ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်သုံးလခန့်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၁၇၀ ကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၀၀ ခန့် လျော့ကျ

ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်သုံးလခန့်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၁၇၀ ကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၀၀ ခန့် လျော့ကျ
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 2 January 2020
ဇေယျာငြိမ်း

ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် သုံးလခန့်တွင် ကုန်သွယ်မှုလို ငွေဒေါ်လာသန်း ၁၇၀ ကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၀၀ ခန့်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်တန်ဖိုးပမာဏထက် ပြည်ပမှတင်သွင်းသည့် သွင်းကုန်တန်ဖိုး ပမာဏပိုများနေခြင်းကို ဆိုလိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၉၇ ဘီလျံ ရှိသည်။

ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန် တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၇၁ ဘီလျံအထိရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် သုံးလခန့်တွင် မြန်မာနိုင်ငံအနေဖြင့်  ပြည်ပမှတင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၈၉၈ သန်းအထိ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလခန့်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၈၉၈ သန်းအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာသန်း ၈၆၇ ဒသမ ၂၇၄ သန်းအထိ ရှိခဲ့သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလခန့်တွင် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၆၉၃ ဒသမ ၃၇၆ သန်းအထိ လျော့ကျခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်ခဲ့ခြင်းက အဆိုပါကာလအတွင်း ပြည်ပသို့ ပို့ကုန်ပိုမိုတင်ပို့နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် သုံးလခန့်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၉၆၀ ကျော်အထိ ပိုမိုတင်ပို့ထားနိုင်ကြောင်း သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်နည်းတူ ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ သာရှိစေရန် မျှော်မှန်းထားသော်လည်း လက်တွေ့လုပ်ကိုင်ရာ၌ အခက်အခဲများရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Fortune Plaza ၌ ပြုလုပ်သည့် “ Myanmar Entrepreneurship Summit 2019” တွင် မီဒီယာများ၏ မေးမြန်းမှုကို ယခုကဲ့သို့  ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကုန်သွယ်မှုလိုငွေကတော့ နည်းနည်းလေးလျော့မယ့် သဘောလေးရှိတယ်။ လျာထားချက်ကတော့ ဒေါ်လာသန်း ၅၀၀ လောက်ပဲ ရှိအောင်ပေါ့နော်။ ဒါပေမဲ့ တကယ်လက်တွေ့ လုပ်တဲ့အခါကျတော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှုအားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာ မွေးမြူရေးက တက်လာတယ်။ ကြက်စာ အရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းက တန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆို တန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်းဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ၊ ဒါတွေကလျှော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာရှိတယ်။ စားအုန်းဆီကလည်း လျော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျှော့လို့မရဘူး။ ဆေးဝါးကလည်း လျှော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန် ဒေါ်လာသန်း ၅၀၀ အထိလျှော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ်ကြားကာ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။           

 

 

Most Read

Most Recent