နှစ်ပေါင်း (၆၀)အတွင်း အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲဆက်မှုနှင့် အာဆင်နယ်အသင်း ရင်ဆိုင်ကြုံတွေ့

နှစ်ပေါင်း (၆၀)အတွင်း အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲဆက်မှုနှင့် အာဆင်နယ်အသင်း ရင်ဆိုင်ကြုံတွေ့
Published 30 December 2019

 

 

အာဆင်နယ် - ချယ်လ်ဆီးပွဲတွင် အာဆင်နယ်အသင်းမှာ အိမ်ကွင်း၌ (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့ရာ နှစ်ပေါင်း (၆၀)အတွင်း အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲဆက်မှု ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အာဆင်နယ်အသင်းသည် အိမ်ကွင်း အီမရိတ်စ်တွင် ကစားခဲ့သော နောက်ဆုံးအိမ်ကွင်းပွဲစဉ် (၄)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

အသင်းအနေဖြင့် ပြီးခဲ့သည့်တစ်လအတွင်း ကစားခဲ့သော အိမ်ကွင်းပြိုင်ပွဲစုံ(၄)ပွဲစလုံးကို အရေးနိမ့်ခဲ့ခြင်းဖြစ်ရာ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်းရှုံးပွဲဆက်မှုကိုရင်ဆိုင်ကြုံတွေ့ခဲ့ခြင်း ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ 

ယင်းပွဲရှုံးနိမ့်မှုကြောင့် အာဆင်နယ်အသင်းသည် အမှတ်ပေးဇယားတွင် အဆင့်(၁၂)နေရာအထိ ထပ်မံကျဆင်းသွားခဲ့ပြီး တန်းဆင်းဇုန်နှင့် (၆)မှတ်သာကွာဟသောအနေအထား၌ ရပ်တည်လျက်ရှိနေသည်။ 

ယင်းပွဲမှာ နည်းပြသစ် အာတီတာအတွက် ပထမဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ကစားခဲ့ရခြင်းဖြစ်ပြီး ပွဲချိန်(၈၃)မိနစ်အထိ (၁-ဝ)ဂိုးဖြင့် ဦးဆောင်နေသော်လည်း ချယ်လ်ဆီးအသင်းက (၄)မိနစ်အတွင်း (၈၃ မိနစ် နှင့် ၈၇ မိနစ်) (၂)ဂိုးသွင်းယူကာ အာဆင်နယ်အသင်းကို ရှုံးပွဲတွေ့စေခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းအနေဖြင့် အာဆင်နယ်အသင်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အီမရိတ်စ်ကွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပထမပိုင်း၌ ရှုံးနိမ့်ပြီး ပြန်အနိုင်ယူခဲ့သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရှိရသည်။ 

ထို့ပြင် အီမရိတ်စ်ကွင်း၌ ကစားသော ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အာဆင်နယ်အသင်းကို (၅)ပွဲမြောက်အနိုင်ရသည့် ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။ 

အီးမရိတ်စ်ကွင်းတွင် အာဆင်နယ်အသင်း၏နောက်ဆုံးပြိုင်ပွဲစုံ (၄)ပွဲ

နိုဝင်ဘာ(၂၉)    အာဆင်နယ်    ၁-၂    ဖရန့်ဖတ်        ယူရိုပါလိဂ်

ဒီဇင်ဘာ(၆)    အာဆင်နယ်    ၁-၂    ဘရိုက်တန်    ပရီးမီးယားလိဂ်

ဒီဇင်ဘာ(၁၅)    အာဆင်နယ်    ဝ-၃    မန်စီးတီး        ပရီးမီးယားလိဂ်

ဒီဇင်ဘာ(၂၉)    အာဆင်နယ်    ၁-၂    ချယ်လ်ဆီး    ပရီးမီးယားလိဂ်

 

 

Most Read

Most Recent