၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ မနီလာ၊ ဆူဘစ်၊ ကလာ့ခ်အပါအဝင် မြို့ပေါင်းများစွာ၌ ကျင်းပခဲ့သည်။
ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက ပုံမှန်ရယူနိုင်သည့် နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် (၇) နေရာရယူနိုင်ရန်ပင် ရုန်းကန်ခဲ့ရသည်။ မြန်မာအားကစားအဖွဲ့ အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲနောက်ပိုင်း ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိမှုတွင် တစ်ကြိမ်ထက်တစ်ကြိမ် ကျဆင်းလာပြီး ၂၀၁၉ ပြိုင်ပွဲ တွင် ရွှေတံဆိပ်လေးခုသာ ရရှိသည့်အထိ အခြေအနေဆိုးရွားခဲ့သည်။ ရွှေတံဆိပ်လေးခုမှာ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့ရရှိသည့် ဒုတိယမြောက်ရွှေတံဆိပ် အနည်းဆုံးရရှိသည့်ပြိုင်ပွဲဖြစ်ခဲ့ပြီး ၁၉၉၉ ဘရူနိုင်းဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်သုံးခု ရယူပြီးနောက်ပိုင်း ရွှေဆုအနည်းဆုံးလည်း ဖြစ်ခဲ့သည်။ မြန်မာအားကစားအဖွဲ့အနေဖြင့် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေ ၁၈ ခု၊ ကြေး ၅၁ ခု ရရှိခဲ့ပြီး နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် (၇) နေရာရရှိခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းအထိ ရွှေသုံးခုဖြင့် နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် (၈) နေရာသို့ ရောက်နေသော်လည်း ယင်းနေ့ညနေပိုင်းတွင် ကျင်းပသည့် Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီက ရွှေတစ်ခု ထပ်မံရရှိခဲ့သောကြောင့် ကမ္ဘောဒီးယားနှင့် ရွှေဆုအရေအတွက်တူသော်လည်း ငွေတံဆိပ်ပိုရထားသောကြောင့် ပုံမှန်ရရှိနေသည့် အဆင့် (၇) နေရာ ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေဆုမျှော်လင့်ထားသည့် အားကစားနည်းအချို့ လက်လွှတ်ခဲ့ရသလို ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆုတံဆိပ်ရရှိမှုမှာ လက်ရှိမြန်မာ့အားကစား လောက၏ ကျဆင်းနေမှုအနေအထားကို လှစ်ဟပြသနေခြင်းဖြစ်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။ ထို့ကြောင့် ၂၀၁၉ ဆီးဂိမ်းစ် ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဆုတံဆိပ်ရရှိမှုအနေအထားကို ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။
မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို Arnis အမျိုးသမီးတစ်ဦးချင်း သရုပ်ပြပြိုင်ပွဲမှ အိန္ဒြေဖူး၊ ရိုးရာလှေမီတာ (၂၀၀) လေးတက်လှော်ပြိုင်ပွဲမှ မြန်မာအမျိုးသမီးအသင်း၊ 9 Ball Pool နှစ်ယောက်တွဲ ပြိုင်ပွဲမှ အောင်မိုးသူနှင့် မောင်မောင်အတွဲ၊ တစ်ဦးချင်းပြိုင်ပွဲမှ မောင်မောင်တို့က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။









