ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲမကျင်းပနိုင်ပါက ဒေသခံများအားပေးသည့်ပါတီများသာ နစ်နာမည်ဖြစ်ပြီး ယင်းဒေသများ၌ NLD အနိုင်မရသည်မှာ အစဉ်အလာဖြစ်နေပြီဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲမကျင်းပနိုင်ပါက ဒေသခံများအားပေးသည့်ပါတီများသာ နစ်နာမည်ဖြစ်ပြီး ယင်းဒေသများ၌ NLD အနိုင်မရသည်မှာ အစဉ်အလာဖြစ်နေပြီဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 4 January 2020
ဉာဏ်လင်းထွန်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲမကျင်းပနိုင်ပါက ဒေသခံများ အားပေးသည့်ပါတီများသာ နစ်နာမည်ဖြစ်ပြီး ယင်းဒေသများ၌ NLD ပါတီ အနိုင်မရသည်မှာ အစဉ်အလာဖြစ်နေပြီဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဇန်နဝါရီ ၄ ရက်က ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် ကျင်းပသည့် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ်အထက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။

“ မဲရွေးချယ်မှု မလုပ်နိုင်ဘူးဆိုရင် တကယ်တော့ ဘယ်ကနစ်နာမလဲဆိုတော့ အဲဒီဒေသခံတွေပဲ အားပေးထားတဲ့ နိုင်ငံရေးပါတီပဲ နစ်နာမှာပါ။ ဒီနယ်တွေမှာ ကျွန်တော်တို့ အနိုင်မရရှိတာ အစဉ်အလာလို ဖြစ်နေပါပြီ။ အဲဒီတော့ ဒီနေရာမှာ ရွေးကောက်ပွဲမဖြစ်ရင် နိုင်လေ့ရှိတဲ့ပါတီတွေ လွှတ်တော်မှာ ကိုယ်စားပြုနိုင်ခွင့် ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ အဖွဲ့ချုပ်အတွက် ထူးခြားပြီး နစ်နာမယ်လို့ မမြင်ပါဘူးခင်ဗျ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် နေရာအနည်းငယ်သာ အနိုင်ရရှိခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ စသည့်မြို့နယ်များတွင်သာ NLD ပါတီ အနိုင်ရခဲ့ပြီး ကျန်မြို့နယ်အများစုတွင် ဒေသခံရခိုင်အမျိုးသားပါတီက အများစု အနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက နေရာအချို့ အနိုင်ရခဲ့သည်။

ထို့ပြင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲများ၌လည်း အမ်း၊ ရသေ့တောင် စသည့်မြို့နယ်များတွင် NLD ပါတီ အနိုင်ရခဲ့ခြင်းမရှိပေ။

ယခုနှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်အများစုတွင် တပ်မတော်နှင့် AA အဖွဲ့တို့ ဖြစ်ပွားနေပြီး တိုက်ပွဲများ ရပ်တန့်နိုင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်း၏ ငြိမ်းချမ်းရေးကို လိုလားသည့် ဆန္ဒဖြင့် တွေ့ဆုံဆွေးနွေးသည့် အခြေအနေများအပေါ် များစွာမူတည်မည်ဖြစ်ပြီး ဆွေးနွေးမှုများ အဆင်မပြေ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီများထက် ပြည်သူလူထုက ပိုမိုနစ်နာမည်ဟု ရခိုင်အမျိုးသားပါတီ မူဝါရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က မှတ်ချက်ပြုသည်။

“ ရွေးကောက်ပွဲမဖြစ်ရင် နစ်နာဆုံးရှုံးမှာက တိုင်းရင်းသားပါတီထက် အဓိက က ပြည်သူလူထုပဲဗျ။ ပြည်သူရဲ့ အဘက်ဘက်က လိုအပ်နေတဲ့ နစ်နာမှုတွေ၊ ဖိနှိပ်ခံရမှုတွေ၊ မလွတ်လပ်မှုတွေ၊ လိုအင်ဆန္ဒတွေကို ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်ကပဲ Political Platform လို့ခေါ်တဲ့ လွှတ်တော်ဆိုတဲ့ နိုင်ငံရေးစင်မြင့်မှာ အများသိ၊ နိုင်ငံသိ၊ ကမ္ဘာသိပြောနိုင်တဲ့ အခွင့်အရေးရှိတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တိုင်းနှင့် ပြည်နယ်တစ်ဝန်း အခြေခံ မဲစာရင်းကောက်ယူမှုကို ၂၀၁၉ ခုနှစ် ဇူလိုင်မှ စက်တင်ဘာအထိ ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်လည်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှအပ ကျန်မြို့နယ်များတွင် မဲစာရင်းကောက်ယူပြီးဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမြင့်နိုင်က ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး စီစဉ်လျက်ရှိကြောင်း ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ပြောကြားထားသည်။

AA စစ်ဦးစီးချုပ်ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပလိုပါက ၎င်းတို့နှင့် ညှိနှိုင်းရမည်ဟု ပြည်တွင်း မီဒီယာတစ်ခုကို ပြောကြားထားသည်။

 

 

Most Read

Most Recent