ဘဝအတွက် ရုန်းကန်လှုပ်ရှားရင်း ဂီတကိုရူးသွပ်ကြသူ လူငယ်များ

ဘဝအတွက် ရုန်းကန်လှုပ်ရှားရင်း ဂီတကိုရူးသွပ်ကြသူ လူငယ်များ
Music Video ရိုက်ကူးနေသည့် ဂီတကိုရူးသွပ်သူ လူငယ်လေးအချို့အား တွေ့ရစဉ်
Music Video ရိုက်ကူးနေသည့် ဂီတကိုရူးသွပ်သူ လူငယ်လေးအချို့အား တွေ့ရစဉ်
Published 12 January 2020
နေဝန်းထက်

အင်းစိန်မြို့နယ်ရှိ မြို့ပတ်ရထားများ ရပ်နားလေ့ရှိသော ဘူတာလေးတစ်ခု၏ အနီး၌ ပျမ်းမျှ အသက် ၂၀ ဝန်းကျင်ရှိမည့် လူငယ်လေးတစ်စု ထိုင်နေကြသည်။ အဝတ်အစား မသပ်မရပ်ဖြင့် သူတို့၏ ပုံစံကို ကြည့်၍ သာမန် အခြေခံလူတန်းစား မိသားစုများမှ ပေါက်ဖွားလာသူများဖြစ်ကြောင်း သူတို့ကို သွားရောက်မေးမြန်းခြင်း မပြုဘဲနှင့် သိနိုင်သည်။ နေဝင်ချိန်ကို ကျော်လွန်ပြီး ညဦးပိုင်းအချိန် ရောက်ရှိနေပြီဖြစ်ခြင်းကြောင့် ဘူတာလေး၏ အနီးဝန်းကျင်တွင် လူရိပ်လူခြည် အတန်ငယ်ရှင်းလင်းနေပြီး လမ်းမီးတိုင်များ၏ ခပ်ပါးပါး အလင်းရောင်တချို့က အမှောင်ထု၏ သိမ်းပိုက်မှုမှ အလုံးစုံကျရောက်ခြင်း မရှိစေရန်အတွက် ကျားကန်ပေးထား၏။ သံလမ်းနံဘေး ပလက်ဖောင်းတွင် ထိုင်နေသည့် လူငယ်တစ်စုအတွက် တစ်ခါတစ်ရံ ဖြတ်သန်းသွားနေသည့် မီးရထားများမှတစ်ပါး ဆူညံသံကို ဖန်တီးပေးမည့်အရာ မရှိသလောက်ပင်။

၁၀ ယောက်မပြည့်သော အရေအတွက်ရှိသည့် ထိုလူငယ်လေးများက မီးရထားသံလမ်းနံဘေး ပလက်ဖောင်းပေါ်တွင် ဝိုင်းဖွဲ့၍ ထိုင်နေကြပြီး သူတို့၏ အလယ်တွင် Bluetooth Song Box လေးတစ်ခုက တိတ်ဆိတ်စွာဖြင့် လူငယ်လေးများအား ငေးမောနေသည့် အသွင်ဖြင့် ရှိနေခဲ့သည်။ ထိုအချိန်တွင် မြို့ပတ်ရထားတစ်စင်းက မီးရထားသံလမ်းတစ်လျှောက် ဥသြသံရှည်ဆွဲ၍ ဖြည်းညင်းသည့် အရှိန်ဖြင့် ရောက်ရှိလာခဲ့ပြီး ဘူတာလေး၏ အရှေ့၌ မောဟိုက်နေဟန် ခေတ္တ အနားယူနေခဲ့သည်။

အသားညိုညို ပိန်ပိန်ပါးပါး အသွင်ရှိသည့် လူငယ်တစ်ဦးက စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်ပြီး အချို့က မီးရထားကို ငေးလျက်၊ အချို့ကလည်း အချင်းချင်း စကားစမြည်ပြောလျက်ဖြင့် အနားယူနေသည့် မြို့ပတ်ရထားကြီး မောင်းနှင်ထွက်ခွာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

စီးကရက်သောက်နေသည့် လူငယ်လေး၏ လက်ထဲမှ စီးကရက်လေး အလုံးစုံ လောင်ကျွမ်းခဲ့ပြီးနောက်တွင် ဘူတာလေးသည် ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီး မြို့ပတ်ရထားကြီး၏ ဥသြသံရှည်များက ရထားကြီးနှင့်အတူ လိုက်ပါထွက်ခွာသွားပြီ ဖြစ်သည်။ လက်ထဲမှ စီးကရက်ကို သံလမ်းပေါ်သို့ တောက်ပစ်လိုက်ပြီးနောက် ထိုလူငယ်လေးက သူတို့ ၀ိုင်းဖွဲ့ထိုင်နေရာ အလယ်တွင်ရှိနေသော Bluetooth Song Box လေး၏ ပါ၀ါခလုတ်ကို နှိပ်လိုက်သည်။

စည်းချက်ကျစွာ ထွက်ပေါ်လာသည့် Hip Hop တီးလုံးသံများက ပတ်ဝန်းကျင်အတွင်း ညင်သာထိရှစွာ ပျံ့နှံ့လာကာ ယခုအချိန်တွင်တော့  Bluetooth Device သည် လူငယ်များ၏ အာရုံစိုက်မှုကို လက်ခံရရှိသွားပြီ ဖြစ်သည်။

စည်းချက်နှင့်အညီ လိုက်ပါလွင့်မျောရင်း ခေါင်းတညိတ်ညိတ်ဖြင့် ရှိနေသည့် လူငယ်လေးတစ်စုက ခြောက်ကပ်နေသည့် ဘူတာညခင်းလေးကို အသက်သွင်းလိုက်ပေပြီ။

“ သံလမ်းဘေး တက်ကျမ်း မရေးဘဲ ငါအမှတ်ဖမ်းပေး လွင့်မျော ခေါင်းညိတ်ကနေတဲ့ ညီ လက်တစ်ဖက်ကမ်းပေး” ဟု ၀ိုင်းဖွဲ့ထိုင်နေကြသည့် လူငယ်များထဲမှ တစ်ဦးက ထွက်ပေါ်လာနေသည့် Hip Hop တီးလုံးသံနှင့်အညီ ကာရန်တစ်ကြောင်းကို စတင်ဖန်တီးလိုက်သည်။ ထွက်ပေါ်လာနေသည့် Hip Hop Beat သံများနှင့် တွဲဖက်ညီစွာဖြင့် လူငယ်လေးများက တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ကာရန်များကို လက်တမ်းလိုက်ရွတ်ကြတော့သည်။

၎င်းတို့၏ အနီးအနားမှ ဖြတ်သန်းသွားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လူငယ်လေးများကို ကြည့်လိုက်ရင်း နှစ်လိုဖွယ်ရှိစွာ ပြုံးလျက် ဆက်လက်လျှောက်လှမ်းသွား၏။ လူငယ်လေးများကလည်း ၎င်းတို့ နေ့စဉ်ဖြတ်သန်းကြုံတွေ့နေရသည့် ဘဝများထဲမှ အကြောင်းအရာများကို Hip Hop Beat နှင့်အတူ လက်တန်းကာရန်များကို ဆက်လက်ဖန်တီးနေခဲ့ကြပြီး ဂီတ၏ စီးမျောသက်ဝင်လာမှုက ဘဝအမောတွေကို ခပ်ဝေးဝေးသို့ ဖယ်ခွာရှင်းပစ်လိုက်ပြီ ဖြစ်သည်။

ထိုလူငယ်လေးတစ်စုသည် အင်းစိန်မြို့နယ်အတွင်း နေထိုင်ကြသူများ ဖြစ်သည်။ သူတို့ထဲတွင် လက်လုပ်လက်စား ကျပန်းအလုပ်လုပ်ကိုင်နေကြသူများ ပါဝင်သည်။ အချို့ကတော့ တစ်သိန်းကျော်မျှသာ လစာဝင်ငွေရရှိသည့် အလုပ်တစ်ခုခုကို လုပ်ကိုင်နေကြရသည်။ ထို့အတူ အလုပ်တစ်ခုကို ရှာဖွေနေကြသူများလည်း ပါဝင်ပြီး လူငယ်လေးများထဲမှ အချို့က အဝေးသင်တက္ကသိုလ်တက်ရင်း ချို့တဲ့သည့် မိသားစုအတွက် မျှော်လင့်ချက်အဖြစ် သတ်မှတ်ခြင်းခံထားရသူများ ဖြစ်သည်။ သူတို့သည် ဘူတာလေး အနီးသို့ နေ့စဉ်လာရောက်နိုင်ခြင်း မရှိသော်လည်း ဘူတာလေးသည် သူတို့ သူငယ်ချင်းတစ်စုအတွက် စုံရပ်ဖြစ်သည်။ ဘူတာလေးတွင် စုံမိသည့် အချိန်တိုင်း သူတို့နှင့်အတူ Bluetooth Speaker လေးတစ်လုံး မပါမဖြစ် သယ်ယူလာခဲ့ကြပြီး သူတို့နှစ်သက်သည့် Hip Hop ဂီတသံစဉ်များအကြား လက်တန်းကာရန်များ စပ်ဆို၍ ဘဝ၏အခက်အခဲများကို ဖြေလျှော့ဖွင့်ထုတ်ကြသည်။

ဘူတာလေးအနီးရှိ ပလက်ဖောင်းနေရာသည် သူတို့အဖွဲ့အတွက် စတေ့ချ်စင်မြင့်ဖြစ်ပြီး ဖြတ်သွားဖြတ်လာသူများသည် သူတို့၏ ပရိသတ်ဖြစ်သည်။ ရံဖန်ရံခါ ဖြတ်သွားသည့် မီးရထားများသည် သူတို့၏ လမ်းဘေး ကာရန်ဖျော်ဖြေပွဲအတွက် ကာရန်ဖန်တီးရာ အကြောင်းရင်းတစ်ခုဖြစ်ပြီး Bluetooth Speaker လေးက သူတို့အဖွဲ့၏ ပင်တိုင် ဒီဂျေသမားလေး ဖြစ်သည်။ J-Me သည် သူတို့နှစ်သက်သည့် ဂီတသူရဲကောင်းတစ်ဦးဖြစ်ပြီး Bigg-y သည် သူတို့ လေးစားရသည့် Hip Hop ဂီတပညာရှင်တစ်ဦး ဖြစ်သည်။ ဂီတကို ရူးသွပ်ကြသော်လည်း စားဝတ်နေရေးအတွက် သူတို့ရုန်းကန်နေကြရသည်။ သို့သော် သူတို့သည် သူတို့၏ ၀ါသနာကို မည်သည့်အခါမျှ မေ့လျော့ခဲ့ခြင်း မရှိ။ ဘူတာပလပ်ဖောင်း လက်တန်းကာရန်ဖျော်ဖြေပွဲမှ ပြန်လာခဲ့သည့် ညများစွာသည် သူတို့အတွက် အဓိပ္ပာယ်ပြည့်စုံသည့် ညများဖြစ်သည်။

ထိုညများ၌ သူတို့ အိပ်စက်ရာတွင် သူတို့ အမှန်တကယ်ဖြစ်ချင်သည့် ဆန္ဒများသည် အိပ်မက်များအဖြစ် ရောက်ရှိလာတတ်သည်။ Eminem နှင့်အတူ သူတို့ အတူတကွ တွဲဖက်ဖျော်ဖြေနေရသည်လည်းရှိသည်။

J-Me ကလည်း သူတို့၏ ကာရန်စပ်ဆိုမှုများအတွက် ချီးကျူးနေခြင်းလည်းရှိမည် ဖြစ်သည်။ သူတို့ ဖျော်ဖြေမည့်အချိန်ကို စောင့်စားနေသည့် ပရိသတ်အပြည့်ဖြင့် ဖျော်ဖြေပွဲကြီးများတွင် ဖျော်ဖြေရန်လည်း ရှိ နေမည်ဖြစ်သည်။ သူတို့ဖြစ်ချင်သည့် အိပ်မက်ကို သူတို့၏ အိပ်မက်များထဲတွင် တစ်ဒင်္ဂ အကောင်အထည်ဖော်ခွင့် ရရှိဖူးကြသည်။ နံနက်ခင်းအချိန် သူတို့နိုးထလာသည့်အခါ ညကမက်ခဲ့သည့် အိပ်မက်များအကြောင်း အချင်းချင်း ဆက်သွယ်ပြောဆိုခဲ့ကြပြီး အိပ်မက်များအကြောင်း ဖလှယ်ပြောဆိုရန်အတွက် ဘူတာလေးအနီးတွင် သူတို့နောက်တစ်ကြိမ် ဆုံဆည်းတွေ့ဆုံရန်  ချိန်းဆိုကြဦးမည် ဖြစ်သည်။

သူတို့ကဲ့သို့သော လူငယ်များစွာတို့သည် ရန်ကုန်မြို့အနှ့ံ၊ မြန်မာပြည်အနှံံ့တွင် ပြန့်ကြဲစွာဖြင့် တည်ရှိနေကြသည်။ သူတို့ ရူးသွပ်မြတ်နိုးရသည့် ဂီတအတွက် သူတို့တွင် အခွင့်အလမ်း များများစားစားမရှိလှပေ။ ရုန်းကန်လှုပ်ရှားနေကြရသည့် ဘဝများသည် ၀ါသနာကို တစ်ခါတစ်ရံ ဖယ်ထုတ်ထားရသည်။ ပညာရေးအတွက်၊ စားဝတ်နေရေးအတွက်၊ မိသားစုအတွက် စသည်ဖြင့် ခေါင်းစဉ်ပေါင်းများစွာတို့က သူတို့၏ ရင်တွင်းမှ ဂီတဗီဇကို ဦးစားပေးခြင်း မရှိစေရန် ပြုမူနေကြသည်။ သို့ပေမဲ့ သူတို့သည် သူတို့၏ ဂီတဗီဇကို မည်သည့်အခါမျှ မေ့လျော့ခဲ့ခြင်း မရှိ။ အလုပ်လုပ်ချိန်၊ ပညာသင်ချိန်စသည့် သူတို့၏ အချိန်များစွာတို့ကို ဖြတ်သန်းနေရင်း ဂီတကို ဖက်တွယ် မြတ်နိုးနေကြ၏။

အားလပ်ရက် တနင်္ဂနွေနေ့ နေ့လယ်ခင်းတစ်ခု၌ လှိုင်မြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် အသက်နှစ်ဆယ်ကျော် လူငယ်လေးငါးဦး ဆုံစည်းရောက်ရှိနေကြသည်။ တနင်္ဂနွေနေ့များသည် သူတို့ထဲမှ အချို့အတွက် အလုပ်ပိတ်ရက်ဖြစ်သော်လည်း အချို့ကတော့ အလုပ်အကိုင် ရှာဖွေ နေရဆဲဖြစ်သည်။ သို့သော် တနင်္ဂနွေနေ့ကတော့ သူတို့အားလုံး အတူတကွ အားလပ်ရက်ရသည့် ရက်အဖြစ် တိုက်ဆိုင်နေခဲ့သည်။ ထို့ကြောင့် သူတို့သည် တွေ့ဆုံရန်အတွက် ချိန်းဆိုလိုက်ကြပြီး သူတို့၏ ၀ါသနာကို ပုံဖော်ရန် ပြင်ဆင်လျက် ရှိနေခဲ့သည်။ ပုံမှန်ထက်ပို၍ အမြင်ဆန်းနေသည့် သူတို့၏ ဝတ်စားဆင်ယင်မှုများက သူတို့ပြုလုပ်တော့မည့် အနုပညာတစ်ခုအတွက် ပြင်ဆင်ထားရခြင်း ဖြစ်သည်။

သူတို့ဆုံတွေ့သည့် နေ့ရက်မတိုင်မီ သီတင်းပတ်အချို့၌ သူတို့အဖွဲ့ စုပေါင်းပြီး Hip Hop တေးသီချင်းတစ်ပုဒ်ကို ဖန်တီးထားခဲ့သည်။ သူတို့ဖန်တီးထားသည့် တေးသီချင်းလေးသည် ကမ္ဘာကျော် တေးသီချင်း တစ်ပုဒ်ဖြစ်လာချင်မှ ဖြစ်လာမည် ဖြစ်သော်လည်း သူတို့၏ သူငယ်ချင်းတစ်သိုက် အကြားတွင်တော့ အလွတ်ရနေသည့် ရေပန်းစားတေးသီချင်းတစ်ပုဒ် ဖြစ်နေခဲ့သည်။ သူတို့ရင်ဘတ်အတွင်းမှ ဖြစ်တည်လာသည့် ကာရန်များဖြင့် စပ်ဆိုသီကျူးထားသည့် တေးသီချင်းလေးအား အသေးစား စတူဒီယိုလေးတစ်ခုတွင် အသံသွင်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း ထိုသို့ အသံသွင်းနိုင်ရန်အတွက် ကုန်ကျမည့်စရိတ်ကို သူတို့အဖွဲ့အထူးချွေတာ စုဆောင်းခဲ့ရသည်။

ချွေးနှဲစာလေးများစွာတို့ဖြင့် ပုံဖော်ခဲ့ရ သည့် သူတို့၏ ဂီတအနုပညာအတွက် သူတို့တွင် နောက်ထပ်ခြေလှမ်းတစ်ခု ရှိနေသည်။

သူတို့၏ တေးသီချင်းအား Music Video အဖြစ် ရိုက်ကူးလိုကြသည်။ သို့သော် MTV တစ်ပုဒ်အတွက် ကုန်ကျမည့် ငွေကြေး သူတို့ တတ်နိုင်ခြင်းမရှိ။ ထို့ကြောင့် သူတို့တတ်နိုင်သည့် ငွေကြေးဖြင့် သူတို့၏စိတ်ကူးအိပ်မက်က်ို အကောင်အထည်ဖော်ရန် အသိမိတ်ဆွေများကို ရှာဖွေခဲ့ကြသည်။ ထိုသို့ရှာဖွေရင်း သူတို့ကဲ့သို့ပင် ၀ါသနာကို ဦးစားမပေးနိုင်သည့် လူငယ်တစ်ဦးက သူတို့၏ Music Video အတွက် ရိုက်ကူးပေးရန် ကူညီခဲ့သည်။

သာမန် ဒုတိယတန်းစား DSLR ကင်မရာတစ်လုံးဖြင့် ရိုက်ကူးမည့် MTV တစ်ပုဒ်သည် ရောင်းတမ်းဝင် MTV  တစ်ပုဒ် ကဲ့သို့ ရုပ်သံအရည်အသွေး ပြည့်မီနိုင်မည် မဟုတ်ကြောင်း သူတို့သိရှိသော်လည်း သူတို့ဖန်တီးမည့် အနုပညာကို အဓိပ္ပာယ်ရှိစွာဖြင့် ဖန်တီးနိုင်တော့မည်ဖြစ်သည်။

သူတို့ ရေးစပ်သီဆိုထားသည့် တေးသီချင်းကို ဖွင့်လိုက်၊ သရုပ်ဆောင်သီဆိုလိုက် ရိုက်ကူးလိုက်ဖြင့် သူတို့တစ်ဖွဲ့လုံး၏ မျက်နှာများပေါ်တွင် ကျေနပ်ပီတိဖြစ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ သူတို့ ဖန်တီးနေသည့် အနုပညာအတွက် လူမြင်ကွင်း၌လည်း သူတို့၏ တေးသီချင်းကို အော်ဟစ်သီဆိုရန် ဝန်မလေးကြပေ။ ဝေဖန်ကဲ့ရဲ့သည့် စကားလုံးများကိုလည်း မျက်နှာလွှဲ မေ့ပစ်နိုင်ကြသည်။ သူတို့၏ ဘဝသည် မပြည့်စုံသော်လည်း သူတို့၏ ဂီတအနုပညာ ရူးသွပ်မှုကြောင့် သူတို့၏ စိတ်သည် ပြည့်စုံကျေနပ်စွာဖြင့် တည်ရှိနေကြသည်။ ရိုက်ကူးထားသည့် ရုပ်ပုံများကို ကင်မရာလေးထဲမှ ပြန်ကြည့်လိုက် ပုံပေါ်လာတော့မည့် သူတို့၏ MTV အတွက် ရင်ခုန်စိတ်လှုပ်ရှားလိုက်ဖြင့် ပျော်ရွှင်မြူးထူးနေခဲ့ကြသည်။

ဂီတသည် နူးညံ့သိမ်မွေ့စွာဖြင့် ကမ္ဘာကြီးပေါ်တွင် ရှင်သန်နေ၏။ ဂီတကြောင့် ကမ္ဘာကြီးသည် အကျည်းတန်ခြင်း မရှိပေ။ လူသားများက ဂီတကို ရင်တွင်းခံစားချက်များဖြင့် သီဖွဲ့ဖန်တီးကြသည်။ တစ်ဦးဖန်တီးသည့် အရာကို တစ်ဦးက ခံစားသက်ဝင်ရင်း တစ်ဦးနှင့် တစ်ဦး သိမ်မွေ့စွာဖြင့် ခံစားချက်များ ပေါင်းစည်းလာခဲ့ကြသည်။ ဘဝ၏အခက်အခဲများအကြောင်းကို ဂီတဖြင့် ပုံဖော်ကြသည်။ စစ်ပွဲများ၏ အကျည်းတန်မှုများကို ဂီတဖြင့် အဓိပ္ပာယ်ဖွင့်ရင်း လူသားဆန်မှုကို ရှာဖွေကြသည်။ ဂီတဖြင့် အထီးကျန်မှုများကို ဖယ်ရှားပစ်ခဲ့ကြသည်။ ဂီတကို ရူးသွပ် မြတ်နိုးစွာ ဖန်တီးကြရင်း နာကျင်မှုတွေကို ဖြေဖျောက်ခဲ့ကြ၏။

မွေးကင်းစ ကလေးအရွယ်လေးသည် မိခင်ဖြစ်သူ၏ သားချော့တေးကြောင့် နှစ်ခြိုက်စွာ အိပ်မက်ကြသည်။ တိုက်ပွဲများအတွင်းမှ စစ်သားကြီးများသည် တေးသီချင်းများကို ရွတ်ဆိုရင်း ဆိုးရွားသည့် စစ်ပွဲများအကြား နူးညံ့မှုတစ်ခုကို ရှာဖွေကြသည်။ ကိုးကွယ်ယုံကြည်ရာ အထွတ်အမြတ်ထားရာကို ဂီတဖြင့် ဖန်တီးပုံဖော် ပူဇော်ကြသည်။ ဂီတသည် လူသားများအကြားတွင် သိမ်မွေ့ လှပစွာဖြင့် ဖြစ်တည်နေ၏။ ဂီတဖြင့် လူသားများက အလှတရားကို ပုံဖော်ကြပြီးနောက် ဂီတသည် အလှတရားတစ်ခုအဖြစ် လူသားများအကြား ဖြစ်တည်လာခဲ့သည်။

နာမည်ကျော် ဂီတပညာရှင်တစ်ဦး မဖြစ်ပေမယ့် နာမည်ကျော် ဂီတပညာရှင်တစ်ဦး ဖန်တီးထားသည့် ဂီတအနုပညာအား နားဆင်သူတိုင်း ခံစားသက်ဝင်နိုင်ကြသည်။ စစ်ပွဲများ၊ မငြိမ်းချမ်းမှုများ၊ မတရားမှုများ၊ ဆင်းရဲမွဲတေမှုများစွာ ရှိနေသည့် မြန်မာနိုင်ငံတွင် နေထိုင်ကြရသော်လည်း နိုင်ငံအတွင်းမှ လူငယ်များသည် သူတို့ရူးသွပ်မြတ်နိုးရသည့် ဂီတအနုပညာကို တတ်စွမ်းသမျှ ကြိုးစားဖန်တီးနေကြသည်။ သူတို့ထဲမှ အချို့သည် အောင်မြင်ကျော်ကြားသည့် ဂီတအနုပညာရှင်များ ဖြစ်လာကြသည်။ အချို့သည်လည်း အများက လေးစားရသည့် ဂီတအနုပညာရှင်များ ဖြစ်လာကြသည်။ မအောင်မြင် မကျော်ကြားကြသော်လည်း ဂီတကို စိတ်ပျက်ခြင်း မရှိကြပေ။

သူတို့အတွက် သူတို့ ချစ်မြတ်နိုးရသည့် ဂီတကို ဖန်တီးခွင့်ရရန်သာ သူတို့၏စိတ်တွင် တည်ရှိနေကြသည်။ ဘဝအခက်အခဲများစွာ ရှိကြသော်လည်း သူတို့သည် ဂီတကို ရူးသွပ်စွာဖြင့်ချစ်မြတ်နိုးနေကြဆဲ ဖြစ်သည်။

 

 

Most Read

Most Recent