မြန်မာ့ဘောလုံး ပရော်ဖက်ရှင်နယ်စနစ်သို့ ကူးပြောင်းပြီးနောက်ပိုင်းတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာခဲ့ပြီး ကမ္ဘာကျော်ဘောလုံးသမားဟောင်းများ၊ ကမ္ဘာကျော်ဘောလုံးအသင်းများမှ နည်းပြများ၏ လာရောက်မှုများပြား လာခဲ့ပြီး နောက်ဆုံးရောက်ရှိလာခဲ့သူမှာ မြန်မာပရိသတ်အများစု၏ အားပေးမှုရရှိထားသည့် မန်ချက်စတာယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန် ရောက်ရှိလာခြင်းဖြစ်သည်။
ရီယိုဖာဒီနန်သည် တိုက်ဂါးက စီစဉ်သည့် Tiger Street Football ပြိုင်ပွဲကို တက်ရောက်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့သို့ လာရောက်ခြင်းဖြစ်သည်။ ရီယိုဖာဒီနန်သည် ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒီဇင်ဘာ ၂၃ ရက်တွင် သုဝဏ္ဏဘူမိ၌ ကျင်းပသည့် Tiger Street Football ပြိုင်ပွဲသို့ တက်ရောက်ကာ သရုပ်ပြပွဲကစားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သွားလာရာတွင် အသုံးပြုနေသည့် ဆိုက်ကားစီးနင်းမှုမှာလည်း မြန်မာပရိသတ်များအကြား အမှတ်တရဖြစ်စေခဲ့သည်။ ယခင်ကလည်း အန်ဒီကိုး၊ ဒွိုက်ယော့ခ်၊ ဒင်းနစ်အာဝင်၊ ဂျွန်ဆင်စသည့် မန်ယူကစားသမားဟောင်းများ လာရောက်ခဲ့ဖူးပြီး ရီယိုဖာဒီနန်သည် ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးရောက်ရှိလာခြင်းဖြစ်သည်။ ကမ္ဘာကျော်ဘောလုံးသမားဟောင်းများ လာရောက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ အနေအထားကို နိုင်ငံတကာမှ ပိုမိုသိရှိလာနိုင်မည်ဖြစ်ရာ ရီယိုဖာဒီနန် ရောက်ရှိလာမှုကို ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်ပါသည်။









