ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းနှစ်ရပ်ကို ဇန်နဝါရီ ၂၃ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့မည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းနှစ်ရပ်ကို ဇန်နဝါရီ ၂၃ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့မည်
ဇန်နဝါရီ ၁၄ ရက်က ပြည်ထောင်စုလွှတ်တော် (D) ဆောင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပစဉ်
ဇန်နဝါရီ ၁၄ ရက်က ပြည်ထောင်စုလွှတ်တော် (D) ဆောင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပစဉ်
Published 14 January 2020
အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းအခန်းပါ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)၊ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) နှင့်အညီ ပြုစုထားသည့် ဥပဒေမူကြမ်း နှစ်ရပ်ကို လာမည့် ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်မည့် ပူးပေါင်းကော်မတီအစည်းအဝေး၌ အတည်ပြုမည်ဖြစ်ပြီး ဇန်နဝါ ရီ ၂၃ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ က လက်မှတ်ရေးထိုးကာ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့သွားမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  ပြင်ဆင်ရေး ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ပြောကြားသည်။

ဇန်နဝါရီ ၁၄ ရက်က ပြည်ထောင်စုလွှတ်တော် (D) ဆောင်တွင် ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၂/ ၂၀၂၀) အပြီးတွင် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ဒေါက်တာမြတ်ဉာဏစိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးကိုတော့ လာမယ့် တနင်္လာနေ့မှာ (၃/၂၀၂၀) အစည်းအဝေးပေါ့။ တနင်္လာနေ့မှာ ခေါ်ပြီးတဲ့အခါကျတော့ အဲဒီနေ့မှာတော့ အတည်ပြုရုံပါပဲ။ ဒီဥပဒေကြမ်းနှစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း အခန်းပါ ၄၃၆ ပုဒ်မခွဲ (က)၊ ၄၃၆ ပုဒ်မခွဲ(ခ)နဲ့အညီ ပြုစုထားတဲ့ ဥပဒေမူကြမ်း နှစ်ရပ်ကို ပူးပေါင်းကော်မတီအနေနဲ့ အတည်ပြုပါမယ်။ ပြီးတဲ့အခါကျရင်တော့ ဒီအထဲမှာပါဝင်တဲ့ ကော်မတီဝင်တွေကတော့ အဓိကပေါ့။ ပြီးတဲ့အခါကျတော့ ရာခိုင်နှုန်း ၂၀ ပြည့်မီအောင် အားလုံး လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ ဥက္ကဋ္ဌကြီးကလည်း နိုင်ငံရေးပါတီ အသီးသီးကို ဖိတ်ကြားပြီး ဖြစ်ပါတယ်။ ဘယ်နေ့မှာ လက်မှတ်ရေးထိုးမလဲ ဆိုတော့ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီးတော့ အဲဒီ ၂၃ ရက်နေ့မှာပဲ လွှတ်တော် နာယကကြီးဆီကို ပေးပို့သွားမှာ ဖြစ်ပါတယ်၊ ညွှန်ကြားရေးမှူးချုပ် ကနေတစ်ဆင့်ဆိုတဲ့ အခါကျတော့ အားလုံးသိတဲ့အတိုင်းပဲ ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးက ၂၇ ရက်နေ့မှာ စမယ်။ စတဲ့နေ့မှာကို ဒီဥပဒေကြမ်း နှစ်ရပ်ဟာ လွှတ်တော်ကို ရောက်နေမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ထို့ပြင် ပူးပေါင်းကော်မတီဥက္ကဋ္ဌ လက်မှတ်ရေးထိုးထားသည့် ဖိုင်များကို အတွင်းရေးမှူးအဖွဲ့နှင့် ရုံးအဖွဲ့က သေချာပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်းနှင့် အချို့သော ပုဒ်မများကို စကားရပ်အစားထိုးခြင်း၊ အချို့သော ပုဒ်မများကို ပယ်ဖျက်ခြင်းနှင့် အချို့သော ပုဒ်မများကို ပြင်ဆင်ခြင်းများ ရှိခြင်းကြောင့် အမှားအယွင်း မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းရပ်တွေ အားလုံးပြီးပါပြီ။ အဲဒီတော့ ရှေ့ကနေပြီးတော့ ဆန္ဒပြုပြီးတော့ ဆုံးဖြတ်ခဲ့တဲ့ အချက်တွေကလည်း အရင်နေ့တွေတုန်းက ပြောခဲ့သလိုပါပဲ။ အတွင်းရေးမှူးအဖွဲ့နဲ့ ရုံးအဖွဲ့နဲ့က နေ့တိုင်းနေ့တိုင်း ဒါတွေကို ပုဒ်မ ၄၃၆(က)နဲ့ ဆိုင်တဲ့ ပုဒ်မတွေ၊ နောက်တစ်ခါ  ၄၃၆(ခ)နဲ့ ဆိုင်တဲ့ ပုဒ်မတွေ၊ ဒီလိုခွဲခြားပြီးတော့ ပြုစုထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကို ပြန်ပြီးတော့ Check လုပ်ရုံပဲ ရှိပါတော့တယ်။ ဥပဒေမူကြမ်းနှစ်ရပ်ဟာ ပြီးနေပါပြီ။ ဒါကိုပြန်ပြီးတော့ နေ့စဉ် မဲခွဲထားတဲ့ မှတ်တမ်းတွေကို ပူးပေါင်းကော်မတီရဲ့ ဥက္ကဋ္ဌကြီးက တစ်ရွက်ချင်းစီအပေါ်မှာ လက်မှတ်ရေးထိုးထားပါတယ်။  လက်မှတ်ရေးထိုးပြီးတော့ သိမ်းဆည်းထားတဲ့ ဖိုင်ရှိပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

၄၅ ဦးကော်မတီတွင် တိုင်းရင်းသားများ၏ အသံများကို အတိုင်းအတာ တစ်ခုအထိ ဖော်ပြခွင့်ရခဲ့သလားဆိုသည့် မီဒီယာများ၏ မေးမြန်းမှုနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ရရှိသည်ဟု ယူဆကြောင်း ပူးပေါင်းကော်မတီအဖွဲ့ဝင်ဖြစ်သူ တအာင်း (ပလောင်) အမျိုးသားပါတီ၏ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းအုဏ်းခိုင်က မှတ်ချက်ပြုသည်။

“ကျွန်တော့်အနေနဲ့ကတော့ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်လာတဲ့ အတိုင်းအတာအထိတော့ ရတယ်လို့ပဲ ယူဆပါတယ်။ အခု ကျွန်တော်တို့ ပြင်ဆင်တဲ့ အတိုင်းအတာကတော့ ကျွန်တော်တို့အနေနဲ့ ကတော့ ဒါအတိုင်းအတာတစ်ခုအထိတော့ ရလာတယ်လို့တော့ မျှော်မှန်းတာပေါ့။ ဒီကိစ္စကလည်း လွှတ်တော်ထဲမှာ အများကြီး ဆွေးနွေးရဦးမယ်။ ကျန်ပါသေးတယ်” ဟု ဦးမိုင်းအုဏ်းခိုင်က ပြန်လည်ဖြေကြားသည်။

Most Read

Most Recent