်ဂါလန် ပျမ်းမျှစျေးနှုန်း ကျပ် ၄၁၅၀ ဖြင့် တွက်ချက်ပါက ကျပ်သန်း ၃၈၀၀ ကျော် သုံးစွဲရသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ်တွင် သမိုင်းဝင်ဝန်ကြီးများရုံး၌ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီက Spa ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းများကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

စာရင်းစစ်ချုပ်အစီရင်ခံစာတွင်လည်း သမိုင်းဝင်ဝန်ကြီးများရုံး ငှားရမ်းမှုမှာ နိုင်ငံတော်မှ နစ်နာမှုများ ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် သမိုင်းဝင်ဝန်ကြီးများ ရုံးကို လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီမှာ အနော်မာကုမ္ပဏီဖြစ်သည်။ လုပ်ကိုင်ခွင့်ရရှိသည့်နှစ်မှာ နှစ် ၅၀ ဖြစ်သည်။ ငှားရမ်းခမှာ တစ်လလျှင် ကျပ် ၂၅ သန်းဖြစ်သည်။

မြေဧက ၁၅ ဒသမ ၉၆၃ကျယ်ဝန်းသည့် ဝန်ကြီးများရုံး၊ မြေနှင့် အဆောက်အအုံတို့တွင် ပြတိုက်အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် ငှားရမ်းခဲ့သည်။ စာချုပ်ချုပ်ဆိုမှုတွင် လုပ်ငန်းပြင်ဆင်မှု ကာလအဖြစ် တစ်နှစ်သတ်မှတ်ထားပြီး ယင်းကာလအတွင်း ငှားရမ်းခ ကင်းလွတ်ခွင့်ပေးထားသည်။ ယင်းကာလမှာ ၂၀၁၇ ခုနှစ် ဇန်နဝါ ရီ ၂၉ ရက်တွင် ပြည့်မြောက်ခဲ့သည်။ သို့သော် အဆောက်အအုံမွမ်းမံသည့် ကာလတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သက်တမ်းထပ်တိုးပေးခဲ့သဖြင့် ငှားရမ်းခမရရှိခဲ့ပေ။

ယင်းသက်တမ်းတိုး တစ်နှစ်ပြည့်မြောက်ခဲ့ပြီး ငှားရမ်းခစတင် ကောက်ခံရမည့်ကာလသို့ ရောက်ရှိလာခဲ့ချိန်တွင် ပေးသွင်းခဲ့ခြင်းမရှိခဲ့ဘဲ ၂၀၁၉ ခုနှစ် ဧပြီလရောက်မှသာ ငှားရမ်းခအား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စတင်ပေးသွင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ စာချုပ်ပါစည်းကမ်းအရ သတ်မှတ်ကာလအတွင်း ငှားရမ်းခပေးသွင်းခြင်းမရှိပါက ဒဏ်ကြေး ၁၀ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားသော်လည်း ဒဏ်ကြေးပေးသွင်းခြင်းမရှိကြောင်း၊ ထို့ပြင် သမိုင်းဝင်ဝန်ကြီးများရုံးနေရာမှာ တစ်နှစ်လျှင် ကျပ်သန်း ၃၀၀ သာရရှိထားရာ တစ်နှစ်လျှင် ကျပ်သန်း ၄၀၀ ရရှိသည့် ကျောက်တံတားမြို့နယ်ရှိ စုပေါင်း ရုံးအဆောက်အအုံ ငှားရမ်းခနှင့် နှိုင်းယှဉ်ပါက တစ်နှစ်လျှင် ကျပ် ၁ ဒသမ ၈၀၉ ဘီလျံခန့် နစ်နာကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်များမှာ နာမည်ကြီးနေသော ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်းထားသည့် တိုင်းဒေသကြီးစာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည့် အကြောင်းအရာများမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။

 

နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေသဖြင့် အမှုဖွင့်ခံရသူ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် နိုင်ငံတော်၏ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသူမှာ ရှားရှားပါးပါးတစ်ဦးသာ ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

ဒေါက်တာအောင်ဇော်မှာ ဆေးဝါးစက်ရုံ (အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) ကျောက်ဆည်တို့တွင် သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာတွင် ကုမ္ပဏီနှင့်ပူးပေါင်း၍ ရိုက်စားခွင်များ ဖန်တီးနေသူများအား အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံခဲ့ရသည်။

တိုင်ကြားစာအရကော်မရှင်က စစ်ဆေးရာ ဆေးဝါးစက်ရုံ (အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သဖြင့် နိုင်ငံတော်၏ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်ချက်ချခဲ့သည်။

ကော်မရှင်က အမှုဖွင့်ဖမ်းဆီးပြီး ပထမဆုံးရုံးချိန်းတွင် BPI ဆေးဝါးစက်ရုံမှ ဝန်ထမ်း ၁၀၀ ကျော် လာရောက်ခဲ့ပြီး ဒေါက်တာအောင်ဇော်အား ဝန်းရံခဲ့သည်။

ယင်းသို့ဝန်းရံအပြီးတွင် ကော်မရှင်က ထုတ်ပြန်ချက်တစ်ခုကို ချက်ချင်းထုတ်ပြန်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ဆေးဝါးစက်ရုံ (အင်းစိန်) စက်ရုံမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၏ကြိုးစား အားထုတ်အောင်မြင်မှုများကို အသိအမှတ်ပြုကြောင်း၊ စက်ရုံမှူးအပေါ် ဝန်ထမ်းများ၏ ထောက်ခံချက် အများအပြားကိုလည်း လက်ခံစဉ်းစားပေးခဲ့ကြောင်း၊ သို့ရာတွင် ကော်မရှင်၏ လုပ်ငန်းတာဝန်နှင့် သဘောသဘာဝအရ သူတစ်ဦးတစ်ယောက်၊ ဌာနအဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွား ယှဉ်လာသည့်အခါတွင် အများပြည်သူအကျိုးစီးပွားကို ဦးစားပေးကာ ကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင်လည်း ဥပဒေနှင့်အညီ အရေးယူရန်ခိုင်လုံသော အထောက်အထားများ ပေါ်ပေါက်နေသည့်အပြင် အများပြည်သူလူထုအတွက် ရေရှည်တွင် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသဖြင့် အချိန်မီ တားဆီးကာကွယ်နိုင်ရန်အလို့ငှာ ကော်မရှင်အစည်းအဝေးတွင် လေးလေးနက်နက် စဉ်းစားချင့်ချိန်၍ ဥပဒေအရအရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့ရသည်။

အင်းစိန်ဆေးဝါးစက်ရုံမှူးမှာ တင်ဒါအောင်ထားသည့် ကုမ္ပဏီမှ ကော်စေ့များ အချိန်မီမရောက်ရှိမှုကြောင့် အစားထိုးတင်သွင်းခဲ့ရခြင်းဖြစ်ပြီး လုပ်ငန်းစဉ်ချောမွေ့စေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် အရေးယူမှုမှာ ပြင်းထန်ကြောင်း၊ လူထုဘဏ္ဍာကို အလွဲသုံးစားပြုလုပ်ပြီး အများပြည်သူအကျိုးစီးပွား ပျက်စီးအောင်လုပ်နေသည့် ဖြစ်စဉ်များစွာ ရှိသော်လည်း အရေးယူခြင်းမရှိသည့်အပေါ် လူအများအကြားတွင် ဝေဖန်မှုများ ဆက်လက်ထွက်ပေါ်လာခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်ခံထားရသည့် အင်းစိန်ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်မှာ တက်ကြွသည့် ခေတ်ပညာတတ် လူငယ်တစ်ဦးဖြစ်ပြီး မြန်မာ့ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းအတွက် အားစိုက်လုပ်ကိုင်နေသူတစ်ဦးဟု မြန်မာ့ဆေးလောကတွင် သတ်မှတ်ခြင်းခံထားရသူ တစ်ဦးလည်းဖြစ်သည်။

‘ ေြွမဆိပ်ဖြေဆေးတွေရအောင် လုံလောက်အောင် ကြိုးစားပေးခဲ့တယ်။ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးကို စျေးနှုန်းသက်သာစွာ အဆင့်မီထုတ်ပေးနိုင်ခဲ့တယ်။ ခွေးရူးပြန်ကာကွယ်ဆေးကို ဒီမှာ ထုတ်နိုင်အောင် ကြိုးစားနေတယ်။ အောင်မြင်လုဆဲဆဲ ကင်ဆာဝေဒနာသည်တွေအတွက် အကိုက်အခဲ သက်သာစေမယ့်ဆေးတွေ ထုတ်ပေးနိုင်ခဲ့တယ်။ လက်ရှိ ကင်ဆာရောဂါ နောက်ဆုံးအဆင့်လူနာတွေကို သူတို့ကြိုးစားထုတ်လုပ်လိုက်တဲ့ အကိုက်အခဲ သက်သာဆေးတွေပေးတိုင်း လူနာတွေ သက်သာတယ်ဆိုတိုင်း ညီလေးကို ကျေးဇူးတင်မိပါတယ်။ ‘ အဲဒီဆေးသောက်မှပဲ တရားမှတ်လို့ ရသွားတယ်ဆရာ’ လို့ ဆိုတိုင်း ညီ့ကို သတိတရ သာဓုခေါ်ဖြစ်တယ်။ တင်ဒါစနစ်မှာ မှာယူထားတဲ့ ကော်စေ့တွေ အချိန်မီ မရနိုင်တဲ့အတွက် စက်ရုံလည်ပတ်ဖို့ ပြင်ပကော်စေ့တွေမှာ ယူရတဲ့ကိစ္စကို အဂတိအနေနဲ့ တိုင်တဲ့သူတိုင် စစ်တဲ့သူစစ်ပြီးပြီ။ ငယ်ငယ်တည်းက ပတ်သက်ဖူးသူ၊ မိသားစု အခြေအနေကိုသိသူ၊ နောက်ပိုင်း သူ့အိပ်မက်တွေကို နားထောင်ဖူးသူမို့ ဒါဟာညီလေးရဲ့ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘူးဆိုတာ လုံးဝအာမခံဝံ့ပါတယ်’ ဟု ဒေါက်တာနန္ဒဝင်း (ဆေး-၁) က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။

အင်းစိန်ဆေးဝါးစက်ရုံ BPI အနေဖြင့် ယခင်ကာလများက ဆေးဝါးထုတ်လုပ်မှုအရည်အသွေးများကြောင့် လူဝေဖန်မှုများရှိခဲ့သော်လည်း လက်ရှိတွင် အဆိုပါစက်ရုံမှ ဆေးဝါးများကို ကမ္ဘာ့နိုင်ငံများသာမက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝယ်ယူခဲ့သည်ကို တွေ့ရသည်။

လူဦးရေ၏ ရာခိုင်နှုန်း ၇၀ မှာ ကျေးလက်နေပြည်သူများဖြစ်သည့်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မြွေဆိပ်ဖြေဆေးကို တိုးမြှင့်ထုတ်လုပ်ခဲ့ရာမှ အခြားနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

တစ်လုံးလျှင် ၂၂ ဒေါ်လာ တန်ဖိုးရှိ မြွေဆိပ်ဖြေဆေးများကို ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ မြွေပွေးအဆိပ်ဖြေဆေး အေးခဲခြောက်အလုံး ၃၀၀ နှင့် လာအိုနိုင်ငံသို့ မြွေဆိပ်ဖြေဆေးအလုံး ၂၀၀ တင်ပို့ရောင်းချခဲ့သည်။

လက်ရှိဘဏ္ဍာနှစ်တွင် မြွေဆိပ်ဖြေဆေး အလုံး ၅၀၀၀ တင်ပို့နိုင်ခဲ့ပြီး ယင်းတို့အနက် မြွေပွေးအဆိပ်ဖြေဆေး အလုံးပေါင်း ၂၀၀၀ နှင့် မြွေဟောက်အဆိပ်ဖြေဆေး အလုံး ၂၀၀၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝယ်ယူခဲ့သည်။

အင်းစိန်ဆေးဝါးစက်ရုံ BPI က ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးများမှာ လျှပ်စစ်မီးမရရှိသည့် ကျေးလက်ဒေသများတွင် သာမန်အခန်း အပူချိန်၌ ဆေးသက်တမ်းငါးနှစ်အထိ ထားရှိနိုင်သော အေးခဲခြောက် ပုံစံဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ယင်းအချက်အလက်များမှာ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များဖြစ်ပြီး ယင်းသို့တိုးတက်မှုများရှိနေချိန်မှာပင် နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေသည်ဟုဆိုကာ ဒေါက်တာအောင်ဇော်မှာ အမှုဖွင့်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

အမှုဖွင့်ဖမ်းဆီးခံလိုက်ရခြင်း နှင့်ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့ရသည်ကို စိတ်နာသည်ဟု ဒေါက်တာအောင်ဇော်က ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ဧရာဝတီသို့ ဖြေကြားခဲ့သည်။

“ ကျွန်တော့်ကို တရားစွဲချင်လို့ တမင်တကာ နိုင်ငံတော်ငွေကြေး ဆုံးရှုံးတယ်ဖြစ်အောင် ဖိအားပေးဆောင်ရွက်ခဲ့တယ်လို့ပဲ ပြောချင်တယ်။ ထုတ်လုပ်ခဲ့တဲ့ သွေးကြောသွင်း ဘူးခြောက်သိန်းကျော်က ကျွန်တော့်အကျိုးစီးပွားအတွက် မဟုတ်ဘူး။ စက်ရုံဝင်ငွေ တိုးအောင်ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တာတောင် တရားစွဲဖို့ ဖိအားပေးဆောင်ရွက်ခဲ့တာ တွေ့ရတဲ့အတွက် နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ရတာ စိတ်နာတယ်ပဲ ပြောချင်ပါတယ်” ဟု ဒေါက်တာအောင်ဇော်က ဧရာဝတီသတင်းဌာနသို့ ဖြေကြားခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး ဒေါက်တာအောင်ဇော်ဘက်မှ အမှုကို ရုပ်သိမ်းပေးရန် တရားရုံးသို့ လျှောက်ထားခဲ့သည်။ အမှုမှာ အမှုဖွင့်တိုင်ချက်နှင့် တရားစွဲတင်စဉ် တင်ပြချက်များ ကွဲလွဲမှုရှိနေသည့်အပြင် အမှုမှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာသာဖြစ်သည့်အတွက် အမှုကို ပိတ်သိမ်းသင့်ကြောင်းနှင့် အာမခံပေးသင့်ကြောင်း ဒေါက်တာအောင်ဇော်၏ရှေ့နေ ဦးမျိုးသိမ်းကြီးက တရားခွင်တွင် တင်ပြခဲ့သည်။

သို့သော် စစ်ဆေးနေသည့်အမှုကို စီရင်ပိုင်ခွင့်မရှိခြင်းနှင့် အမှုအနေအထားမှာ ယင်းကာလတွင် အာမခံပေးသင့် မပေးသင့်ဆိုသည်မှာ မဆုံးဖြတ်နိုင်သေးကြောင်း၊ ဆင်ခြင်တုံတရားဖြင့် အာမခံပေးသင့် မပေးသင့်ဆိုသည့် အနေအထားသို့ ရောက်ရှိမလာသေးကြောင်း တရားရုံးက နိုဝင်ဘာ ၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ဒေါက်တာအောင်ဇော်အမှုတွင် ထူးခြားချက်တစ်ခုမှာ အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရသည့် ဦးဟန်ထူး၊ ထိုင်းနိုင်ငံ မြန်မာလုပ်သား သံအရာရှိများကဲ့သို့ ရုံးချိန်းမှထွက်ခွာလာချိန်တွင် ထီးများဖြင့် ကာရံခြင်း၊ လူအုပ်စုဖြင့် မီဒီယာများ မှတ်တမ်းရယူနိုင်ခြင်းများမရှိစေရန် ပြုမူခြင်းများမရှိသည်ကို တွေ့ရသည်။ ယင်းအချက်မှာ အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရသည့် အခြားသူများနှင့် မတူသည့်အချက်ဖြစ်သည်။

၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအား ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော်သို့တင်သွင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

 

မေးခွန်းထုတ်ရမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အရေးယူမှု

ဦးအောင်ကြည်ဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ တက်လာခါစတွင် ရာထူးကြီးသူများကို အရေးယူမှု ဆက်တိုက်လုပ်ဆောင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဝေဖန်မှုများနှင့် ကြုံတွေ့လာရသည်ကို တွေ့ရှိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အရေးယူမှုများတွင် ရာထူးအမြင့်ဆုံးဟုဆိုနိုင်သည့် အမှုတစ်ခုမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အရေးယူမှုတစ်ခုနှင့် ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးတို့သာ ပါဝင်ခဲ့သည်။

အများပြည်သူများအကြားတွင် ကျော်စောနေသည့်သတင်းများကို အရေးယူဆောင်ရွက်ခြင်းမရှိဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင်ချက်များကို မေးခွန်းထုတ်လာသည်။

ကျော်စောသတင်းဆိုသည်မှာ အများပြည်သူအတွင်း ပျံ့နှံ့နေ သော သတင်းတစ်ရပ်ရပ်တွင် လူတစ်ဦးဦးသည် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် သက်သေအထောက်အထား ရှိနိုင်သည်ဟု ကော်မရှင်က ယုံကြည်ရန် အကြောင်းပေါ်ပေါက်သော သတင်းကိုဆိုသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၌ ဖော်ပြထားသည်။

ကျော်စောသတင်းအဖြစ် မည်သို့သတ်မှတ်သလဲဆိုသည်ကိုမူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအား စတုတ္ထအကြိမ် ပြင်ဆင်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

ကျော်စောသတင်းနှင့် ပတ်သက်ပြီး သတ်မှတ်ရာတွင် အလွယ်တကူသတ်မှတ်ခြင်းမရှိဘဲ သေချာစိစစ်ပြီးမှသာ သတ်မှတ်ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ၂၀၁၈ ခုနှစ်အတွင်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရ၏ စီမံခန့်ခွဲမှုအလွဲများ၊ အမှားများကို လွှတ်တော်တွင်း ထောက်ပြဝေဖန်မှုများ ပြုလုပ်ရမည်လည်း ဖြစ်သည်။ ရန်ကုန်တိုင်းလွှတ်တော်တွင်လည်း အနည်းငယ်သော လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဝေဖန်မှုများ ပြုလုပ်နေသည်။

YBS စနစ်တွင် စီမံခန့်ခွဲမှု အမှားများ၊ လွဲမှားသည့်တွက်ချက်များ ရှိနေနိုင်သော်လည်း လတ်တလောတွင် ရန်ကုန်မြို့အများပြည်သူ ခရီးသွားလာရေးတွင် မော်တော်ယာဉ် အသစ်များ၊ ယာဉ်လိုင်းများတွင် စပယ်ယာ၏ အော်ငေါက်ခြင်းများမှ ကင်းဝေးနေသည်မှာ ကြာမြင့်လာပြီ ဖြစ်သည်ဟုဆိုနိုင်သည်။ သို့သော် အချို့သော မြို့ပြင်ယာဉ်လိုင်းများတွင်မူ မော်တော်ယာဉ်အသစ်များ အစားထိုးပြေးဆွဲနိုင်ခြင်း မရှိသကဲ့သို့ စပယ်ယာနှင့် လွတ်ကင်းခြင်းဆိုသည့် အခြေအနေများမှာ ပြောင်းလဲနိုင်ခြင်းမရှိသေးပေ။

လက်ရှိအခြေအနေများအရ ရန်ကုန်မြို့၏ မော်တော်ယာဉ်လိုင်းများ၏ အခြေအနေမှာ ယခင်မထသ လက်ထက်ကထက် ပိုမိုကောင်းမွန်လာသည်ဟု ဆိုရမည်ဖြစ်သည်။

အဂတိလိုက်စားနိုင်သည်ဟု ကျော်ကြားနေသည့်သတင်းများတွင်လည်း အမှန်တကယ် အဂတိလိုက်စားမှုများ ပေါ်ပေါက်လာမှသာ၊ အထောက်အထား ခိုင်ခိုင်လုံလုံရှိမှသာ အရေးယူတရားစွဲနိုင်မည်ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သည့် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာဖြစ်စဉ်နှင့် ဒေါက်တာအောင်ဇော်၏ ဖြစ်စဉ်တို့အနက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည့် နစ်နာမှုများကို တိုင်းအစိုးရအနေဖြင့် တာဝန်ယူတာဝန်ခံရမည် ဖြစ်သကဲ့သို့ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများတွင်လည်း အစိုးရက အရှုံးခံဆောင်ရွက်ပေးရမည်မှာလည်း ဓမ္မတာပင်ဖြစ်သည်။

အများပြည်သူဝန်ဆောင်မှုဆိုသည်မှာ အများပြည်သူကဏ္ဍမှတစ်ဆင့် တိုက်ရိုက်ဖြစ်စေ၊ ဘဏ္ဍာငွေ ကြီးကြပ်ထောက်ပံ့ခြင်းဖြင့် သွယ်ဝိုက်၍ဖြစ်စေ မိမိ၏စီရင်ပိုင်ခွင့် နယ်မြေအတွင်းနေထိုင်သူများကို အစိုးရက ထောက်ပံ့ပေးရသော ဝန်ဆောင်မှုများကိုခေါ်ဆိုသည်။

ခေတ်သစ်နိုင်ငံများ၌ အများပြည်သူဝန်ဆောင်မှုတွင် ပါဝင်သည့်အရာများမှာ တရားရုံးများ၊ လျှပ်စစ်၊ ပညာရေး၊ အရေးပေါ်ဝန်ဆောင်မှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စစ်တပ်၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ပြည်သူ့အဆောက်အအုံများ၊ လူမှုရေးဌာနများ၊ တယ်လီဖုန်းဆက်သွယ်ရေးများ၊ မြို့ပြစီမံကိန်းများ၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ၊ အညစ်အကြေးနှင့် အမှိုက်သရိုက်စီမံခန့်ခွဲမှု၊ ရေအရင်းအမြစ် ထောက်ပံ့ရေးကွန်ရက် အစရှိသည်တို့ဖြစ်သည်။

ခေတ်သစ် ဒီမိုကရေစီနိုင်ငံများတွင် အများပြည်သူဝန်ဆောင်မှုများကို ရွေးကောက်တင်မြှောက်ခံ ပုဂ္ဂိုလ်များက ငှားရမ်းခန့်ထားသော အစိုးရဝန်ထမ်းများဟုခေါ်ဆိုသည့် ဝန်ထမ်းများက ဆောင်ရွက်ရသည်။

အစိုးရဝန်ဆောင်မှုကဏ္ဍများသည် အကျိုးအမြတ်ကို အဓိကမထားရသကဲ့သို့ ၎င်းတို့ဝန်ထမ်းများကိုလည်း (ပုဂ္ဂလိကကုမ္ပဏီများနှင့် မတူဘဲ) ကွဲပြားခြားနားစွာ စေ့ဆော်မှုပေးရသည်။

အစိုးရဝန်ထမ်းများမှာ လုပ်ခလစာ နည်းပါးတတ်သောကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် အခြားဘက်က အကျိုးအမြတ်များပေး၍ ထိန်းညှိရသည်။

အစိုးရအနေဖြင့် ဘဏ္ဍာငွေ စိုက်ထုတ်သုံးစွဲခြင်းမရှိပါက မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက် ရန်ကုန်မြို့ရှိ ပြည်သူ ၁ ဒသမ ၈ သန်းခန့်မှာ စရိတ်ကြီးမြင့်မှုများဖြင့် ကြုံတွေ့ရမည်သာဖြစ်သည်။

YBS ယာဉ်လိုင်းများတွင် အဓိက ယာဉ်လိုင်းကြီးနှစ်ခုဖြစ်သည့် YUPT နှင့် YBPC ကုမ္ပဏီနှစ်ခုမှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ယာဉ်လမ်းကြောင်းအများစုကို သိမ်းပိုက်ထားသည့် ကုမ္ပဏီများလည်း ဖြစ်သည်။

ယခုနှစ်တွင် တင်သွင်းလာသည့် စာရင်းစစ်ချုပ်အစီရင်ခံစာအရ ယင်းကုမ္ပဏီနှစ်ခုမှာ အရှုံးပေါ်နေသည်။

စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားချက်အရ ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးမှုအတွက် ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

အစိုးရ၏ လုပ်နည်းကိုင်နည်း မှားယွင်းမှုရှိပါက ထောက်ပြဝေဖန်ရမည်မှာလည်း လွှတ်တော်၏ တာဝန်ဖြစ်သကဲ့သို့ အဂတိလိုက်စားမှုများ ရှိနေသည်ဟု သံသယဖြစ်ဖွယ်ရာ အနေအထားများရှိပါက ကျော်စောသတင်းအဖြစ် သတ်မှတ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းအရေးယူရမည်မှာလည်း ကော်မရှင်၏အလုပ်သာ ဖြစ်သည်။ အဂတိလိုက်စားကြောင်း ခိုင်မာသည့် သက်သေအထောက်အထားများရှိပါက မည်သူ့မျက်နှာမျှမကြည့်ဘဲ အရေးယူရန်လိုအပ်သကဲ့သို့ ဝေဖန်မှုများအပေါ်တွင်လည်း ကောင်းမွန်သည့်တုံ့ပြန်ချက်များ ရှိရမည်လည်းဖြစ်သည်။

 

တရားဥပဒေစိုးမိုးရေးတွင် Double Standard မရှိပါ

လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် အစဉ်တစိုက်လုပ်ဆောင်လာခဲ့သည့် ပါတီတစ်ခုလည်းဖြစ်သည်။

၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ပါတီတစ်ခုလည်းဖြစ်ပြီး ပြည်သူများက ဒီမိုကရေစီအရေး မျှော်လင့်ချက်အတွက် မဲပေးရွေးချယ်ခဲ့သည့် ပါတီလည်းဖြစ်သည်။

ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်သာမက သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများတွင်လည်း ဒီမိုကရေစီစနစ် ဖွံ့ဖြိုးစေရန် လုပ်ဆောင်ပေးမည်ဖြစ်ပြီး ဒီမိုကရေစီစနစ်အား ကောင်းစေရန်အတွက် တရားဥပဒေစိုးမိုးရေးများကို ပြုလုပ်မည်ဟု ပြောကြားချက်များကို တွေ့ရမည်ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးတွင် မည်သူ့ကိုတော့ သာစေ နာစေမရှိစေရဘဲ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်သာ ကိုင်တွယ်ဖြေရှင်းရမည်လည်းဖြစ်သည်။ တရားမျှတမှု မရှိဟုထင်သည့် ဥပဒေများကို ပယ်ဖျက်နိုင်ရန် ကြိုးစားရမည်ဖြစ်သကဲ့သို့ အများပြည်သူအတွက် အကျိုးရှိစေမည့်ဥပဒေများကို ပြဋ္ဌာန်းရမည်လည်းဖြစ်သည်။

ယင်းသို့ပြဋ္ဌာန်းထားသည့် ဥပဒေကို တရားမျှတစွာ အကောင်အထည်ဖော်ဆောင်ရမည်မှာလည်း ဒီမိုကရေစီအစိုးရတစ်ရပ်၏ တာဝန်သာဖြစ်သည်။

အထက်တွင်ဖော်ပြထားသည့် ဒေါက်တာအောင်ဇော်၏ဖြစ်စဉ်နှင့် YBS ဖြစ်စဉ်တွင် နှစ်ခုစလုံးမှာ အများပြည်သူဝန်ဆောင်မှု ကဏ္ဍများတွင် ပါဝင်နေသည်ဟုဆိုရမည် ဖြစ်သည်။

တစ်ခုမှာ ကျန်းမာရေးကဏ္ဍအတွက်ဖြစ်ပြီး နောက်တစ်ခုမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ဆောင်ရွက်ပေးရသည့်အရာများ ဖြစ်သည်။

BPI ဆေးဝါးထုတ်လုပ်ရေးမှ စျေးနှုန်းချိုသာသည့် နိုင်ငံတကာအဆင့်မီ ဆေးဝါးများထုတ်လုပ်နိုင်ပါက နိုင်ငံခြားငွေများစွာ သက်သာမည်ဖြစ်သလို အခြားတစ်ခုဖြစ်သည့် ပြည်တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်လည်း အစိုးရက ဝင်ရောက်လုပ်ကိုင်ပေးခြင်းမရှိပါက ကမောက်ကမအခြေအနေများလည်း ကြုံတွေ့လာရမည်ဖြစ်သည်။ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်း ဆိုသည်မှာလည်း စက်သုံးဆီစျေး မြင့်တက်လာသည့်အချိန်တွင် မော်တော်ယာဉ်စီးခစျေးနှုန်းများ မြင့်တက်လာမှုကို အစပြုရာမှ ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။

ဒေါက်တာအောင်ဇော်ဖြစ်စဉ်တွင် ဆေးဝါးစက်ရုံအတွက် ထိုက်သင့်သည့်ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်သကဲ့သို့ ပြည်တွင်း၌လည်း ဆေးဝါးများကို တတ်နိုင်သမျှ ထုတ်လုပ်ပေးနိုင်သည်ကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

အလားတူ YBS ယာဉ်လိုင်းများ အမြတ်မရရှိသည့်အခြေအနေနှင့် ကျပ်သန်း ၃၀ တန်မီးစက် ဝယ်ယူခြင်းများမှာ မေးခွန်းထုတ်ရမည် ဖြစ်သော်လည်း Social Benefit ရရှိသည်ဟုဆိုရမည် ဖြစ်သည်။

သို့သော် တန်ဖိုးကြီးပေး ဝယ်ယူထားသော်လည်း အသုံးစရိတ်ကြီးမားသည့် မီးစက်၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ထိုက်သင့်သည့် ဝင်ငွေအကျိုးအမြတ် ရရှိစေရေး၊ ဝန်ဆောင်မှုကောင်းများ ရရှိစေရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးရမည် ဖြစ်သည်။

ထို့ပြင် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား နိုင်ငံတော်၏ငွေကြေးနှင့် ပစ္စည်းများကို ထိခိုက်နစ်နာဆုံးရှုံးစေခြင်းကြောင့် ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်သကဲ့သို့ ပြည်သူ့ဘဏ္ဍာများကို ထိခိုက်နစ်နာစေသူများကို အလားတူပြုလုပ်နိုင်ရန် ဆောင်ရွက်ရမည်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ပိုင်ခွင့်သာဖြစ်သည်။

အဂတိလိုက်စားမှုဟူသည် အစိုးရအပေါ် အယုံအကြည်မဲ့စေနိုင်ပြီး အစိုးရ၏ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို လျော့ကျစေနိုင်သကဲ့သို့ အဂတိလိုက်စားမှုများသည် တန်းတူညီမျှမှုမရှိခြင်းကို ပိုမိုဆိုးရွားစေနိုင်မည်ဖြစ်သည်။

အထူးသဖြင့် တရားဥပဒေစိုးမိုးရေးတွင် Double Standard မဖြစ်စေရန် သတိပြုသင့်သည်။

ဒီမိုကရေစီအစိုးရတစ်ရပ်အတွက် တရားဥပဒေစိုးမိုးရေးမှာ အရေးပါသကဲ့သို့ တရားမျှတမှုရှိမှသာ လောကပါလ တရားစိုးမိုးမည်သာ ဖြစ်မည်။

ဒေါက်တာအောင်ဇော်အား အများပြည်သူလူထုအတွက် ရေရှည်တွင် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသဖြင့် အချိန်မီ တားဆီးကာကွယ်နိုင်ရန် အလို့ငှာ အရေးယူခဲ့ရသည်ဆိုသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဒုတိယအကြိမ် ထုတ်ပြန်ချက်အတိုင်း အများပြည်သူနစ်နာမှုများကို လုပ်ဆောင်နေသူများကို အရေးယူမှသာ တရားဥပဒေစိုးမိုးလာမည် ဖြစ်သည်။

Most Read

Most Recent