ဗုဒ္ဓက ယေရှုဘုရားကို ထောက်ခံကြောင်း ရေးသားထားသည့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာအကြား ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ် ဖြစ်စေနိုင်သော စာသားများပါ ဗီနိုင်းတစ်ခု ရန်ကုန်မြို့တော်ခန်းမအနီး ကပ်ခဲ့မှုအား စုံစမ်း၍ အရေးယူစရာရှိပါက အရေးယူမည်ဖြစ်ပြီး ပြောဆိုဆုံးမစရာ ရှိပါက ပြောဆိုဆုံးမသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားသည်။
ဗီနိုင်းအား ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီကျော်ခန့်တွင် လူတစ်ဦးက လာကပ်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၁၂ နာရီကျော်အထိ ရှိခဲ့ကြောင်း ဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားသည်။ ယင်းသို့ ဗီနိုင်းအား ကပ်ထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး လူအများကလည်း ဝေဖန်ခဲ့ကြသည်။
“သူတစ်ပါးသာသနာကို ထိခိုက်အောင် လုပ်တယ်ဆိုရင် စိတ်နှလုံး ညှိုးနွမ်းအောင်လုပ်တယ်ဆိုရင် သူဘာသူ ငါတို့ ဗုဒ္ဓဘာသာ၊ ငါတို့ခရစ်ယာန်ဘာသာက ဒီလိုကြီးလား ကိုးကွယ်ရမှာ စိတ်ပျက်စရာ ကောင်းလိုက်တာ ဆိုပြီးတော့ အဲ့လို စိတ်ထိခိုက်စေတယ်ဆိုရင် ပုဒ်မ ၂၉၅(က)ပေါ့၊ အဲ့တာကတော့ မသိလို့ပဲ ဖြစ်ဖြစ်၊ တစ်ချို့က ကကျိုးကကြောင်နဲ့ လုပ်တာဆိုတော့ အကျယ်အကျယ် မဖြစ်အောင်တော့ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်ရမှာ၊ ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်၊ ဒါက လူကြီးတွေလုပ်ရမှာ တစ်ချို့အစွန်းရောက်တဲ့ လူငယ်တွေ ကလေးတွေလဲ ရှိမှာပေါ့၊ ဒါမျိုးကတော့ အရေးယူရမယ့်ဟာမျိုး ဆိုရင်တော့ အရေးယူမှာပေါ့ အရေးယူစရာ မလိုဘူး ပြောစရာရှိရင် ပြောရုံပဲ ဆုံးမစရာရှိတာ ဆုံးမရုံပဲ ဆိုရင်တော့ နောက်မဖြစ်ဖို့အတွက် ပြောရမှာပေါ့ ကိုယ်တို့ကတော့ မသိသေးဘူး၊ မေးကြည့်ရအုံးမယ်” ဟု သာသနာရေးမှူး ဦးစိန်မော်က ပြောကြားသည်။
ရန်ကုန်မြို့လယ်တွင် ကပ်ခဲ့သည့် ဗီနိုင်းစာရွက်ပေါ်တွင် Discovery ရှာဖွေတွေ့ရှိခြင်း ခေါင်းစဉ်ဖြင့် အောက်တွင် ဗုဒ္ဓက ယေရှုဘုရားကို ထောက်ခံတဲ့အကြောင်းဟု ရေးသားထားသော စာသားများ အပါအဝင် ဘာသာနှစ်ခုအကြား အငြင်းပွားဖွယ်ရာ အကြောင်းများနှင့် ဗုဒ္ဓဘာသာအပေါ် အထင်အမြင် လွဲမှားစေနိုင်သော စာသားများကိုလည်း ထည့်သွင်းရေးသားထားသည်။
“တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုရင်တော့ အရေးယူတဲ့အပိုင်း လာမှာပေါ့ မေးတော့မေးကြည့် လိုက်ဦးမယ်” ဟု သာသနာရေးမှူး ဦးစိန်မော်က ဆက်လက်ပြောကြားသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများ အခန်း ၁၅ တွင် လူတစား ကိုးကွယ်သည့် ဘာသာသာသနာကိုဖြစ်စေ၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစား၏ ကိုးကွယ်ရာ ဘာသာရေးစိတ်ဓါတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုများ ၂၉၅(က)။ ။ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသော အကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစား ကိုးကွယ်သည့် ဘာသာသာသနာကို သော်လည်းကောင်း၊ ဘာသာရေး ယုံကြည်မှုကိုသော် လည်းကောင်း စော်ကားလျှင် သို့မဟုတ် စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။















