ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ အပါအဝင် ဆရာတော်ကြီးခုနစ်ပါးအား ပရိယတ္တိဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်သမ္မတက ဆက်ကပ်လှူဒါန်း

ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ အပါအဝင် ဆရာတော်ကြီးခုနစ်ပါးအား ပရိယတ္တိဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်သမ္မတက ဆက်ကပ်လှူဒါန်း
Published 4 January 2020
နေမျိုးဝင်း

ဒေါက်တာနန္ဒမာလာဘိဝံသ (ပါမောက္ခချုပ် ဆရာတော်ကြီး) အပါအဝင် ဆရာတော်ကြီးခုနစ်ပါးအား ပရိယတ္တိဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်နှင့် အခြားဆရာတော်ကြီးများကိုလည်း သက်ဆိုင်ရာ ဘွဲ့တံဆိပ်အသီးသီးအား နိုင်ငံတော်သမ္မတက ဆက်ကပ်လှူဒါန်းအပ်နှင်းကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၄ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။

ထိုသို့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းမှုများအနက် ဂန္ထဓုရ ပရိယတ္တိ ဝန်ဆောင်စာချဆရာတော်များ၊ ၀ိပဿနာဓုရ ပဋိပတ္တိဝန်ဆောင်ကမ္မဋ္ဌာန်း နည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပသာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း သိရသည်။

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်းများမှာ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီး ဖြစ်ခြင်း၊ အနည်းဆုံးသိက္ခာဝါ ၆၀ ရှိခြင်း၊ ဗဟုသုတအကြားအမြင်များခြင်း၊ သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခြင်း၊ ပရိယတ္တိစာသင်တိုက်ဦးစီး ပဓာန နာယကဖြစ်ခြင်း၊ တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း သြဇာ တိက္ကမကြီးမားခြင်း၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကြီးမားခြင်းကြောင့်အများ ပြည်သူတို့၏ ကြည်ညိုလေးစားမှုခံရခြင်းတို့ဖြစ်ပြီး ပြည်ပဘွဲ့ခံဆရာတော်များအတွက် အမှတ်စဉ် (၁) ဂုဏ်အင်္ဂါကို လျှော့ပေါ့စဉ်းစားနိုင်ကြောင်း၊ ဘွဲ့တံဆိပ်ဂုဏ် အင်္ဂါအရည်အချင်း သတ်မှတ်ချက်များအရ သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက ဆက်ကပ်လှူဒါန်းသည့် ဘွဲ့တံဆိပ်တော်များအနက် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၂၉ ပါး၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိ တဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၂၆ ပါးနှင့် သီလရှင် ဆရာကြီးငါးပါးတို့ ဆက်ကပ်ခံရကြောင်း သိရသည်။

ထို့အတူ မဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၄၇ ပါးနှင့် သီလရှင်ဆရာကြီး လေးပါးတို့ကိုလည်းကောင်း၊ ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၄၄ ပါးနှင့် သီလရှင်ဆရာကြီး ရှစ်ပါးကိုလည်းကောင်း၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး လေးပါးအားလည်းကောင်း၊ ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး လေးပါးအားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အတူ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အပါအဝင် ခုနစ်ပါးအားလည်းကောင်း၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၄၉ ပါးအားလည်းကောင်း၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၅၂ ပါး၊ သီလရှင်ဆရာကြီးလေးပါးအားလည်းကောင်း၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၄၆ ပါး၊ သီလရှင် ဆရာကြီးလေးပါးအားလည်းကောင်း၊ အဂ္ဂ မဟာကမ္မဋ္ဌာနာ စရိယဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၁၀ ပါးအားလည်းကောင်း၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၁၁ ပါးအားလည်းကောင်း၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ခုနစ်ပါးအားလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အလားတူ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်၊ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်၊ သီရိသုဓမ္မသိင်္ဂီဓဇ ဘွဲ့တံဆိပ်၊ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်၊ သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်၊ သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တို့ကိုလည်း လူပုဂ္ဂိုလ်အသီးသီးတို့ကိုလည်း နိုင်ငံတော်သမ္မတက အပ်နှင်းခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent