YRTA အနေဖြင့် အသုံးစရိတ်ထက်ပိုသောဝင်ငွေ ကျပ်သန်း ၇၆၀၀ ကျော် ရှိသော်လည်း နိုင်ငံတော်သို့ ဝင်ငွေခွန်ပေးဆောင်ခြင်းမရှိဟု သိရ

YRTA အနေဖြင့် အသုံးစရိတ်ထက်ပိုသောဝင်ငွေ ကျပ်သန်း ၇၆၀၀ ကျော် ရှိသော်လည်း နိုင်ငံတော်သို့ ဝင်ငွေခွန်ပေးဆောင်ခြင်းမရှိဟု သိရ
ရန်ကုန်တိုင်ဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ မကျင်းပမီ တွေ့ရစဉ်
ရန်ကုန်တိုင်ဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ မကျင်းပမီ တွေ့ရစဉ်
Published 8 January 2020
ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်

YRTA (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့) အနေဖြင့် အသုံးစရိတ်ထက် ပိုသောဝင်ငွေ ကျပ်သန်း ၇၆၀၀ ကျော်ရှိသော်လည်း နိုင်ငံတော်သို့ ဝင်ငွေခွန် ပေးဆောင်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား လွှတ်တော်သို့ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ YRTA အဖွဲ့အနေနဲ့ ၂၀၁၇ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၀၁၈ မတ် ၃၁ ရက်အထိ ပြင်ပစာရင်းစစ်အဖွဲ့ဖြစ်တဲ့ ဝင်းတင်နဲ့အဖွဲ့ စာရင်းစစ်အဖွဲ့က စစ်ဆေးပြီးဖြစ်ပေမဲ့ အမှုဆောင်ဒါရိုက်တာချုပ်နဲ့ အဖွဲ့များက အစီရင်ခံစာကို လက်မှတ်ရေးထိုး အတည်ပြုထားခြင်း မရှိသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။ ထို့ပြင် YRTA အနေဖြင့် ဝင်ငွေကျပ် ၉၄၈၇ ဒသမ ၇၈၅ သန်း၊ အသုံးစရိတ် ကျပ် ၁၇၉၆ ဒသမ ၁၈၄ သန်း၊ ပိုလျှံငွေ ၇၆၉၁ ဒသမ ၈၀ သန်းတို့ဖြစ်ကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

“ အထက်ပါဝင်ငွေတွေက YBS ဒဏ်ကြေးရငွေ၊ ငှားရမ်းခရငွေ၊ အဝေးပြေးယာဉ်တွေကရငွေ၊ City Taxi ကဝင်ငွေ၊ အခြားရငွေ၊ ဘဏ်တိုးရငွေ အပါအဝင် ဖြစ်ပါတယ်။ အသုံးစရိတ် ၁၇၉၆ ဒသမ ၁၈၄ သန်းကို လုပ်ခလစာ၊ အုပ်ချုပ်မှုစရိတ်၊ လမ်းကြောင်း၊ Telematic Service တွေမှာ အသုံးပြုထားတယ်” ဟု ဒေါ်ခင်သန်းလှက ဆိုသည်။

စစ်ဆေးသည့်ကာလအတွင်း အဓိကကျသည့် စီမံအုပ်ချုပ်သူများလစာနှင့် အုပ်ချုပ်မှု ထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀ ဒသမ၄၈၀ သန်းပေးထားပြီး အဆိုပါစရိတ်အား လုပ်ခလစာ စာရင်းတွင် ပါဝင်ကြောင်း၊ ဘတ်စ်ကားဂိတ်များ ပြုလုပ်ရန် Route Master လမ်းကြောင်းရေးဆွဲခြင်းအတွက် Technomation Co.,Ltd သို့ ကျပ် ၉ ဒသမ ၂၀၀ သန်းပေးချေခဲ့ကြောင်း၊ Telematics စနစ်ဖြင့် အသုံးပြုထိန်းချုပ်ရန်အတွက် B’Smart Telematics Co.,Ltd သို့ ဝန်ဆောင်မှုစရိတ်အဖြစ် နေ့စဉ်ထွက်ကား တစ်စီးလျှင် ကျပ် ၄၀၀ နှုန်းဖြင့် လစဉ်ပေးချေထားသော စရိတ်များဖြစ်ကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

“ စစ်ဆေးတဲ့ကာလအတွင်း အသုံးစရိတ်ထက်ပိုသော ဝင်ငွေက ကျပ်သန်း ၇၆၉၁ ဒသမ ၈၀ သန်း ရရှိထားပေမယ့် ဝင်ငွေခွန် ပေးဆောင်ထားခြင်း မရှိပါဘူး” ဟု ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

မထသမှ ရယူခဲ့သည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို တန်ဖိုးဖြတ်ခြင်း မပြုလုပ်ရသေးသည့်အတွက် စာရင်းတွင် ဖော်ပြထားခြင်းမရှိကြောင်း၊ ဧရာဝတီဘဏ်တွင် အကောင့် ခြောက်ခု ဖွင့်လှစ်၍ ဘဏ်လက်ကျန် ကျပ် ၄၈၆၈ ဒသမ ၇၈၀ သန်း၊ ကမ္ဘောဇဘဏ်တွင် အကောင့်သုံးခုဖွင့်လှစ်ပြီး ဘဏ်လက်ကျန်ငွေ ကျပ် ၂၈၀၀ ဒသမ ၉၄၁ သန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တွင် အကောင့်တစ်ခုဖွင့်လှစ်ပြီး ဘဏ်လက်ကျန် ကျပ် သုညဒသမ ၇၃၀ သန်း စုစုပေါင်း ၇၆၇၀ ဒသမ ၄၅၁ သန်း ကျန်ရှိသည်ကို တွေ့ရှိရကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

 

 

Most Read

Most Recent