ပြည်တွင်းပဋိပက္ခတွင် လက်နက်ကိုင်၍ အားသာချက်ယူခြင်း၊ ဖြေရှင်းချက်အသစ်များဖြင့် စိတ်ကူးယဉ်ခြင်းသည် နိုင်င့ံပြဿနာကို ဖြေရှင်း၍မရဟု NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး

ပြည်တွင်းပဋိပက္ခတွင် လက်နက်ကိုင်၍ အားသာချက်ယူခြင်း၊ ဖြေရှင်းချက်အသစ်များဖြင့် စိတ်ကူးယဉ်ခြင်းသည် နိုင်င့ံပြဿနာကို ဖြေရှင်း၍မရဟု NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး
ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ NRPC ရုံးတွင် ပြုလုပ်သည့် JICM အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အဖွင့်မိန့်ခွန်း ပြောကြားစဉ်
ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ NRPC ရုံးတွင် ပြုလုပ်သည့် JICM အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အဖွင့်မိန့်ခွန်း ပြောကြားစဉ်
Published 8 January 2020
နေရိုင်း၊ အောင်မင်းသိန်း၊ ဇေယျာထွန်း

ပြည်တွင်းပဋိပက္ခတွင် လက်နက်ကိုင်၍ အားသာချက်ယူခြင်း၊ ဖြေရှင်းချက်အသစ်များဖြင့် စိတ်ကူးယဉ်ခြင်းသည် နိုင်င့ံပြဿနာကို ဖြေရှင်း၍မရဟု NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။

ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) တွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်း ပြောကြား၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“နှစ်ပေါင်း ၇၀ ကျော်ရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကနေ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းသည်သာ လက်တွေ့ကျပြီး ထိရောက်နိုင်မယ်ဆိုတာ သင်ခန်းစာရရှိခဲ့ကြပြီ ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေ များလာတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ကျွန်မတို့အနေနဲ့ သတိပေးချင်ပါတယ်။ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက်အသစ်တွေကို စိတ်ကူးယဉ်တာမျိုးတွေနဲ့ ကျွန်မတို့ နိုင်ငံပြဿနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံနေပြီး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ NCA ထီးရိပ်အောက်တွင် စုပေါင်းဆွေးနွေးမှုများ ပြုလုပ်နိုင်သည့်အပြင် လိုအပ်ပါက တစ်ဖွဲ့ချင်းနှင့် သီးခြားဆွေးနွေးနိုင်ရန် အစိုးရအနေဖြင့် တံခါးဖွင့်ထားကြောင်း၊ ယခုလို ဆွေးနွေးနိုင်ရန်အတွက်လည်း NCA တွင် အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“ ကျွန်မတို့ ဒီကနေ့ တရားဝင်အစည်းအဝေးမှာ တွေ့ဆုံပြီး လက်ရှိအစိုးရရဲ့ သက်တမ်းသာမက နောက်အစိုးရလက်ထက်မှာပါ ဆက်လက်ဖော်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းကြချိန်မှာ ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲနိုင်သေးတဲ့ အဖွဲ့တွေ၊ NCA လက်မှတ် မထိုးနိုင်သေးတဲ့အဖွဲ့တွေ ကျန်နေပါသေးတယ်။ ဒီအဖွဲ့တွေအားလုံးနဲ့ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့၊ NCA မှာ ပါဝင်နိုင်ဖို့ ကျွန်မတို့ရဲ့ NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင်က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ NCA  ထီးရိပ်အောက်မှာ စုပေါင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်သလို၊ လိုအပ်ရင် လိုအပ်သလို တစ်ဖွဲ့ချင်းနဲ့ သီးခြားဆွေးနွေးနိုင်ဖို့လည်း NCA မှာ အတိအလင်းဖော်ပြထားပြီး ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် မြင်သာသည့် ဆိုးကျိုးများရှိသကဲ့သို့ မမြင်သာသည့် ဆိုးကျိုးများလည်း ရှိပြီး ပေးဆပ်မှုအဖြစ် တိုင်းရင်းသားများနှင့် တိုင်းရင်သားဒေသများကို အထင်အရှား တွေ့မြင်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ နှစ်ပေါင်း ၇၀ ကျော် ဒီနိုင်ငံရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ တိုင်းရင်းသားပြည်သူတွေ၊ အပြစ်မဲ့ ကလေးသူငယ်တွေရဲ့ ဒုက္ခသံသရာ လည်နေတာတွေက လက်နက်ကိုင်ပဋိပက္ခရဲ့ ဆိုးကျိုးကို မျက်မြင်ကိုယ်တွေ့ သက်သေပြနေပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ရတယ်။ ကျေးရွာတွေ ထိခိုက်ရတယ်။ ပြည်သူတွေ ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲနေကြရတယ်။ ဒါတွေက မြင်သာတဲ့ ဆိုးကျိုးတွေပါ။ မမြင်သာတဲ့ဆိုးကျိုးတွေက တိုက်ပွဲဖြစ်ပွားရာဒေသ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ အနာဂတ်တွေ မှေးမှိန်ပျောက်ကွယ်သွားရတာပဲ ဖြစ်ပါတယ်။ ရေတိုခဏကာလမှာတော့ မာန်မာနတွေ၊ အာဃာတတွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာ စီးမျောနေကြပါလိမ့်မယ်။ ရေရှည်ကာလမှာတော့ ဒီလက်နက်ကိုင် တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်လိုက်ရတာက ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မတို့ တိုင်းရင်းသားဒေသတွေဆိုတာကို တဖြည်းဖြည်းချင်း အထင်အရှားတွေ့မြင်လာကြရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် နှစ်ပေါင်း ၇၀ ကျော် မြန်မာ့နိုင်ငံရေးသမိုင်းက သတ်မှတ်ပြဋ္ဌာန်းပေးလိုက်သည့် နိုင်ငံ၏ ထွက်ပေါက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ဒါကြောင့် နိုင်ငံရေးစားပွဲဝိုင်းတွေမှာ ဝင်ထိုင်ပြီး ကိုယ့်ရဲ့လိုအင်ဆန္ဒ၊ ကိုယ့်ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့ လိုပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့အတွက်လည်း ကျွန်မတို့က ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပေးတာဖြစ်ပါတယ်။ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းလာခဲ့ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

 

 

Most Read

Most Recent