ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်ပြီး အဘက်ဘက်နှင့် သင့်မြတ်စွာ ဆက်ဆံကာ ဒေသရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် အာမခံချက်ပေးသွားမည်ဟု မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ပြောကြား

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်ပြီး အဘက်ဘက်နှင့် သင့်မြတ်စွာ ဆက်ဆံကာ ဒေသရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် အာမခံချက်ပေးသွားမည်ဟု မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ပြောကြား
၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်က ပြုလုပ်သော အထူးဒေသ (၄) ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည့်  မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းအား တွေ့ရစဉ်
၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်က ပြုလုပ်သော အထူးဒေသ (၄) ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည့်  မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းအား တွေ့ရစဉ်
Published 2 January 2020
ကျော်ဇင်ဝင်း

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်ပြီး အဘက်ဘက်နှင့် သင့်မြတ်စွာဆက်ဆံကာ ဒေသရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် အာမခံချက်ပေးသွားမည်ဟု NCA ရေးထိုးထားခြင်းမရှိသေးသည့် မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားကို မိုင်းလားအဖွဲ့ပိုင် Mingla News မှတစ်ဆင့် ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ လက်ရှိအခြေအနေကို ဆက်လက်ထိန်းသိမ်း၍  အတိတ်ကိုပြန်ပြောင်းသတိရလျက် အနာဂတ်ကို ရှုမျှော်ပြီး ပိုမိုလှပတင့်တယ်တဲ့ နေထိုင်မှုဘဝကို တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ တက်ကြွစွာပါဝင်ပြီး တစ်ခုလုံးရဲ့ အခြေအနေပေါ်မူတည်၍ အဘက်ဘက်နဲ့ သင့်မြတ်စွာ ဆက်ဆံကာ ဒေသရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် အာမခံချက် ပေးသွားမှာဖြစ်ပါတယ်။ ကျွနု်ပ်တို့အားလုံး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီရဲ့ ဦးဆောင်မှုအောက်မှာ သိပ်သည်းကျစ်လျစ်၍ နိုးကြားတက်ကြွစွာ၊ လက်တွေ့ကျစွာ၊ စည်းလုံးညီညွတ်စွာ လက်တွဲမဖြုတ် အတူတကွ ရှေ့ဆက်လျှောက်လှမ်းသွားစေလိုပါတယ်။ ဒေသတစ်ခုလုံးရှိ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ ပြည့်ဝစေရေးအတွက်လည်းကောင်း၊ ဒေသရဲ့ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးမှုရလဒ်အား ထိန်းသိမ်းရန်အတွက်လည်းကောင်း အတူတကွ ကြိုးပမ်းသွားစေလိုကြောင်း၊ တိုင်းရင်းသားပြည်သူအပေါင်း ပျော်ရွှင်ချမ်းမြေ့ပြီး  လိုအင်ဆန္ဒပြည့်ဝပါစေကြောင်း နှစ်သစ်မင်္ဂလာအခါသမယမှာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်” ဟု မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းက ပြောကြားသည်။

၂၀၁၉ ခုနှစ်အတွင်း မိမိတို့သည် ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး နှစ် ၃၀ တာကာလအတွင်း ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များကို ပြည်တွင်းပြည်ပသို့ ပြသနိုင်ခဲ့ကြောင်း၊ ဒေသတစ်ခုလုံးရှိ ပြည်သူတစ်ရပ်လုံးသည် ညီညွတ်စွာဖြင့်အတူတကွ ကြိုးပမ်းချီတက်ခဲ့ကြပြီး စီးပွားရေးတည် ဆောက်မှုလုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့သည့်အတွက် ဒီမိုကရေစီပြည့်ဝသော တရားဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တည်ဆောက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထို့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ One Belt and One Road ကမ်းလှမ်းချက်အရ ပြည်သူလူထုကျေနပ်အောင်၊ နိုင်ငံတော် အစိုးရက အသိအမှတ်ပြုအောင်၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ချီးမွမ်းအောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးဒေသ (၄) ၌ မြို့ပြတည်ဆောက်မှု လုပ်ငန်း၏အုပ်ချုပ်ရေး အရည်အသွေးတိုးတက်လာပြီး ခရီးသွားကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံအထွက်နှုန်းများလာပြီး စက်မှုလုပ်ငန်းများလည်း တိုးတက်မှုရှိလာကြောင်း၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းများသည်လည်း အကောင်းဘက်သို့ ပုံမှန်တိုးတက်မှုရှိလာကြောင်း၊ အခြားဘက်စုံလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူလူထုသည် ပိုမိုအေးချမ်းသာယာလာကြောင်း၊ အဆိုပါရလဒ်များသည် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ဦးဆောင်မှု၊ နိုင်ငံတော်အစိုးရနှင့် ညီနောင်အဖွဲ့အစည်းများ၏ ကူညီမှုကြောင့်လည်းကောင်း၊ အဘက်ဘက်မှထောက်ခံ ကူညီပေးမှုကြောင့်သော်လည်းကောင်း၊ အထူးသဖြင့် ဒေသတွင်း တိုင်းရင်းသားပြည်သူများ၊ ကေဒါနှင့် တပ်ဖွဲ့များ၏ စည်းလုံးညီညွတ်စွာ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်ကြောင်း ဦးစိုင်းလင်းက ပြောကြားသည်။

 

 

Most Read

Most Recent