အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်သည့် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ၏ Tier-3 ၌ ဆက်လက် မပါစေရေးအတွက် အားလုံးဝိုင်းဝန်းညှိနှိုင်း အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားဟုဆို

အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်သည့် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ၏ Tier-3 ၌ ဆက်လက် မပါစေရေးအတွက် အားလုံးဝိုင်းဝန်းညှိနှိုင်း အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားဟုဆို
Published 7 January 2020
နေရိုင်း၊ ဇေယျာထွန်း

အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်သည့် လူကုန်ကူးမှုဆိုင်ရာ အစီအရင်ခံစာ၏ Tier-3 အဆင့်၌ ဆက်လက် မပါစေရေးအတွက် အားလုံးဝိုင်းဝန်းညှိနှိုင်း အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်သည့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်း အစီအစဉ် (မူကြမ်း) အပြီးသတ် အတည်ပြုညှိနှိုင်း အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“အမေရိကန်က သတ်မှတ်တဲ့ Tier အပေါ် သူ့စံနှုန်း သတ်မှတ်ချက်တွေအပေါ် ဘယ်လိုချဉ်းကပ်သလဲဆိုတဲ့ အနေအထားမျိုးကို ကျွန်တော်တို့ လေ့လာနိုင်ဖို့ လိုပါတယ်။ အဲဒီလို အနေအထားမျိုးတွေကအစ ကျွန်တော်တို့ ဆွေးနွေးနိုင်ဖို့ လိုပါတယ်။ နောင်လာမယ့်နှစ်များမှာ ဒီ Tier-3 အဆင့်မှာ ဆက်လက် မပါစေရေးကိုလည်း အားလုံးဝိုင်းဝန်းညှိနှိုင်းပြီး အကောင်အထည်ဖော်ပေးဖို့၊ အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့။ ကျူးလွန်သူတွေကို သတင်းပေးဖို့၊ ကျူးလွန်သူများကို အရေးယူဆောင်ရွက်ဖို့။ အမေရိကန် ပြည်ထောင်စုကနေ ကမ်းလှမ်းလာတဲ့ ကျွမ်းကျင်သူတွေကို ဖိတ်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြုလုပ်ဖို့ အထက်က ညွှန်ကြားထားတာ တွေရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ဒေသခံပြည်သူများ အနေဖြင့် နိုင်ငံတကာတွင် လူကုန်ကူးခံရမှုများ ရှိနေပြီး ယင်းသို့လူကုန်ကူး ခံနေရမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် ပြန်လည်ကယ်တင်နိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

၎င်းက “နိုင်ငံတကာတွေမှာ သွားပြီးတော့ လူကုန်ကူးခံရတာတွေ၊ တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံရတာ တွေရှိတယ်။ ထိုင်းနိုင်ငံဘက်ကို လူကုန်ကူးခံရတာ တွေရှိတယ်။ အင်ဒိုနီးရှားနဲ့ ပတ်သက်ပြီးတော့ သင်္ဘောပေါ်တွေမှာ လူကုန်ကူး ခံရတာတွေရှိတယ်။ အဲဒီလိုလုပ်ခံနေရတဲ့ အပေါ်တွေမှာရော ကျွန်တော်တို့တွေက တိုင်းရင်းသားတွေရော။ ကိုယ့်ပြည်သူတွေ အပေါ်ရော ဒုက္ခမရောက်အောင် ကယ်တင်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေရတာတွေရှိတယ်။ ဒါပေမဲ့ အမျိုးသားအဆင့် စံလုပ်ငန်းစဉ် မရှိသေးတာ။ ဒီမရှိသေးတာကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်း အစီအစဉ် (မူကြမ်း) အပြီးသတ် အတည်ပြုပြီးပါက လက်တွေ့နယ်ပယ်တွင် လုပ်ဆောင်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လက်တွေ့လုပ်ဆောင်နေသည့် ဝန်ထမ်းများအား သင်တန်းပို့ချ သွားမည်ဖြစ်ပြီး လူကုန်ကူးခံရသူများ မိသားစုထံ စနစ်တကျ ပြန်ရောက်ရှိမည့် ထောက်ပံ့မှုများကို ပြည့်ပြည့်ဝ၀ ဆောင်ရွက်ပေးနိုင်မည့် အသေးစိတ် အစီအစဉ်များ ပါရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူကုန်ကူးခံရသူများထဲ၌ ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးခံခဲ့ရပြီး လူဦးရေ အများဆုံး အနေဖြင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှဖြစ်ကာ ပြန်လည်လက်ခံရေး အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း လူကုန်ကူးခံရသူ ၅၀၀ ကျော်လက်ခံခဲ့ကြောင်း သိရသည်။

နှစ်စဉ် အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်သည့် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာအရ ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် Tier-2 watch list အဆင့်ရှိသော်လည်း ၂၀၁၈ ခုနှစ်တွင် Tier-3 အဆင့်သို့ လျှော့ချသတ်မှတ်ခြင်း ခံခဲ့ရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် သက်ရောက်မှုအချို့ ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်သမ္မတ အမိန့်အရ ကန့်သတ်မှုအချို့ကို ကင်းလွတ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent