၂၀၁၉ ခုနှစ်အတွက် Weekly Eleven ဂျာနယ်မှ ဖော်ပြမည့် ထင်ရှားကျော်ကြားကဏ္ဍတွင် မြန်မာ့ရုပ်ရှင်အတွက် ဆယ်စုနှစ်တစ်ခုစာအတွင်း စံချိန်တင်အရေအတွက်ဖြစ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားများ၏ ရုံတင်ပြသခဲ့သည့် ဇာတ်ကားအရေအတွက်ကို တင်ပြအပ်ပါသည်။
၂၀၁၉ ခုနှစ်အတွင်း မြန်မာရုပ်ရှင်ဇာတ်ကားသစ်စုစုပေါင်း ၉၉ ကားအထိ ရုံတင်ပြသနိုင်မည်ဖြစ်ကာ အဆိုပါ အရေအတွက်သည် ဆယ်စုနှစ်အတွင်း စံချိန်တင်ဇာတ်ကားအရေအတွက် ဖြစ်လာခဲ့ကြောင်း သိရသည်။
မြန်မာရုပ်ရှင်ဇာတ်ကားများပြသရာတွင် ရုံရှင်၊ ကားရှင် စိတ်ကြိုက်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပြီးနောက်တွင် ဇာတ်ကားသစ်ပြသမှုအရေအတွက်မှာ လစဉ်တွင်ပျမ်းမျှအားဖြင့် ရှစ်ကားခန့်ပြသလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြသရာတွင် တစ်လလျှင် ရုံရှင်များမှ စိတ်ကြိုက်ရွေးချယ်ပြသနိုင်သည့် ဇာတ်ကားများအပြင် တန်းစီစနစ်ဖြင့် စောင့်ဆိုင်းလျက်ရှိသည့် ဇာတ်ကားများကိုပါ ရွေးချယ်ပြသနေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်း မြန်မာဇာတ်ကားသစ်ရုံတင်ပြသရာတွင် ဇန်နဝါရီတွင်ရှစ်ကား၊ ဖေဖော်ဝါရီတွင် ကိုးကား၊ မတ်လတွင် ၁၀ ကား၊ ဧပြီတွင် ငါးကား၊ မေလတွင် ကိုးကား၊ ဇွန်လတွင် ရှစ်ကား၊ ဇူလိုင်တွင် ခုနစ်ကား၊ သြဂုတ်တွင် ၁၁ ကား၊ စက်တင်ဘာတွင် ခုနစ်ကား၊ အောက်တိုဘာတွင် ကိုးကား၊ နိုဝင်ဘာအတွင်း ရှစ်ကားရှိပြီး ဒီဇင်ဘာတွင်လည်း ဇာတ်ကား ရှစ်ကားပြသရန်စီစဉ်ထားသည့်အတွက် တစ်နှစ်တာအတွင်း စုစုပေါင်း မြန်မာရုပ်ရှင်ဇာတ်ကားသစ် ၉၉ ကားအထိ ပြသနိုင်မည်ဖြစ်ကာ ဆယ်စုနှစ်ကာလအတွင်း စံချိန်တင် ဇာတ်ကားအရေအတွက်ဖြစ်ကြောင်းလည်း သိရသည်။ ယင်းသို့ပြသမှုအရေအတွက်များပြားလာသော်လည်း ရုံတင်စနစ်တွင် တန်းစီစနစ် ဖြင့်စောင့်ဆိုင်းလျက်ရှိသည့် ဇာတ်ကားများတွင် ၂၀၁၆ ခုနှစ်အတွင်းက ရိုက်ကူးခဲ့သည့် ဇာတ်ကားများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။ ထို့ပြင် လက်ရှိရုံတင်စနစ်သည့် ရေရှည်တွင် ထုတ်လုပ်သူများအတွက် ထိခိုက်နစ်နာမှုများ ပိုမိုတိုးပွားလာနိုင်သည်ဟု မှတ်ချက်ပေးမှုများ လည်းရှိနေကြောင်းသိရသည်။