ဦးစားပေးဝါဒ၊ ခရိုနီဝါဒနှင့် ဆွေမျိုးကောင်းစားရေးဝါဒ

ဦးစားပေးဝါဒ၊ ခရိုနီဝါဒနှင့် ဆွေမျိုးကောင်းစားရေးဝါဒ
Published 6 January 2020

ဦးစားပေးဝါဒ (Favoritism) ဟူသည် အလွန်ကျယ်ပြန့်သော အသုံးအနှုန်းတစ်ရပ် ဖြစ်သည်။ အခြေခံအားဖြင့် ဦးစားပေးဝါဒဟူသည့်အတိုင်း အလုပ်တစ်ခုအတွက် တစ်စုံတစ်ဦးကို အကောင်းဆုံး လုပ်နိုင်သောကြောင့် မဟုတ်ဘဲ ဦးစားပေးခြင်းဖြစ်သည်။ အလုပ်နှင့်မဆိုင်ဘဲ ပုဂ္ဂိုလ်ရေးအရ ကြိုက်ခြင်းမကြိုက်ခြင်း၊ မိမိကြိုက်နှစ်သက်သော အုပ်စုတစ်ခုအတွင်းရှိခြင်း အစရှိသည့် အချက်များအရ ဦးစားပေးခြင်းဖြစ်သည်။ အလုပ်များခန့်ထားခြင်း၊ ဂုဏ်ပြုဆုများပေးခြင်းနှင့် ကန်ထရိုက်များပေးခြင်းတို့တွင် ဦးစားပေးဝါဒဟူသည့် စကားရပ်ကို အသုံးပြုလေ့ရှိသည်။ အာဏာရှိလာသူက ၎င်းရွေးကောက် တင်မြှောက်ခံရအောင် အကူအညီပေးခဲ့သည့်သူကို အစိုးရ အလုပ်ရာထူးများပေးကာ သူကောင်းပြုခြင်းကဲ့သို့သော ကိစ္စ၌ ဦးစားပေးဝါဒဟူသည့် စကားရပ်ကို သုံးစွဲတတ်သည်။ ဦးစားပေးဝါဒသည် အစိုးရလုပ်ငန်းများအတွင်း မကျေနပ်ချက်တစ်ရပ်အဖြစ် ကိန်းအောင်းနေတတ်သည်။ အလုပ်အကိုင်အတွက် အရည်အချင်းနှင့် အတွေ့အကြုံရှိရေးထက် ပတ်သက်ဆက်နွှယ်မှုကသာ အရေးပါသည့်သဘော ဖြစ်သည်။

ခရိုနီဝါဒ (Cronyism) ဟူသည် ပိုမိုတိကျသော ဦးစားပေးဝါ ဒအမျိုးအစားဖြစ်သည်။ မိတ်ဆွေအပေါင်းအသင်း၊ ပတ်သက်ဆက်နွှယ်နေသူများကို ဦးစားပေးခြင်းဖြစ်သည်။ ခရိုနီဝါဒထက် ပိုမိုကျဉ်းမြောင်းသော ဦးစားပေးဝါဒ အမျိုးအစားမှာ ဆွေမျိုးကောင်းစားရေးဝါဒ (Nepotism) ဖြစ်သည်။ ဆွေမျိုးများကို ဦးစားပေးခြင်းဖြစ်သည်။ Nepotism ဟူသည် တူတော်မောင် (Nephew) ဟု အဓိပ္ပာယ်ရသော အီတလီဘာသာစကား ဖြစ် သည်။ ကက်သလစ် ပုပ်ရဟန်းမင်းများနှင့် ဂိုဏ်းချုပ်ဘုန်းတော်ကြီးများသည် ကာဒီနယ် ဟုခေါ်သော ဘုန်းတော်ကြီးနေရာများကို ၎င်းတို့၏ တူတော်မောင်များကို ပေးအပ်ရာမှ ပေါ်ပေါက်လာသော စကားလုံးဖြစ်သည်။ နိုင်ငံရေးလောကတွင် အစိုးရရာထူးနေရာများ ခန့်ထားရာ၌လည်းကောင်း၊ စီးပွားရေးလောကတွင် အကျိုးအမြတ်ရှိသော ကန်ထရိုက်များ ပေးရာ၌လည်းကောင်း ခရိုနီဝါဒနှင့် မိသားစုကောင်းစားရေးဝါဒဟူသည့် စကားရပ်များက တွင်ကျယ်လာသည်။

ဦးစားပေးဝါဒ၊ ခရိုနီဝါဒနှင့် ဆွေမျိုးကောင်းစားရေး ၀ါဒတို့သည် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများလည်း ဖြစ်သည်။ ကျင့်ဝတ်ဆိုင်ရာ၌ အခြေခံအကျဆုံးအချက်မှာ တရား မျှတမှုဖြစ်သည်။ ယင်းအချက်ကို အရစ္စတိုတယ်ကပင်လျှင် “ညီမျှသူများကို ညီမျှစွာ ဆက်ဆံသင့်ပြီး မညီမျှသူများကို မညီမျှသည့်အတိုင်း ဆက်ဆံသင့်သည်” ဟူသော စကား ဖြင့် ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ ဆက်ဆံရန် လိုအပ်ထိုက်တန်မှု မရှိသူများကို အသာစီးရရှိ အောင် ပြုလုပ်ပေးသောကြောင့် ဦးစားပေးဝါဒ၊ ခရိုနီဝါဒနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အားလုံးသည် တရားမျှတရေးအတွက် ဆူးငြောင့်ခလုတ်များအဖြစ် ကျင့်ဝတ်ကို နှောင့် ယှက်ဖျက်ဆီးသည်။ အများပြည်သူနှင့်ဆိုင်သော လောကတွင် ယင်းဝါဒများက ကောင်းမှု သုစရိုက်များကို လျော့ပါးစေသည်။ တစ်စုံတစ်ဦးသည် အရည်အချင်းနှင့် အတွေ့အကြုံကြောင့် မဟုတ်ဘဲ ပတ်သက်ဆက်နွှယ်မှုကြောင့် ရာထူးတစ်ခုကို ရရှိပါက ထိုသူဦးစီးသော ဌာနကို ပြည်သူများက အထင်သေးကြမည်သာဖြစ်သည်။ ၎င်းအပြင် အဆိုပါ၀ါဒကို ကျင့်သုံးမှုများသည် အစိုးရနှင့်ဆိုင်သော အလုပ်အကိုင်ရာထူးများ ခန့်ထားခြင်းနှင့် ကန်ထရိုက်များချပေးခြင်း လုပ်ငန်းစဉ်များ၌ ပွင့်လင်းမြင်သာမှုကို လျော့ပါးသွားစေသည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့တစ်ခုနှင့် ပတ်သက်သော လုပ်ငန်းစဉ်များအတွင်း ဦးစားပေးဝါဒ၊ ခရိုနီဝါဒနှင့် ဆွေမျိုးကောင်းစားရေးဝါဒများ လွှမ်းမိုးနေပါက ယင်းအစိုးရအဖွဲ့ကို ပြည်ပနိုင်ငံများက အထင်သေး၊ နှာခေါင်းရှုံ့ကြမည်ဖြစ်သကဲ့သို့ နိုင်ငံတွင်းရှိ ပြည်သူများကလည်း အယုံအကြည်ရှိမည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇန်နဝါရီ ၇ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent