၂၀၁၉ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ပြင်းထန်လွန်းသော နိုင်ငံတကာ ဖိအားများဖြင့် ရင်ဆိုင်ခဲ့ရပြီး အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများအား ဘာသာရေး ပဋိပက္ခအဖြစ် ပုံဖော်ရန် ကြိုးပမ်းလာချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု၏ ဘာသာပေါင်းစုံ လှူဒါန်းပွဲများ ပြုလုပ်ခဲ့ကာ အဆိုပါ လှူဒါန်းမှူးများအား ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြားသော ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များသည် သြဂုတ် ၂၅ ရက်တွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များထံ ဆန်၊ ဆီ၊ ဆားနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ဘာသာရေးကိစ္စများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းခြင်းကို ၁၉၉၆ ခုနှစ်မှစတင်၍ ဘုန်းကြီးကျောင်းများနှင့် သီလရှင် စာသင်တိုက်များသို့ နှစ်စဉ်ဝါတွင်း ကာလအတွင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များကို ထည့်သွင်းလှူဒါန်းခြင်း ဖြစ်ကြောင်း အဆိုပါ လှူဒါန်းပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည်စုံသည့် ဘာသာအဖြစ် အသိအမှတ်ပြုသကဲ့သို့ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကိုလည်း ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ် ပြုထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
တပ်မတော်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော အဆိုပါ လှူဒါန်းမှုမှာ ပျဉ်းမနားမြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာ ဘုရားကျောင်း ၁၁ ကျောင်းနှင့် အစ္စလာမ်အာရဗီ အထက်တန်းကျောင်း၊ ဗလီ ၁၃ ခုတို့အား ထည့်သွင်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ပျဉ်းမနားမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များအတွက် တပ်မတော်၏ လှူဒါန်းမှုမှာ အလှူငွေကျပ်သိန်း ၃၀၊ ဆန်အိတ် ၆၀၊ ကုလားပဲ ငါးအိတ်၊ ဆား သုံးအိတ်၊ ဆီပိဿာ ၃၀ တို့ဖြစ်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များသည် စက်တင်ဘာ ၁၁ ရက်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဂျွန်းဗလီ အခြေခံဘာသာရေး စာသင်ကျောင်းနှင့် ရွှေနှလုံးတော် ကက်သလစ် ဘုရားရှိခိုးကျောင်းသို့ သွားရောက် လှူဒါန်းမှုများ ထပ်မံဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရန်၊ တရားဥပဒေစိုးမိုးမှု ရှိရန်နှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရန် စည်းလုံးညီညွတ်စွာဖြင့် အတူယှဉ်တွဲ၍ မိမိဒေသ ကောင်းအောင်၊ တိုင်းပြည်အတွက် ကောင်းအောင် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဆိုပါ လှူဒါန်းပွဲများတွင် တိုက်တွန်းခဲ့သည်။
အဆိုပါ လှူဒါန်းပွဲတွင် တပ်မတော်၏ လှူဒါန်းမှုအနေဖြင့် အလှူငွေ ကျပ် ၉၅ သိန်း၊ ဆန်အိတ် ၁၄၀၊ ကုလားပဲ ခြောက်အိတ်၊ ဆားလေးအိတ်၊ ဆီပိဿာ ၃၀ တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုနှင့် စေတနာရှင်များက စက်တင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ ဘာသာရေးဆိုင်ရာ နေရာများသို့ သွားရောက်၍ လှူဒါန်းမှုများ ထပ်မံပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ၊ ကတ်သလစ် သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာ၊ သျှရီသျှရီစန္ဒီမယ်တော် ဟိန္ဒူဘုရားကျောင်းနှင့် ဇဖာရ်ရှား ဂူဗိမာန်များသို့ တပ်မတော်၏ လှူဒါန်းမှုမှာ အလှူငွေ ကျပ်သိန်း ၁၂၀၊ ဆန် ၁၄၆ အိတ်၊ ကုလား ပဲ ၁၅ အိတ်၊ ဆားနှစ်အိတ်နှင့် ၁၇၅ ပိဿာ၊ ဆီ ၄၉ ပိဿာ ၉၀ ကျပ်သားတို့ဖြစ်သည်။
လူတိုင်း၊ နေရာတိုင်း၊ ဘာသာတိုင်း၊ အဖွဲ့အစည်းတိုင်း တိုင်းပြည်၏ ကောင်းရာ ကောင်းကျိုးအတွက် တူညီသည့် ဦးတည်ချက်များဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ နိုင်ငံတော်အတွက် ‘အား’ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆိုပါ လှူဒါန်းပွဲများတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကချင်နှစ်ချင်း ခရစ်ယာန်အသင်းတော် (KBC) ၏ ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်သည် ယခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ဘာသာရေး ဖိနှိပ်မှုများရှိကြောင်း ပြောဆိုခဲ့သည့်အတွက် နယ်မြေခံ တပ်မတော်က ၎င်းအား တရားရုံးတွင် တရားစွဲဆိုရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်း ပေးခဲ့သည်။
ထိုသို့ ရုပ်သိမ်းပေးခဲ့ခြင်းသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ဖြစ်ကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က မီဒီယာများသို့ ပြောကြားခဲ့သည်။
နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဘာသာရေးနှင့် ပတ်သက်၍ ဖိအားပေးရန် ကြိုးစားလာချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်၏ ဘာသာရေးဆိုင်ရာ လှူဒါန်းမှုများသည် ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုအဖြစ် ၂၀၁၉ ခုနှစ် တွင် ထင်ရှားခဲ့သည်။
ထို့ပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) က အောက်တိုဘာ ၇ ရက်တွင် အသင်း၏ ရာသက်ပန် ဂုဏ်ထူးဆောင် နာယကနှင့် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဝေဖန်မှုများ များစွာထွက်ပေါ်ခဲ့သည်။









