လက်ရှိဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသုံးခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရန် အဓိကအလားအလာကောင်းသော ကဏ္ဍများဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား

လက်ရှိဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသုံးခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရန် အဓိကအလားအလာကောင်းသော ကဏ္ဍများဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား
မြင်းခြံမြို့နယ်အတွင်း စင်ကာပူနိုင်ငံ Sembcorp ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
မြင်းခြံမြို့နယ်အတွင်း စင်ကာပူနိုင်ငံ Sembcorp ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 4 January 2020
ဇေယျာငြိမ်း

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍသုံးခုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အဓိကအလားအလာကောင်းသော ကဏ္ဍများဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အလားအလာကောင်းတဲ့ နံပါတ် (၁) ကဏ္ဍက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့်လုပ်ငန်းတွေပေါ့။ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေပေါ့။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့်လုပ်ငန်းတွေ အလားအလာ အခြေအနေကောင်းတယ်။ နံပါတ် (၂) က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အလားအလာကောင်းတယ်။ နံပါတ် (၃) ကတော့ Logistic ပေါ့။ ဆိပ်ကမ်းတွေ လုပ်မယ့်နေရာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ထဲမှာ အကောက်ခွန်ဦးစီးဌာနကနေပြီးတော့ Bonded Warehouse နဲ့ပတ်သက်တဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်တယ်။ အဲဒါထုတ်ပြန်နိုင်လို့ရှိရင် Logistic လုပ်ငန်းတွေ အလားအလာအတော်လေး ပွင့်သွားမယ်ပေါ့နော်။ အဲဒီကဏ္ဍသုံးခု ဒီနှစ်ထဲမှာ ကောင်းမယ်လို့မြင်ပါတယ်”+ ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈၇၆ ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၃ ဘီလျံခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယင်းအနက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၃ ခုမှ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်းပမာဏ၏ ၂၆ ရာခိုင်နှုန်းကျော် ရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၅၄ ခုမှ အမေရိကန်ဒေါ်လာ ၂၂ ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော် ရှိသည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၁ ခုမှ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံခန့် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်းပမာဏ၏ ၁၃ ရာခိုင်နှုန်းကျော် ရှိသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် အမြင့်ဆုံးမဂ္ဂါဝပ် ၅,၀၀၀ ခန့်အထိရှိမည်ဖြစ်ပြီး ထပ်မံလိုအပ်သည့် မဂ္ဂါဝပ် ၁,၀၀၀ ကျော်အတွက် ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံကိန်းအသစ် ခုနစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားသည်။

နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် တစ်နှစ် မဂ္ဂါဝပ် ၃၀၀ မှ ၅၀၀ ကြား တိုးတက်လိုအပ်လျက်ရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေတိုရေရှည် အစီအမံများ ချမှတ်ကာ ကြိုတင်စီမံဆောင်ရွက်မှသာ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို နှစ်စဉ်အချိန်မီပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) အရ ၂၀၃ဝခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် အဝေးပြေးလမ်းမများ၏ ရာခိုင်နှုန်း ၆၀ သည် အရည်အသွေးနိမ့်ကျနေပြီး ဒေါ်လာဘီလျံ ၆၀ ခန့်အထိ အကုန်ကျခံကာ ရင်းနှီးမြှုပ်နှံပြီး ပြုပြင်မှသာ လက်ရှိသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၃၀ ခန့်အထိ ကျဆင်းသွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်အတွင်းက ပြုလုပ်သည့် Myamnar- Korea Investment Promotion Seminar အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားထားသည်။

 

 

Most Read

Most Recent