ကိုယ့်မြို့

ကိုယ့်မြို့
Photo: MOI
Photo: MOI
Published 17 January 2020
မြတ်လှိုင်း

(၁)

တိုးမြစ်ကမ်းပါးပေါ်က သောင်ပြင်ပေါ်မှာ နှင်းရည်စိမ်အရက်တစ်ပိုင်းနဲ့ မုန်တိုင်းထန်ခဲ့ဖူးတယ်။

ကိုယ့်မြို့လေးကို မခွဲခွာချင်ဘဲ ခွဲခွာထားခဲ့ဖူးတယ်။ ကိုယ့်မြို့ကိုခွဲခွာပြီးနောက် အင်မတန်ကြမ်းတမ်းတဲ့ လောကလမ်းပေါ်ကို လျှောက်လှမ်းနေခဲ့တယ်။ ညနေချိန်တွေမှာ မြို့လေးရဲ့ အေးချမ်းတဲ့ ညနေချိန်တွေကို ပြန်လွမ်းနေမိတယ်။ မြို့လေးရဲ့ ညနေချိန်တွေမှာ သူငယ်ချင်းတွေနဲ့ မြို့တစ်ပတ် စက်ဘီးစီးကြတယ်။ အဲဒီအချိန်တွေမှာ ဘာမှအပူအပင် မရှိခဲ့ကြ။ လွတ်လပ်ပျော်ရွှင်တဲ့ ငယ်စဉ် ကျောင်းသားဘဝတွေကို ပြန်တွေးမိတိုင်း ကိုယ်မြို့လေးကို ပြန်ချင်စိတ်တွေ ထိန်းမရနိုင်အောင် လွမ်းခဲ့ဖူးတယ်။

ကျောင်းသားဘဝတစ်ပိုင်း အလုပ်တစ်ပိုင်း အချိန်တွေကျတော့လည်း ကဗျာစာပိုး ဝင်လာပြီး ညနေအလုပ်ဆင်းချိန်ကျ သောင်တန်းပေါ်က အကြော်ဆိုင်လေးမှာ မူးယစ်ရီ ဝေခဲ့ကြဖူးတာကိုလည်း ပြန်ပြန်လွမ်းနေမိတယ်။ ကဗျာတွေ စာတွေရွတ်ခဲ့ကြ၊ ခေတ်ကြီးဆီကို လှမ်းနေတဲ့ခြေလှမ်းတွေ ဒယီးဒယိုင်နဲ့ပေါ့။ ဒါပေမဲ့ သေချာတစ်ခုကတော့ ငါတို့ အဘိဓမ္မာ မမူးခဲ့ကြဘူး။

အဲဒီညတွေ၊ မူးယစ်ရီဝေခဲ့တဲ့ ကာရန်များစွာ

ခြေထောက်တွေ ယိမ်းထိုးလှုပ်ခတ်၊ အနာဂတ်ကို စိတ်ကူး

ဒါပေမဲ့  ငါတို့အဘိဓမ္မာ မမူးခဲ့။

စာပေကိုလား၊ ခေတ်ကိုလား ငါတို့ ခပ်ကြမ်းကြမ်း ဝေဖန်မှုတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်။ စာပေကို ဝေဖန်ခဲ့တယ်ဆိုပေမဲ့ စာပေ ကင်ပေတိုင်ဆိုတဲ့ အန္တရာယ်ထောင်ချောက်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရတာတွေ၊ အဲဒီထောင်ချောက်ကို လိမ္မာပါးနပ်စွာ ကျော်ဖြတ်အောင်မြင်ခဲ့တာတွေကို ပြောဆိုဝေဖန်ခဲ့ကြတာလို့ ပြောရမှာပါပဲ။ ခေတ်ကို ဝေဖန်တိုက်ခိုက်ခဲ့ကြတာကို ပြန်တွေးမိလိုက်တော့၊ ငါတို့ ဘာကို မကျေနပ်ခဲ့ကြတာလဲ။ အဲဒီခေတ်နဲ့ အခုလက်ရှိခေတ်ကို ယှဉ်ကြည့်လိုက်ရင် အခုခေတ်ကာလက ပိုဆိုးနေတယ် မဟုတ်လား။ ကိုယ့်မြို့လေးက ပါတီလူကြီးဆိုတဲ့လူတွေက စက်ဘီးလေးတွေ စီးပြီး ရုံးတက်ခဲ့ကြတာကို ပြန်မြင်ယောင်နေမိတယ်။ ကိုယ့်မြို့လေးမှာ ဆိုင်ကယ်လေး ငါးစီးလောက်ရှိတာ။ ဒါဆို ဘာကိုမကျေနပ်ခဲ့တာလဲ။ ခေတ်ကြီးက တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး လူတွေရဲ့ စီးပွားရေးတွေ ပိုကျပ်တည်းလာတယ်လေ။ နောက်ပြီး အာဏာရှင်ကြီးနဲ့ သူ့မိသားစုတွေက တိုင်းပြည်ကို ခါးပိုက်ထဲ ထည့်ထားပြီး လုပ်ချင်သလို လုပ်နေတာကို  မကျေနပ်လို့ မဟုတ်လား။

ပြောမယ်ဆို ကိုယ့်မြို့လေးရဲ့ ညနေခင်းတွေက အခုကာလထက် ပိုအေးချမ်းခဲ့တယ်။ ညဘက်ဆိုရင်လည်း မြစ်ကမ်းနံဘေးမှာ သာသာယာယာပါပဲ။ ဆောင်းကာလ မြစ်ရေပြင်ကတော့ ညအမှောင်ထဲမှာ ကြည်ပြာရောင် လှိုင်းကြက်ခွပ်လေးတွေ ကနေကြတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း ညတွေကို စီးမျောခဲ့ကြတယ်။

(၂)

တိုင်းပြည်ကို မျက်လှည့်ပြနေတဲ့လောင်း ကစားသမားကြီးကို မကျေနပ်ခဲ့တာက စပြီး  ခေတ်ပြောင်းတော်လှန်ရေးကို လူငယ်စိတ်နဲ့ နိုးကြွလာအောင်လည်း လက်ဝဲစာပေတွေက လှုံ့ဆော်ပေးခဲ့တယ်လေ။ အဲဒီမှာခေတ် ပြောင်းတော်လှန်ရေးကို စွန့်စားပြီး တိုက်ခိုက်လိုက်ကြတယ်။ ကျွန်တော်တို့ရဲ့ ခေတ်ပြောင်း တော်လှန်ရေးကြီးက အောင်မြင်ခဲ့သလား ဆိုတာကိုတော့ ကိုယ့်မြို့လေးကို စွန့်ခွာခဲ့ရတဲ့ လူတစ်ယောက်က ခဏခဏ ပြန်တွေးနေမိတယ်။ သေချာတာကတော့ ကိုယ့်မြို့လေးရဲ့ သာယာအေးချမ်းတဲ့ ညနေခင်း စက်ဘီးစီးသံတွေ ပျောက်ဆုံးသွားခဲ့တယ်။

ကိုယ့်မြို့လေးကို လွမ်းပြီး လျှို့ဝှက်စွာ ပြန်ခဲ့ရတယ်။ အင်မတန်အန္တရာယ်များတဲ့ အခြေအနေကို စွန့်စွန့်စားစားနဲ့ ပြန်ခဲ့တာတွေကို ပြန်တွေးနေမိတယ်။ ညဆိုတဲ့ အချိန်ကာလကလည်း အကန့်သတ်ခံထားရတယ်။ ခြောက်ကပ်နေတဲ့ ညနေခင်းတွေကို ခိုးပြီးကြည့်နေရတယ်။ တိတ်ဆိတ်နေတဲ့ ညသောင်ပြင်ကို တစ္ဆေတစ်ကောင်လို ရိပ်ခနဲ ဖြတ်သန်းခဲ့ရတယ်။ ကိုယ့်မြို့လေးဟာ တိုက်ပွဲမှာ ဒဏ်ရာတွေနဲ့ ပြန်လူးလဲထပြီး ရှင်သန်နေသလိုပါပဲ။ ကိုယ့်မြို့လေးက စစ်ဖိနပ်တွေအောက်မှာ နင်းချေခံလိုက်ရတာကို ရင်နာနာနဲ့ကြည့်ပြီး ပြန်ခဲ့ရတယ်။

ကိုယ့်မြို့လေးက အပြန်ခရီးမှာ ရင်နာကြေကွဲခဲ့ရပေမဲ့ ကိုယ်တို့ နှိုးဆွပေးခဲ့တဲ့ တော်လှန်ရေးစိတ်ဓာတ်တွေ မပျောက်ဆုံးပါစေနဲ့လို့ ဆုတောင်းခဲ့မိတယ်။

ဟေ့

မကြွေကြနဲ့ဦး

ဆောင်းတွေ တစ်ဆောင်းပြီး တစ်ဆောင်း ကြွေသလို၊  မကြွေနဲ့ဦး

တစ်ခါတလေတော့လည်း အလွမ်းနဲ့ ငေးကြည့်နေမိတယ်။

တဖြည်းဖြည်းနဲ့ ပိုပိုဝေးကျန်ခဲ့ရတဲ့ ကိုယ့်မြို့လေးက သတင်းတွေ လွင့်မျောလာတတ်တယ်။ သတင်းတွေက မီးခိုးတိုင်ပေါ်မှာ တလူလူ လွင့်ပျောက်နေခဲ့ရတယ်။ အမှောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ ကြယ်တွေ ကြွေကျနေပါလား။ မကြွေသင့်ဘဲ ကြွေသွားတဲ့ကြယ်တွေ၊ ဘာကြောင့် ကြွေသွားရတာလဲ။ အတွေးထဲမှာ မီးတောက်လာတယ်။ မကျေနပ်ခြင်းတွေကတော့ မီးတောင် သေတစ်ခု ဖြစ်သွားရပါလား။ ကိုယ့်မြို့လေးကိုလွမ်းပြီး ငေးကြည့်နေရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။

(၃)

ဒီလိုနဲ့ ညလိုအမှောင်ထဲ တရွေ့ရွေ့နဲ့ ရွေ့လျားနေရာကနေ ပိုပြီး မှောင်မည်းတဲ့ လှောင်အိမ်ထဲကို ရောက်သွားခဲ့ရတယ်။ ခေတ်အမှောင်ကာလကြီး ရှည်လျားသလို ဘာမှမမြင်ရတဲ့ ညတွေကလည်း အရပ်ရှည်ခဲ့တယ်။ ခေတ်ရာသီဥတုဆိုးတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးတဲ့နောက် အမှောင်ညတွေမှာ ညတိုင်း လွမ်းမောတမ်းတခဲ့ရတဲ့ ကိုယ့်မြို့လေးကို ပြန်ချိန်ရောက်လာခဲ့တယ်။ မျှော်လင့်ခြင်းတွေကို ကျောပိုးအိတ်ထဲ အပြည့်ထည့်ပြီး ကိုယ့်မြို့လေးဆီကို “ ငါပြန်လာမယ့် လမ်းကလေးရေ… လေကြမ်းတွေနဲ့ ဆီးကြိုပြီး…ငါ့ရဲ့ဆံပင်တွေကို နမ်းစမ်းပါကွဲ့” လို့ သီချင်းဆိုပြီး ပြန်လာခဲ့တယ်။

အရင်ဆုံး တွေ့လိုက်ရတာက မြစ်ကို ကျော်ဖြတ်တဲ့ တံတားရှည်ရှည်ကြီးပါပဲ။ ကိုယ်မျှော်လင့်ခဲ့သလို လေကြမ်းတွေအစား လေစိမ်းတွေက ဆီးကြိုနေတာ ခံစားမိလိုက်တယ်။ နောက် ကိုယ့်မြို့လေးက အရပ်ရှည်လာပြီး ဝဖိုင့်ဖိုင့်ဖြစ်နေတယ်။ တွေးလိုက်မိတာက ဖောသွပ် ယောင်ကိုင်းနေလေသလား။  ဒါမှမဟုတ် ဘွန်ဆိုင်းပင်လို သက်ကြီးပု ဖြစ်နေတာလား။ တွေးနေရင်းနဲ့ အတွေးတွေ ရှုပ်ထွေးလာကြတယ်။ ပိုပြီး ဝမ်းနည်းစရာ ကောင်းတဲ့ ညတစ်ခုကို ထာဝရ ပိုင်ဆိုင်လိုက် ရပြီ။

ခပ်ကြမ်းကြမ်း လွမ်းတဲ့နေ့တွေကို နမ်းပစ်မယ်လို့ ထင်ထားခဲ့ပေမဲ့

အမေ့မျက်ရည်တွေကို သင်္ဂြိုဟ်လိုက်တာ  ငါ မသိဘူး

အမှောင်တံခါးဟာ လရောင်မရှိတော့

ငါ ကြေကြေကွဲကွဲငေးကြည့်နေရ

အတွေးထဲမှာ မီးခိုးတွေ လွင့်ပျံတက် သွားတယ်။

ကိုယ့်မြို့လေးမှာ အပြီးတိုင် နေသွားတော့မယ်ဆိုတဲ့ အတ္တအလံတော်က ကျိုးပျက်သွားပြီ။ ကိုယ်အမြဲ ပြန်ဖို့ချဉ်ခြင်းတပ်ခဲ့မိတဲ့ အိမ်အပြန်လမ်းဟာ တံခါးအပြီး ပိတ်လိုက်ရတယ်။ ဒီလိုနဲ့ ကိုယ့်မြို့လေးကနေ ဒုတိယမြောက် ခွဲခွာထားခဲ့ရတယ်။ ခက်ခဲကြမ်းတမ်းတဲ့ လမ်းမတွေပေါ်မှာ ခြေချခဲ့တယ်။ ဦးတည်ရာမဲ့ လေလွင့်တိမ်ဟာ ကိုယ်ပေါ့။ ဒီလိုနဲ့ နှစ်တွေ ကြီးလာခဲ့ကြတယ်။ အထီးကျန်သစ်ပင် တစ်ပင်က ရာသီလွန်နေ့စွဲတွေ ပိုင်လာခဲ့ပြီး ကိုယ်မပြန်ချင်တော့တဲ့ ကိုယ့်မြို့လေးကို ပြန်ရောက်လာခဲ့ရပြန်တယ်။

မြစ်ကိုဖြတ်ကျော်တဲ့ မြစ်ကူးတံတားကြီး အလွန်မှာ ခေတ်ပြောင်းတစ်ခုကို မြင်တွေ့လိုက်ရပြီ။ ကိုယ့်မြို့လေးရေ။ နာမကျန်းနှင်းဆီရဲ့ ညှိုးနွမ်းပန်းလျနေမှုကို ခွင့်လွှတ်ပါတော့။ ကိုယ့်မြို့လေးက တည်ရှိနေဆဲခေတ်ကြီးလို ကတိမတည်မှုတွေ ပြည့်နေတယ်။ ရပ်တည်ချက်မဲ့ အချောင်သမားတွေ စင်မြင့်ပေါ် ရောက်နေကြတာကို တအံ့တသြ မြင်လိုက်ရတယ်။ တစ်ချိန်က မြို့လေးရဲ့ အေးချမ်းသာယာတဲ့ ညနေခင်းတွေကို ရှုပ်ထွေးတဲ့ ကားသံတွေ၊ ဆိုင်ကယ်အိတ်ဇောငွေ့တွေက ဖျောက်ပစ်လိုက်ပြီ။ သင်ညာသာ ပေးနိုင်တဲ့ ပညာမဲ့ ရပ်တည်နေတဲ့ တက္ကသိုလ်ကြီးတွေက မြို့လေးရဲ့အပြင်မှာ ထီးတည်းကြီးရပ်လို့။  စာကြည့်တိုက်တွေလည်း သော့ခတ်ထားလို့။

တစ်ချိန်တုန်းက အရက်သာသောက်တတ်တဲ့ မြို့လေးက မူးယစ်ဆေးဝါးတွေ ပေါပေါများများ စားသုံးနေကြတယ်။ နောက်ဆုံးမှာတော့ ခေတ်ပြောင်းတော်လှန်ရေးကြီးထဲက လူတွေ၊ သစ္စာဖောက်လောက်ကောင် ဖြစ်သွားခဲ့ပေမဲ့ နိုင်ငံရေးအစဉ်လာကြီးမားသူ တစ်ယောက်ရဲ့ မျက်နှာဖုံးတပ်ပြီး မြို့လယ်ကောင်မှာ ဟန်ရေးပြနေပြီ။ ကိုယ့်မြို့လေးမှာ စစ်ဗိုလ်တွေလောက်ပဲ မှတ်တမ်းတင်နေတဲ့ မြို့။ ကိုယ်တို့လို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လူရာမသွင်းချင်ကြတဲ့မြို့။

ဘာပဲဖြစ်ဖြစ် ကိုယ့်မြို့လေးကတော့ ဘွန်ဆိုင်းလို ဦးနှောက်မဲ့ ရှင်သန်ကြီးပြင်းနေရတာကို ဝမ်းနည်းကြေကွဲစွာ လက်ခံလိုက်ရတော့တယ်။

ကဗျာဆရာ နရီမင်းရေးသလို “ အဆိုးဆုံးက၊ ငါ့မြို့ဟာ ငါ့ကို မရလိုက်သလို၊ ငါဟာလည်း ငါ့မြို့ကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေ” ။

ဒါပါပဲ ကိုယ့်မြို့လေးရေ။

 

Most Read

Most Recent