ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် လတ်တလောအကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးအရေးဖြစ်သကဲ့သို့ ရခိုင်အမျိုးသားများ၏အရေးသည် မြန်မာတစ်မျိုးသားလုံးအရေးဖြစ်ဟု NLD ပါတီ၏ လွတ်လပ်ရေးနေ့ ကြေညာချက်၌ ဖော်ပြ

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် လတ်တလောအကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးအရေးဖြစ်သကဲ့သို့ ရခိုင်အမျိုးသားများ၏အရေးသည် မြန်မာတစ်မျိုးသားလုံးအရေးဖြစ်ဟု NLD ပါတီ၏ လွတ်လပ်ရေးနေ့ ကြေညာချက်၌ ဖော်ပြ
NLD ပါတီက ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-ဉာဏ်လင်းထွန်း)
NLD ပါတီက ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-ဉာဏ်လင်းထွန်း)
Published 4 January 2020
ကျော်ဇင်ဝင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာသည် လတ်တလောအကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးအရေး ဖြစ်သကဲ့သို့ ရခိုင်အမျိုးသားများ၏ အရေးသည် မြန်မာတစ်မျိုးသားလုံးအရေးဖြစ်ဟု NLD ပါတီ၏ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ ကြေညာချက်၌ ဖော်ပြထားသည်။

၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

NLD ပါတီ၏ကြေညာချက်တွင် ကျွနု်ပ်တို့သည် နိုင်ငံရေးအရ တန်းတူဆက်ဆံရေးကိုလည်းကောင်း၊ စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိုလည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ ဆက်ဆံရေးတွင် ဘန်းဒေါင်းမူ ငါးချက်ကို အခြေပြုလျက် အပြန်အလှန်အသိအမှတ်ပြု အပြန်အလှန်လေးစား အပြန်အလှန်နားလည်မှုဖြင့်  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး စိတ်ဓာတ်ကို လက်တွေ့ကျကျ ကျင့်သုံးနေထိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

“ ကျွနု်ပ်တို့အတွက် အဓိကစိန်ခေါ်မှုမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးဖြစ်ပါတယ်။ လတ်တလောနှင့် အကြီးမားဆုံးစိန်ခေါ်မှုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် မြန်မာတစ်နိုင်ငံလုံးအရေးဖြစ်သလို ရခိုင်အမျိုးသားများ၏ အရေးသည်လည်း မြန်မာတစ်မျိုးသားလုံး၏အရေး ဖြစ်ပါသည်” ဟု NLD ပါတီ၏ကြေညာချက်တွင် ဖော်ပြပါရှိသည်။

“ ကျွန်တော်တို့ ဒီ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြည်သူလူထုကို သတင်းစကားပါးချင်တာက ကျွန်တော်တို့ မြန်မာပြည်ထောင်စုတစ်ခုလုံးဟာ အတိတ်ရဲ့လွှမ်းမိုးမှုကြောင့် အပြည့်အဝလွတ်လပ်ရေး မရသေးပါဘူး။ အဲဒီလိုအခြေအနေမှာ မိမိတို့ ပြည်နယ်တစ်ခုတည်း လွတ်လပ်မှုမျိုး ကြိုးစားတာမျိုးတွေ တွေ့လာရပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ အတိတ်ရဲ့ ချုပ်နှောင်ခံနေရတဲ့ အခြေအနေက အညီအညွတ်ပူးပေါင်း ဆောင်ရွက်ပြီးတော့ လွတ်မြောက်အောင် ကြိုးပမ်းကြဖို့ ဒီနေ့ရဲ့ သတင်းစကား ပြောချင်ပါတယ်” ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထို့ပြင် သမိုင်းဆိုသည်မှာ ပန်းတိုင်ကို လှမ်းကိုင်ရန် ကြိုးပမ်းနေသည့် လူသားတို့၏ ရုန်းကန်မှုသာ ဖြစ်သည်ဟူသောစကားနှင့် အညီ ကျွနု်ပ်တို့သည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတည်းဟူသော လောကပါလတရားကို အခြေခံသည့် မွန်မြတ်သောပန်းတိုင်ဆီသို့ ဦးမညွှတ်သော ဇွဲသတ္တိ၊ လုံ့လဖြင့် မမှိတ်မသုန် အရောက်လှမ်းကြရမည်ဖြစ်ကြောင်း၊ ဤသို့အားဖြင့် လွတ်လပ်ရေးဖခင်နှင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသစ်ထူထောင်ရေး ရည်မှန်းချက်ပန်းတိုင်ဆီသို့ ပြည်သူလူထုနှင့်အတူ ချီတက်ကြရန် NLD ပါတီ၏ ကြေညာချက်တွင် တိုက်တွန်းထားသည်။

ထို့အတူ NLD ပါတီကြေညာချက်တွင် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံတကာအရေးကိစ္စမှာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကိစ္စဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့  မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သမာဓိရှိရှိ၊ ဣန္ဒြေရရ တရားရင်ဆိုင်ခဲ့ကြောင်း၊ အမှန်တရားနှင့် တရားမျှတမှု၊ အမျိုးသားဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာအတွက် ခုခံကာကွယ်ထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရားခွင် လျှောက်လဲချက်များသည် ကမ္ဘာ့အလယ်တွင် သမိုင်းဝင်ခဲ့ကြောင်း၊ အခြားတစ်ဖက်တွင်လည်း လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၏ ထောက်ပြခုခံချေပချက်များမှာ ဂမ်ဘီယာနိုင်ငံက မိမိနိုင်ငံသည် လူမျိုးပြုန်းတီးရေး လုပ်ဆောင်နေသည်ဟူသော စွပ်စွဲချက်များမှာ အခြေအမြစ်မရှိ၊ အထောက်အထား မပြည့်စုံကြောင်း နိုင်ငံတကာရှေ့မှောက်၌ ထင်ရှားပေါ်လွင်စေခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Most Read

Most Recent