ထိုင်းနိုင်ငံ၌ပြုလုပ်နေသည့် NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးပြီးစီးခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးအတွက် ဖြစ်နိုင်ခြေနည်းလမ်းများ ရှာဖွေနိုင်ခဲ့ဟုဆို

ထိုင်းနိုင်ငံ၌ပြုလုပ်နေသည့် NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးပြီးစီးခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးအတွက် ဖြစ်နိုင်ခြေနည်းလမ်းများ ရှာဖွေနိုင်ခဲ့ဟုဆို
ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအား တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအား တွေ့ရစဉ်
Published 17 January 2020

ထိုင်းနိုင်ငံတွင် ပြုလုပ်နေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေး ဇန်နဝါရီ ၁၆ ရက်က ပြီးစီးခဲ့ကြောင်း NCA- SEAO ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးအတွက် ဖြစ်နိုင်ခြေနည်းလမ်းများ ရှာဖွေနိုင်ခဲ့ကြောင်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက အစည်းအဝေးနိဂုံးချုပ် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခုအစည်းအဝေးတွင် ဖက်ဒရယ်အခြေခံမူများ၊ ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာလုပ်ငန်းစဉ် အဆင့်ဆင့်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အချိန်ဇယားများနှင့် အခြားအရေးပါသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ခဲ့ကြောင်းနှင့် လာမည့် PPST အစည်းအဝေးတွင် တင်ပြအစီရင်ခံမည့် ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြင်ဆင်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

“ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ ကမ္ဘာ့ရေးရာများကို သုံးသပ်ပြီး သဘောထားအမြင်တွေ ဖလှယ်နိုင်ခဲ့တယ်။ (၈) ကြိမ်မြောက် JICM အစည်းအဝေးမှာ ဆုံးဖြတ်ထားတဲ့အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးအတွက် ဖြစ်နိုင်ခြေနည်းလမ်းတွေကို ဝိုင်းဝန်းအဖြေရှာနိုင်ခဲ့ပြီး လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက်သွားဖို့ သဘောထား ချမှတ်နိုင်ခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့ပြင် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ၏ သဘောထားကြီးမှု၊ အမြော်အမြင်ကြီးမှု၊ ပြည်ထောင်စု အရေးအလေးထားမှု၊ အရေးကြီးက သွေးနီးမှု၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုတို့နှင့် တစ်နှစ်ကျော်ကြာ တစ်ဆို့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ဖွင့်လှစ်ပေးပြီးဖြစ်၍ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဦးတည်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို လျာထားသည့်အချိန်ကာလအတွင်း ကျင်းပနိုင်ရေးသည် မိမိတို့ညှိနှိုင်းရေးအဖွဲ့၏ စွမ်းဆောင်ချက်၊ အရည်အသွေးပေါ်တွင်များစွာ မူတည်ပြီး မိမိတို့၏ညှိနှိုင်းရေး စွမ်းရည်ပေါ်များစွာ ဆက်စပ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ကြောင့် တစ်ဖက် ဆွေးနွေးဖော် ဆွေးနွေးဖက်နှင့် ဆွေးနွေးညှိနှိုင်းသည့်အခါ နှစ်ဖက်လုံး အနိုင်ရသည့်ရလဒ်မျိုး၊ အားလုံးပြုံးရွှင် ကျေနပ်နိုင်လောက်သည့် ရလဒ်မျိုးရရှိရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းကြောင်း၊ မလျှော့မတင်း စောင်းကြိုးညှင်းဆိုသည့် နည်းလမ်းအတိုင်း ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့အတူ NCA စာချုပ်ပါပြဋ္ဌာန်းချက်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းချီတက်ပြီး အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမည်ဖြစ်ကြောင်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

 

Most Read

Most Recent