စပါးအသင်းနည်းပြ မော်ရင်ဟိုက မိမိတို့အနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခံစစ်ကစားသမား ခေါ်ယူရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
စပါးအသင်းနည်းပြ မော်ရင်ဟိုက မိမိတို့အနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခံစစ်ကစားသမား ခေါ်ယူရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် စပါးအသင်းအနေဖြင့် ဂိုးများအလွယ်တကူပေးနေရခြင်းအတွက် အသင်း၏ခံစစ်ပိုင်းကို ဒေါသထွက်မိသည်ဟု ဝန်ခံခဲ့သော်လည်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စပါးအသင်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂၉)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခံစစ်အမှားများကြောင့် နောဝစ်ချ်အသင်းကို (၂-၂)ဂိုးဖြင့် သရေသာ ကစားနိုင်ခဲ့သည်။
ဆောက်သမ်တန်နှင့်ပွဲကြို ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ ခံစစ်ကစားသမား ခေါ်မည်လားဟု မော်ရင်ဟိုကို မေးမြန်းခဲ့သည်။
မော်ရင်ဟိုက "ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခံစစ်ကစားသမား ခေါ်ယူမှာ မဟုတ်ပါဘူး။ ဇန်နဝါရီမှာ ကျွန်တော်တို့အနေနဲ့ အလုပ်လုပ်ဖို့ အချိန်ပိုရမှာဖြစ်ပြီး ခံစစ်ပိုင်းကို အခုထက်ပိုပြီးတိုးတက်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အသင်းအနေနဲ့ အကောင်းဆုံးအနေအထားကို မရောက်သေးပေမယ့် အရင်ကထက်တော့ ပိုကောင်းလာပါပြီ။ ခံစစ်ပိုင်းက ရယ်စရာကောင်းတဲ့ ဂိုးတွေပေးရတာ ဒေါသထွက်ဖို့ ကောင်းပြီး ဒါကို ကျွန်တော်တို့ ပြင်နိုင်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ယနေ့ (မြန်မာစံတော်ချိန် ည ၉:၃၀ နာရီ)တွင် ဆောက်သမ်တန်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။ စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၀)အပြီးတွင် ရမှတ် (၃၀)မှတ်ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်နေပြီး အဆင့် (၄)နေရာမှ ချယ်လ်ဆီးအသင်း (၃၅ မှတ်)နှင့် (၅)မှတ် ကွာဟနေသည်။