အမေရိကန်သမ္မတက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမေရိကန်သို့လာရောက်ရန် သီးသန့်(Bilateral) ဖိတ်ကြားခြင်းမဟုတ်ဘဲ အာဆီယံ-အမေရိကန် အစည်းအဝေး တက်ရောက်ရန် ဒေသတွင်း ခေါင်းဆောင်များနှင့်အတူ ဖိတ်ကြားခြင်းဖြစ်

အမေရိကန်သမ္မတက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမေရိကန်သို့လာရောက်ရန် သီးသန့်(Bilateral) ဖိတ်ကြားခြင်းမဟုတ်ဘဲ အာဆီယံ-အမေရိကန် အစည်းအဝေး တက်ရောက်ရန် ဒေသတွင်း ခေါင်းဆောင်များနှင့်အတူ ဖိတ်ကြားခြင်းဖြစ်
Published 15 January 2020
ကျော်ဇင်ဝင်း

အမေရိကန်သမ္မတထရန့်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသို့ လာရောက်ရန် သီးသန့်(Bilateral)ဖိတ်ကြားခြင်းမဟုတ်ဘဲ အာဆီယံ-အမေရိကန်အစည်းအဝေးတက်ရောက်ရန်ဒေသတွင်းခေါင်းဆောင်များနှင့်အတူ ဖိတ်ကြားခြင်းသာဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

BBC သတင်းဌာနက ဇန်နဝါရီ ၁၂ ရက်တွင် “ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် သမ္မတထရမ့်ဖိတ်ကြား’’ ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ပြီး အဆိုပါသတင်းဖော်ပြချက်အရ အမေရိကန်သမ္မတက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရေးခရီး ဖိတ်ကြားသည့်သဘော အများပြည်သူများအကြား ပြောဆိုမှုများ ရှိနေသည်။

အဆိုပါသတင်းဖော်ပြမှုတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အကြီး စကော့မာစီရယ်လ်၏ပြောကြားချက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်ကိုတို့၏ပြောကြားချက်များကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၈ ရက်က ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနတွင် ပြုလုပ်သည့် မြန်မာ -အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်သည့် အထူးဟောပြောချက်တွင် အမေရိကန်သံအမတ်ကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဖိတ်ကြားခဲ့မှုနှင့်ပတ်သက်၍  ပြောကြားခဲ့ခြင်းဖြစ်ကြောင်း BBC သတင်းဌာနကဖော်ပြခဲ့သည်။

ပုံစာ - ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်သည့် ၅ ကြိမ်မြောက် အာဆီယံ-အမေရိကန် အစည်းအဝေး မြင်ကွင်းများ (ဓာတ်ပုံ - ကျော်ဇောလင်း)

"လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ ခေါင်းဆောင်တစ်ဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့သမ္မတထရန့်က ဖိတ်ကြားထားပါတယ်။ ဒီနှစ်ကျင်းပမယ့် အာဆီယံ- အမေရိကန်ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့အတွက်ပါ။ တစ်ချိန် တည်းမှာပဲ မြန်မာနိုင်ငံအတွက် သိသာထင်ရှားတဲ့ အကူအညီအထောက်အပံ့တွေ ပေးအပ်ဖို့ လျာထားတာကိုလည်း ကြေညာသွားဖို့ရှိပါတယ်။ မြန်မာ ပြည်သူတွေအတွက် ဒီမိုကရေစီရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရခိုင် အရေး စတဲ့ကဏ္ဍတွေမှာ ကူညီပံ့ပိုးပေးဖို့အတွက်ပါ" ဟု သံအမတ်ကြီး စကော့မာစီရယ်လ်က ပြောကြားသည်။

ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်ဦးအောင်ကိုက အမေရိကန်သမ္မတအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား   အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြားထားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။

"ဖိတ်ထားတယ်ဆိုတာ သမ္မတ ထရန့်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်တွေ အကုန်လုံးကို မတ်လထဲမှာ အမေရိကန် အာဆီယံထိပ်သီးအစည်းအဝေး အမေရိကမှာလုပ်ဖို့ဖိတ်ထားတာရှိပါတယ်။ တက်ရောက်ဖို့ရှိ မရှိကတော့အာဆီယံ ၁၀ နိုင်ငံရဲ့ ခေါင်းဆောင်တွေအားလုံးရဲ့ ဘုံသဘောထားပေါ်မူတည်ပါတယ်။ အများတက်မယ်ဆိုရင်တော့ ကျွန်တော်တို့လည်းတက်မှာပါ။ ၁၀ နိုင်ငံလုံးအဆင်ပြေရင်တော့ တက်မှာပါ။ အာဆီယံအစည်းအဝေးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး တက်တာဆိုတော့လေ။ နိုင်ငံ့အကြီးအကဲတွေကို ဖိတ်ထားတာတော့ရှိပါတယ်။ ဒါက နှစ်နိုင်ငံ Bilateral visit တော့ မဟုတ်ဘူးပေါ့" ဟု နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်ကိုက BBC သတင်းဌာနကိုပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ သီးခြား အတည်ပြုချက် ရရှိရန် The Daily Eleven သတင်းစာက ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများထံ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်မွန်းလွဲပိုင်းအထိ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိပေ။

ဒေါ်နယ်ထရန့်အနေဖြင့် အမေရိကန်သမ္မတ ဖြစ်လာပြီးနောက်ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲ သုံးကြိမ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့သာ တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြုလုပ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတထရန့် တက်ရောက်ခဲ့ခြင်း မရှိပေ။

လက်ရှိတွင် အမေရိကန်နိုင်ငံ၌ပြုလုပ်မည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးသို့ အာဆီယံဒေသတွင်း ခေါင်းဆောင်များ တက်ရောက်ခြင်းရှိ မရှိ အတည်ပြုချက်ဆုံးချက်များ ထွက်ပေါ်လာခြင်းမရှိသေးသည့်အပြင် အာဆီယံနှင့် အမေရိကန်ဘက်မှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားသည်ကို မတွေ့ရသေးပေ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ ကျင်းပနေစဉ်ကာလဖြစ်သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက်က ၁၀ ကြိမ်မြောက် အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေးပွဲကို  ပြုလုပ်ခဲ့သည်။

 ယင်းဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံဘက် အမျိုးသားလုံခြုံရေးအကြံပေး အိုဘရီယန်သာတက်ရောက်ခဲ့သဖြင့် အာဆီယံဘက်မှလည်း ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် လာအိုဝန်ကြီးချုပ်တို့တက်ရောက်ပြီး မြန််မာနိုင်ငံ မှအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီး  ဦးကျော်တင်အပါအဝင် ကျန်အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသာတက်ရောက်ခဲ့သည်။

ထို့ပြင် အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံရာ၌ အိုဘရီယန်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အာဆီယံခေါင်းဆောင်များထံ ပေးပို့လိုက်သည့် စာတစ်စောင်အား ဖတ်ကြားခဲ့ပြီး ယင်းစာတွင် တိကျသော အချိန်သတ်မှတ်ချက်ထွက်ပေါ်ခြင်းမရှိသေးသော်လည်း ၂၀၂၁ ခုနှစ် အစောပိုင်းလများအတွင်း  အာဆီယံခေါင်းဆောင်များအား အမေရိကန်နိုင်ငံသို့ဖိတ်ခေါ်ပြီး  အထူးအစည်းအဝေးပွဲတစ်ရပ်ကိုကျင်းပရန် ရည်ရွယ်ထားမှုကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲမှာ အာဆီယံနှင့် အမေရိကန်ကြားရှိ သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုးစီးပွားကိုရှေးရှုလုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ထရန့်၏ပြောကြားချက်ကို အိုဘရီယန်က ပြန်လည်ပြောကြားခဲ့သည်။

၃၅ ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့်ဆက်စပ်အစညု်းအဝေးပွဲများသို့ အမေရိကန်ကိုယ်စားလှယ်အချို့တက်ရောက်ခဲ့သော်လည်း သမ္မတ ဒေါ်နယ်ထရန့်မှာ တက်ရောက်ခြင်းမရှိခဲ့သည့်အပြင်စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင်တက်ရောက်ခဲ့သော အမေရိကန်ဒုသမ္မတမိုက်ပန့်စ်သည်လည်းမတက်ရောက်ခဲ့ပေ။

ထို့ပြင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်း ထိုင်းနိုင်ငံသို့လာရောက်ခြင်းမရှိခဲ့သည့်အတွက် အာဆီယံနှင့်အမေရိကန်အကြား စီးပွားရေးနှင့်နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင်ပူးပေါင်းဆောင်ရွက်မှု၌ အလားအလာကောင်းနှင့်ရလဒ်ကောင်းများမရရှိနိုင်ဟု ထိုစဉ်ကသုံးသပ်မှုများထွက်ပေါ်ခဲ့သည်။

Most Read

Most Recent