လူငယ်ရော့ခ် Band များကြားတွင် ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများဖြင့် ကြိုးစားနေခဲ့ရာမှ “မိုးမခအိပ်မက်ခရမ်းပြာ” တေးသီချင်းနှင့် ၂၀၁၉ ခုနှစ်အတွင်း လူငယ်ပရိသတ်များကြားတွင် အခိုင်အမာရပ်တည်လာနိုင်ခဲ့သူ တေးသံရှင်ဟန်နေတာ (Eternal Gosh) အား ၂၀၁၉ ခုနှစ်အတွင်း ထင်ရှားသည့် တေးသံရှင်တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။
တေးသံရှင်ဟန်နေတာသည် Eternal Gosh Band ၏ ပင်တိုင်တေးသံရှင်တစ်ဦးဖြစ်ပြီး ဂီတလောကအတွင်း ၂၀၁၃ ခုနှစ် ဝန်းကျင်ခန့်မှ စတင်လျှောက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိထားကာ ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်လည်း မကြာမီထွက်ရှိရန် စီစဉ်ထားသည်။ တေးသံရှင်ဟန်နေတာသည် ရော့ခ်ဂီတပုံစံတေးသီချင်းများစွာ သီဆိုသူဖြစ်ပြီး လူငယ်များကြားမှv အကြောင်းအရာ၊ ခံစားမှု၊ အဖြစ်အပျက်များအား ပုံဖော်သည့် တေးသီချင်းများကို ရေးသားသီဆိုလေ့ရှိသူဖြစ်သည်။ လူငယ်တစ်ယောက်၏ စိတ်ခံစားမှုနှင့် ထွက်ပေါက်မဲ့နေသည့် အခြေအနေကို ပုံဖော်ထားသည့် “မိုးမခ အိပ်မက်ခရမ်းပြာ” တေးသီချင်းမှာ လူငယ်ပရိသတ်များစွာ၏ အားပေးမှုကို ရရှိထားသည့် တေးသီချင်းဖြစ်သည်။ ထို့ပြင် ဝဋ်ကြွေး၊ လက်ခုပ်၊ ကောင်းကင်အနီ၊ ဓား စသည့် တေးသီချင်းများမှာ ပရိသတ်များကြားတွင် ထင်ရှားကာ “ငွေစက္ကူ ၇ ရွက်” ရုပ်သံဇာတ်လမ်းတွဲ၏ Theme Song ဇာတ်ဝင်တေးသီချင်းမှာလည်း ယခုနှစ်အတွင်း အောင်မြင်ခဲ့သည့် တေးသီချင်းတစ်ပုဒ်ဖြစ်သည်။ တေးသံရှင် ဟန်နေတာသည် (Eternal Gosh)အဖွဲ့အနေဖြင့် Idiot Band နှင့်တွဲဖက်ကာ FG Live Lounge ဂီတဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်ခဲ့သည်။ ယင်းဂီတဖျော်ဖြေပွဲတွင် တေးသံရှင်ဟန်နေတာ၏ တင်ဆက်မှုများအား ပရိသတ်များစွာက အားပေးခဲ့ကာ ပရိသတ်များကြားတွင် ပိုမိုထင်ရှားလာခဲ့သည်။ ထို့နောက်တွင် ဂီတဖျော်ဖြေပွဲပေါင်းများစွာ၌ ဆက်လက်ပါဝင်ခွင့်ရရှိခဲ့ကာ ရော့ခ် Generation မျိုးစုံပါဝင်ခဲ့သော ဆေးပေါင်းခတဲ့ရန်ကုန်ည ဂီတဖျော်ဖြေပွဲတွင်လည်း ပါဝင်ခွင့်ရခဲ့သည်။ တေးသံရှင်ဟန်နေတာသည် ပြင်ဦးလွင်ပန်းပွဲတော်ဂီတဖျော်ဖြေပွဲအပါအဝင် နယူးရီးယားအကြိုညအထိ ဂီတဖျော်ဖြေပွဲများစွာ၌ပါဝင်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။
တေးသံရှင်ဟန်နေတာ၏ အချစ်ရေးနှင့်ပတ်သက်၍လည်း ယခုနှစ်အတွင်း ပရိသတ်စိတ်ဝင်စားစရာ သတင်းစကားများစွာ ထွက်ပေါ်ခဲ့သည်။