၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံရှိမည် မဟုတ်ဘဲ တပ်ပြင်ပမဲရုံ ၁၀၀၀ နီးပါး ရှိမည်ဟုလျာထားပြီး တပ်မဲရုံများကို တပ်ဂိတ်ပေါက်အနီး၌သာ တည်ဆောက်မည်

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံရှိမည် မဟုတ်ဘဲ တပ်ပြင်ပမဲရုံ ၁၀၀၀ နီးပါး ရှိမည်ဟုလျာထားပြီး တပ်မဲရုံများကို တပ်ဂိတ်ပေါက်အနီး၌သာ တည်ဆောက်မည်
ဇန်နဝါရီလ ၉ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
ဇန်နဝါရီလ ၉ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Published 10 January 2020
နေရိုင်း၊ ဇေယျာထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ တပ်ပြင်ပမဲရုံစုစုပေါင်း ၁၀၀၀ နီးပါးရှိမည်ဟု လျာထားပြီး တပ်မဲရုံများအား တပ်ဂိတ်ပေါက်အနီးတွင်သာ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဇန်နဝါရီ ၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းမီဒီယာများ၏ မေးမြန်းမှုကို အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တပ်ပြင်ပမဲရုံများအနေဖြင့် တပ်မတော်သားများနှင့် အတူနေမိသားစုများအတွက် မဲပေးရန် တပ်မဲရုံ ၆၀၀ ကျော်နှင့် ရပ်ကွက်၊ ကျေးရွာနေ မဲဆန္ဒရှင်များနှင့်အတူ မဲပေးရန် တပ်မဲရုံ ၃၀၀ ကျော်ရှိကြောင်း သိရသည်။

“အခုဟာကတော့ ကျွန်တော်တို့က တပ်တွင်းမှာမဲရုံတွေ မရှိတော့ဘူး။ မဲရုံတွေက တပ်တွင်းမှာ တစ်ခုမှမရှိရဘူး။ တပ်ပြင်ပမှာပဲ ရှိမယ်ဆိုတော့ အကြမ်းလျာထားချက်အရ  တချို့သောတပ်တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်စုနဲ့ အင်မတန်ဝေးတယ်။ ဝေးတော့ အဲဒီလိုနေရာမျိုးမှာ တပ်ရဲ့ပြင်ပမှာ ထုတ်မယ်။ အဲဒီမှာတော့ တပ်မတော်နဲ့ အတူနေမိသားစုတွေပဲ ရှိမှာပေါ့။ အဲဒါကတော့ ၆၀၀ ကျော်လောက်ရှိမယ်။ နောက်တစ်ခါ တပ်နဲ့ရပ်ကွက်နဲ့ နီးတဲ့အခါကျတော့ ရပ်ကျေးတွေနဲ့ ပေါင်းတာကတော့ ၃၃၉ ရုံရှိတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် တပ်တွင်းမဲရုံ ၈၄၄ ရုံနှင့် တပ်မတော်သားများနှင့် အတူနေမိသားစုများ ထည့်သည့်မဲရုံ ၁၀၈ ရုံရှိခဲ့ပြီး တပ်မတော်သားများနှင့် အတူရပ်ကွက်ကျေးရွာ မဲဆန္ဒရှင်များ ပေါင်းထည့်သည့် မဲရုံ ၁၃၉ ရုံရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်လေ့လာသူများနှင့် မဲဆန္ဒရှင်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရန်အတွက် တပ်တွင်းမဲရုံများအား တပ်ပြင်ပသို့ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်ကဆိုသည်။

“တပ်ပြင်ပမဲရုံက တပ်ပြင်ပမှာပဲ ရှိမယ်။အဝေးကြီးမှာ မဟုတ်ဘူး။ တပ်ရဲ့ဂိတ်ပေါက်မှာပဲ လုပ်မှာပါ။ မဲရုံတိုင်းမဲရုံတိုင်းက ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊  စောင့်ကြည့်လေ့လာတဲ့သူတွေက မဲရုံတိုင်းမဲရုံတိုင်းကို ဝင်ခွင့်ရှိရမယ်ဆိုတော့ ကျွန်တော်တို့ရဲ့ စံငါးချက်နဲ့ မျှတရမယ်။ တူညီရမယ်ဆိုတော့ အဲဒီမှာ ဝင်ကြည့်နိုုင်အောင်လို့။ ဒါပဲကွာခြားတာပါ။ အဲဒီလိုလုပ်တဲ့အခါမှာလည်း တပ်မှူးတွေနဲ့ ညှိပြီးတော့ ဒီမဲရုံတွေကို ဘယ်လိုလုပ်မလဲဆိုတာ ဆောင်ရွက်မှာပါ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကောက်ယူထားမှုအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်သည့် အခြေခံလူဦးရေ ၃၇ သန်းကျော်ရှိပြီး တပ်မတော်သားများနှင့် အတူနေမိသားစုများ၏ မဲစာရင်း မပါဝင်သေးကြောင်း သိရသည်။

“အဲဒီမှာ ကျွန်တော်တို့က ဆင်းကောက်စရာ မလိုဘူး။ အဲဒီမှာ မဲစာရင်းရှိတဲ့ဟာတွေကို တပ်မှူးတွေပေးပါလို့ စာနဲ့တောင်းလိုက်တယ်။ တပ်မှူးကနေ လူ ၃၀၀ ပေးလိုက်တယ်။ ဟုတ်သလား။ မဟုတ်သလား။ ရှိသလား။ မရှိသလား။ ကျွန်တော်တို့သည် မစစ်ဘူး။ သို့သော် ကြိုတင်မဲပေးတဲ့အခါကျတော့ ဒီ ၃၀၀ ထဲက ဟုတ်သလား။ မဟုတ်သလား ဆိုတာတော့ စိစစ်ပြီ။ ပထမပေးထားတာက ၃၀၀။ ကြိုတင်မဲပေးပြီးတော့ မဲရုံပေးတာက နှစ်ရာ။ ကြိုတင်မဲပေးတာက ၁၅၀ ဖြစ်နေရင်တော့ ၅၀ ပိုသွားပြီလေ။ ဒါကျတော့ ကျွန်တော်တို့စစ်ပြီ။ သူတို့ကို ယုံကြည်တယ်လေ။ ဥပဒေနဲ့ညီအောင်တော့ ကျွန်တော်တို့ ရှင်းပြရတာပေါ့။ ဥပဒေဘောင်းအတွင်းကပဲ စိစစ်ပြီးတော့ ပေးလိုက်တယ်။ အဲဒါ မဲစာရင်းဖြစ်သွားတာပဲ” ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ခွင့် လျှောက်လွှာအား ဇန်နဝါရီ ၁ ရက်မှစတင်ကာ ကန့်သတ်ပိတ်ပင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ထားသည့်ပါတီ ၉၅ ပါတီ၊ ယာယီရပ်ဆိုင်းထားသည့်ပါတီ သုံးပါတီ၊ မှတ်ပုံတင်တည်ထောင်ခွင့် စိစစ်ဆဲ သုံးပါတီနှင့် မှတ်ပုံတင်ခွင့် စိစစ်ဆဲ ၅ ပါတီရှိကြောင်း သိရသည်။