NCA လက်မှတ်ထိုးထားသည့် အဖွဲ့များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လိုအပ်ကြောင်းနှင့် စာချုပ်ထဲမှ ကိုယ်ကြိုက်တာကိုယ်ယူ၍ သဘောကျသည့်အပိုင်းကိုသာ အကောင်အထည်ဖော်ပြီး သဘောမကျလျှင် အကောင်အထည်မဖော်ခြင်းကို ရှောင်ကြဉ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် ရေးညှိနှိုင်းအစည်းအဝေး (JICM) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြား၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ အားလုံးသိပြီးဖြစ်တဲ့အတိုင်း NCA ဟာ အားလုံးပူးတွဲပိုင်ဆိုင်တာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့အားလုံးကမျှဝေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြဖို့လိုပါတယ်။ ဒီစာချုပ်ထဲကမှ ကိုယ်ကြိုက်တာကို ပဲယူမယ်။ ကိုယ်မကြိုက်တာကိုမယူဘူး။ ကိုယ်သဘောကျတဲ့အပိုင်းကိုပဲ အကောင်အထည်ဖော်မယ်။ သဘောမကျလို့ရှိရင် အကောင်အထည်မဖော်ဘူး ဆိုတာမျိုးတွေကို ရှောင်ကြဉ်ကြဖို့ ကျွန်မအနေနဲ့ အလေးအနက်သတိပေးလိုပါတယ်။ အစုအဖွဲ့တစ်ဖွဲ့ဖွဲ့က ဒီလိုပုံစံမျိုး လိုချင်တာကိုပဲ ကွက်ပြီးယူမယ်။ မကြိုက်တာကိုဆိုလို့ရှိရင် ရှောင်လွဲနေမယ်ဆိုလို့ရှိရင် ကျန်တဲ့အစုအဖွဲ့အားလုံးမှာလည်း အခက်အခဲတွေ ဖြစ်လာစေပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ပါတယ်။ စာချုပ်ပေါ်မှာ ရေးထိုးထားတဲ့လက်မှတ်တွေဟာ ကတိသစ္စာတည်ကြည်မှုနဲ့ မှန်ကန်ဖြောင့်မတ်မှုကို ကိုယ်စားပြုပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
လက်ရှိအစိုးအနေဖြင့် NCA ၌ စတင်ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မဟုတ်သော်လည်း အစိုးရတစ်ခုအဖြစ် လွှဲပြောင်းတာဝန် ထမ်းဆောင်သည့်အချိန်တွင် အစိုးရအစဉ်အဆက် တာဝန်ရှိမှုနှင့် တာဝန်သိမှုများကိုလည်း လွှဲပြောင်းရယူ ထမ်းဆောင်ရခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ဆောက်ရွက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၎င်းက “ ပန်းတိုင်တူပေမယ့် နည်းနာပိုင်းဆိုင်ရာ မတူညီနိုင်သေးတာကို လက်ခံပါတယ်။ မတူညီတာတွေကို တူညီလာအောင် ကျွန်မတို့အားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုုင်ပင်ပင်နဲ့ အဖြေရှာကြရမှာဖြစ်ပါတယ်။ နည်းနာပိုင်းဆိုင်ရာ ကွဲလွဲမှုတွေကို အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု အခြေခံတွေနဲ့ ညှိနှိုင်းတိုင်ပင်မယ်ဆိုရင် ပိုပြီးအဆင်ပြေချောမွေ့ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့အချင်းချင်းကြားမှာ အရေးပါတဲ့ယုံကြည်မှု တည်ဆောက်ရေးကိုလည်း မျက်ခြည်မပြတ်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ဆက်လက်ပြောကြားသည်။
ထို့ပြင် နိုင်ငံရေးလှုပ်ရှားမှုများ၊ လက်နက်ကိုင်လှုပ်ရှားမှုများသည် နှစ်ပေါင်းများစွာဖြင့် တန်ဖိုးကြီးမားစွာပေးဆပ်ပြီးမှ အဖြေထွက်လာခြင်းဖြစ်သည့်အတွက် နိုင်ငံရေး စကားဝိုင်းများတွင်ဝင်ထိုင်၍ ကိုယ့်၏လိုအင်ဆန္ဒနှင့် လိုလားချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန်လိုအပ်ပြီး ယင်းသို့ ဆွေးနွေးနိုင်ရန်အတွက် ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ထားသည့်အပြင် အဆိုပါငြိမ်းချမ်းရေးတံခါးမှ ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိနှင့် လျှောက်လှမ်းလာခဲ့ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့သည်။
“ ကျွန်မတို့အားလုံးအနေနဲ့ မတူညီတဲ့ အမြင်တွေ၊ ထပ်တူမကျတဲ့ စဉ်းစားတွေးခေါ်မှုတွေ ရှိနေပေမဲ့လည်း ကျွန်မတို့အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်က အမျိုးသားတန်းတူ ရေးနဲ့ အမျိုးသားညီညွတ်ရေးကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပဲဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်စေဖို့၊ ရှေရည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ဖို့အတွက် ကျွန်မတို့အားလုံးရဲ့အနာဂတ် ပြည်ထောင်စုအိပ်မက်ဟာ အငြင်းပွားဖွယ်မရှိ တစ်ထပ်တည်းကျနေတယ်ဆိုတာကို အားလုံး သိရှိနားလည် လက်ခံထားကြပြီး ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုကို ဥမကွဲသိုက်မပျက် အရှည်သဖြင့် တည်တံ့ခိုင်မြဲစေဖို့ဆိုရင် အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ပဲ ရှေ့သွားဖို့ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံသုံးကြိမ်တွင် သဘောတူချမှတ်နိုင်ခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းများအဖြစ် ရရှိထားသည့် သဘောတူညီချက် ၅၁ ချက်သည် အားလုံးမျှော်မှန်းထားသည့် ပြည်ထောင်စုအိပ်မက်အတွက် လုံလောက်သော အခြေခံမူများ မဟုတ်သေးသော်လည်း အနာဂတ်ပြည်ထောင်စုအား ပုံဖော်နိုင်ရန် ပိုမိုပြည့်စုံလွှမ်းခြုံနိုင်မည့် ဖက်ဒရယ်အခြေခံမူများရရှိအောင် အားလုံး ဆက်လက်ကြိုးပမ်းအားထုတ်ကြမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။