လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 19 January 2020

မာယော့ကာ - ဗလင်စီယာ (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

ဗလင်စီယာကတော့ နည်းပြ စီလာဒက်စ်နဲ့ အသားကျလာတာကို တွေ့ရတယ်။ လာလီဂါမှာ ရှုံးပွဲမရှိအောင် ဆက်တိုက်ကစားရင်း တိုက်စစ်ပိုင်းလည်း သိသိသာသာတိုးတက်လာနေ တယ်။ မာယော့ကာကလည်း အိမ်ကွင်းဆိုရင် မာရေကျောရေ ရှိတတ်ပေမယ့်လည်း သမ္ဘာ၊ ဝါတွေအရတော့ အသင်းကြီးတွေ ကို ယှဉ်နိုင်လေ့မရှိသေးဘူး။ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ကစား ထားတဲ့ အိမ်ကွင်း (၂)ပွဲမှာလည်း ဘက်တစ်နဲ့ ဆီဗီလာကို အ ရှုံးပေးခဲ့ရပုံနဲ့တော့ ဗလင်စီယာကို ဖိအားပေးနိုင်ဖို့ မလွယ်လှပါ ဘူး။ ဗလင်စီယာနဲ့ ဂိုးအများပဲပိုကြိုက်နေမိတယ်။

ဘက်တစ် - ဆိုစီဒက် (တနင်္ဂနွေည ၇:၃၀ နာရီ)

ဘက်တစ်မှာ ဖက်ဒယ်လ်နဲ့ ဖယ်ကီယာ ပွဲပယ်ခံထားရသလို၊ ဆိုစီဒက်မှာလည်း ဇူဘယ်လ်ဒီယာ ပွဲပယ်ထိထားတယ်။ ဒဏ်ရာပြဿနာတွေကြုံနေရတာချင်းမှာလည်း ဒီနှစ်သင်း သိပ် မကွာလှဘူး။ ဒါပေမဲ့ နောက်ပိုင်း ဒီနှစ်သင်းထိပ်တိုက်တွေ့တဲ့ အစဉ်အလာတွေမှာ ဆိုစီဒက် အသာရတာများနေပြီး ဒီရာသီ ခြေစွမ်းချင်းယှဉ်လိုက်ရင်လည်း ဆိုစီဒက်က ပိုငြိမ်ပါတယ်။ အဝေးကွင်းမှာလည်း ဆိုစီဒက်ရဲ့ကစားအားက ပိုကောင်းလေ့ရှိတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်လည်းရှိနေလို့ ဆိုစီဒက်တို့ ဒီပွဲကို အနိုင်ကစားမှာပါ။ ဂိုးလည်းများမယ်။

ဗီလာရီးယဲလ် - အက်စ်ပန်ညို (တနင်္ဂနွေည ၉:၃၀ နာရီ)

နည်းပြသစ် အဘယ်လာနိုလက်ထဲမှာ ပွဲဦးထွက် ဘာစီလိုနာကို သရေကစားနိုင်လိုက်လို့ အက်စ်ပန်ညို ယုံကြည်မှုအား ကောင်းလာနို်င်တယ်။ ဒါပေမဲ့ အဝေးကွင်းဖြစ်နေပြီး ခံစစ်ပိုင်း စိတ်မချရသေးတာမျိုးနဲ့တော့ ဗီလာရီးယဲလ်ကို အနိုင်ယူဖို့ ခက်ပါလိမ့်မယ်။ ဂိုးအများနဲ့ သရေပွဲဖြစ်သွားနိုင်ပါတယ်။

ဘီလ်ဘာအို - ဆယ်လ်တာဗီဂို (တနင်္ဂနွေည ၁၂:၀၀ နာရီ)

ခြေမှန်နေတဲ့ အိမ်ရှင် ဘီလ်ဘာအိုကို လက်ရှိ ဆယ်လ်တာဗီဂိုရဲ့ မတည်ငြိမ်တဲ့ခြေစွမ်းမျိုးနဲ့ ယှဉ်နိုင်ဖို့မရှိပါဘူး။ ဆယ်လ်တာဗီဂို နိုင်ပွဲရဖို့ ရုန်းကန်နေရချိန်မှာ ဒဏ်ရာပြဿနာတွေကလည်း အသင်းကို အခက်တွေ့နေစေတာ တွေ့ရတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။

ဘာစီလိုနာ - ဂရန်နာဒါ (တနင်္လာနံနက် ၂:၃၀ နာရီ)

ဘာစီလိုနာမှာတော့ နည်းပြ ဗယ်လ်ဗာဒီတစ်ယောက် စတေးခံလိုက်ရပါပြီ။ ဗယ်လ်ဗာဒီနေရာဝင်လာတဲ့ ဆယ်တီယန်နဲ့ ရှေ့ခရီး ဘယ်လိုလာမလဲပဲ ကြည့်ရတော့မယ်။ ပြီးခဲ့တဲ့ ရာသီက ဘက်တစ်ကိုတာဝန်ယူပြီး ဘာစီလိုနာ၊ ရီးယဲလ်နဲ့ အက်သလက်တီကိုအသင်းတွေကို အနိုင်ယူပြခဲ့ဖူးတဲ့ ဆယ်တီယန်လက်ထဲမှာ ဘာစီလိုနာ ဘယ်လောက်ထိပြောင်းလဲလာနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဆယ်တီယန်ရဲ့ ဆွဲဆောင်မှုရှိတဲ့ တိုက်စစ်အသားပေးကစားဟန်က ဘာစီလိုနာအတွက် အကြိုက်တွေ့စရာဖြစ်ခဲ့ပုံရတယ်။ အခုလည်း ကံ ကောင်းတာက ဆယ်တီယန်ရဲ့အဖွင့်ပွဲက အိမ်ကွင်းမှာဖြစ်နေ ပြီး ရင်ဆိုင်ရမှာက ဂရန်နာဒါလိုအသင်းဖြစ်နေလို့ ဆယ်တီယန် အစွမ်းပြနိုင်မယ့်အခွင့်အရေးမျိုး ရထားတယ်။ ဒါပေမဲ့ ဆွာရက်ဇ် မပါနိုင်တော့တဲ့ တိုက်စစ်ပိုင်းကို ဆယ်တီယန် ဘယ်လိုပုံစံမျိုးနဲ့ ပွဲထုတ်လာမလဲဆိုတာတော့ စောင့်ကြည့်ရဖို့ ရှိနေတယ်။ ဒီပွဲကတော့ ဆယ်တီယန်ရဲ့ အဖွင့်ပွဲလည်းဖြစ်လို့ ဘာစီလိုနာကိုပဲ ရွေးထားရမှာပါ။ ဂိုးလည်း များမယ်။

 

Most Read

Most Recent