အခြေခံ လူ့အခွင့်အရေးနှင့် ဆင်းရဲမွဲတေမှု

အခြေခံ လူ့အခွင့်အရေးနှင့် ဆင်းရဲမွဲတေမှု
Published 13 January 2020

ကမ္ဘာ့ဒီမိုကရေစီ အင်စတီကျူးရှင်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဆင်းရဲမွဲတေမှုသည် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဆင်းရဲမွဲတေလျက် နေထိုင်နေကြရသည့် ကမ္ဘာတစ်လွှားမှ လူသန်းပေါင်း များစွာတို့သည် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများဖြစ်သည်။ ကင်ညာနှင့် ကမ္ဘောဒီးယား ကဲ့သို့သော နိုင်ငံများတွင် မိသားစု ထောင်ပေါင်းများစွာသည် ဆင်းရဲမွဲတေလျက်ရှိသော အခြေအနေရပ်များ၌ နေထိုင်ရန် အတင်းအကျပ်ပြုခံရပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၎င်းတို့နှင့် ညှိနှိုင်းခြင်း မပြုဘဲ နေထိုင်ရာနေရာမှ ချက်ချင်းဖယ်ရှားခံရမည့် ခြိမ်းခြောက်မှုနှင့် အဆက်မပြတ် ရင်ဆိုင်နေရသည်။ အစ္စရေးက ကာဖျူးမိန့်များ ထုတ်ပြန်ခြင်းနှင့် လမ်းများကို ပိတ်ဆို့ထားခြင်းတို့ကြောင့် ပါလက်စတိုင်းကလေးများ ကျောင်းမသွားရသည့် အနေအထားမျိုးနှင့်လည်း ရင်ဆိုင်ရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အတင်းအဓမ္မ အိမ်ထောင်ချထားခြင်း ခံရပြီး မိခင်တစ်ဦးအား စောင့်ရှောက်မှု အခြေခံ စံနှုန်းများ ပေးမထားသည့် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများစွာတို့ ကလေးမွေးဖွားစဉ် သေဆုံးကြရသည်။ ၎င်းတို့အားလုံးသည် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများ ဖြစ်သည်။

ဆင်းရဲမွဲတေလျက် နေထိုင်နေရခြင်းသည် ရုပ်ဝတ္ထုပစ္စည်း ချို့တဲ့ခြင်းထက် ပိုမိုဆိုးရွားသော အရာဖြစ်သည်။ ဆင်းရဲမွဲတေသူများသည် ၀ိုင်းပယ်ခံရခြင်း၊ ၎င်းတို့၏ဘဝအပေါ် သက်ရောက်မည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ပါဝင်သြဇာ သက်ရောက်ခွင့် မရခြင်းတို့ဖြင့် လူ့အခွင့်အရေးများ ဆုံးရှုံးလျက်ရှိသည်။ ဥပမာအားဖြင့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ဒေသခံ အာဏာပိုင်များက အိမ်ရာဆောက်လုပ်မည့် ကုမ္ပဏီများကို မြေနေရာ ရောင်းချလိုသောကြောင့် လူပေါင်း ၇,၀၀၀ ကျော်ကို ၎င်းတို့နေထိုင်ရာနေရာမှ အတင်းအဓမ္မ ဖယ်ရှားရန် ကြိုးပမ်းမှုအား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဝင်ရောက် ကန့်ကွက်ခဲ့သည်။ ညဉ့်သန်းခေါင်ယံအချိန်၌ လူများကို နေအိမ်များမှ အတင်းမောင်းထုတ်ကာ အိမ်များကို ဘူဒိုဇာများဖြင့် ဖျက်ဆီးခြင်း ပြုလုပ်ကြသည်။ ယင်းကဲ့သို့ ပြုလုပ်စဉ် ပြုလုပ်သူများကို ရဲတပ်ဖွဲ့က အသင့်အနေအထားဖြင့် နေရာယူလျက် ကာကွယ်ပေးထားသည်။ ယင်းကိစ္စသည် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာ ဖြစ်ကြောင်း အငြင်းပွားဖွယ်ရာ မရှိပါ။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပဋိပက္ခများ သို့မဟုတ် ဘေးအန္တရာယ်များ၏ ဒဏ်ခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် ဖွံ့ဖြိုးရေးအတွက် ကူညီရန် တာဝန်ရှိသည်။ ၎င်းအပြင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုများ ရရှိအောင် အဆက်မပြတ် အကောင်အထည်ဖော်ရေးသည်လည်း အရေးကြီးသည်။ နိုင်ငံအားလုံးအနေဖြင့် ယင်းအခြေခံ အခွင့်အရေးအားလုံးကို သိမြင်ရန် သေချာရေးသည်လည်း အရေးကြီးသည်။ လူတိုင်းအနေဖြင့် လူနေမှု စံသတ်မှတ်ချက် အလုံအလောက်ရရေး၊ ငတ်မွတ်မှုမှ ကင်းဝေးရေး၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုရရှိရေးနှင့် အနည်းဆုံး အခြေခံအဆင့် ပညာရေးကို အခမဲ့ သင်ယူခွင့်ရရေးတို့သည် နိုင်ငံတကာ ဥပဒေများအရ အခြေခံ လူ့အခွင့်အရေးများ ဖြစ်သည်။ သို့သော် ဒုတိယကမ္ဘာစစ်ပြီးနောက် ရေးဆွဲထားသည့် မူရင်းလူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များသည် ယခုအခါ ဆယ်စုနှစ်ပေါင်း အတန်ကြာလာပြီးနောက် လမ်းကြောင်းများ ပြောင်းလာပြီး အစိုးရအဖွဲ့များကလည်း လိုက်နာလိုက လိုက်နာနိုင်ပြီး မလိုက်နာလိုပါကလည်း နေနိုင်သည်ဟု ယူဆလာကြသည်။ အစိုးရ အဖွဲ့များ အနေဖြင့် ၎င်းတို့၏ နိုင်ငံသားများ အားလုံးကို ဆင်းရဲမွဲတေမှုနှင့် ပတ်သက်သော အခြေခံ လူ့အခွင့်အရေးအတွက် တာဝန်ယူရန်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

မည်သို့ပင် ဆိုစေကာမူ ဆင်းရဲမွဲတေမှုကို အခြေခံလူ့အခွင့်အရေးနှင့် ယှဉ်တွဲစဉ်းစားခြင်းသည် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အကြီးအကျယ် အထောက်အကူ ပြုစေမည်ဟု ယုံကြည်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent