၂၁၀၉ ခုနှစ် သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ် အပါအဝင် အစိုးရဌာနဆိုင်ရာ တည်နေရာအချို့အား ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲဲ့ (AA) တို့က ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြားသော ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် အတွင်းရှိ ဂုတ်တွင်းရဲစခန်း၊ နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်တစ်ခုကို ညီနောင်မဟာမိတ်သုံးဖွဲ့က သြဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲ အချိန်ခန့်တွင် တစ်ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အား ယင်းတက္ကသိုလ်၏ အရှေ့ဘက်၊ ပြင်ဦးလွင်-လားရှိုး ကားလမ်း အရှေ့ဘက်အခြမ်း တောင်ကုန်းပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့် ညီနောင်မဟာမိတ် သုံးဖွဲ့က ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် တပ်မတော်နည်းပညာတက္ကသိုလ် အရှေ့ဘက် ပြင်ဦးလွင်-လားရှိုး ကားလမ်း အရှေ့ဘက်ခြမ်း တောင်ကုန်းပေါ်မှ ဘတ္ထရီအိုး၊ ၀ါယာကြိုးများနှင့် ချိတ်ဆက်ထားသော Type 63 107 မီလီမီတာ အမျိုးအစားဒုံးသီး ခြောက်လုံး၊ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် အသင့်ပြုလုပ်ထားသော နေရာများနှင့် ဘတ္ထရီအိုး တစ်လုံးတို့ကို တွေ့ရှိခဲ့သည်။
အေးရှားဝေါလ်တိုးဂိတ်နှင့် မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်ကို မော်တော်ယာဉ် တစ်စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသူ နှစ်ဦးက RPG ဖြင့်လည်းကောင်း၊ နောင်ချိုမြို့နယ် ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲသို့ ထွက်သော နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်ကို တစ်ချိန်တည်း တပြိုင်တည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ပစ်ခတ်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
ညီနောင်မဟာမိတ် သုံးဖွဲ့၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် တပ်မတော်သားကိုးဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားများ အပါအဝင် သေဆုံးသူ ၁၅ ဦး ရှိခဲ့သည်ဟု သြဂုတ် ၁၅ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အသေးစိတ် သတင်းထုတ်ပြန်ချက်များအရ တပ်မတော် နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုတွင် တပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့သည်။
ဂုတ်တွင်းရဲစခန်း တိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးခဲ့ကာ ယင်းတံတားအား ညီနောင်မဟာမိတ်သုံးဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။
ထို့ပြင် ဂုတ်တွင်းရဲစခန်းသို့ စစ်ကူပေးရန် သွားရောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့အကြား ထိတွေ့မှုများ ထပ်မံဖြစ်ပွားခဲ့သဖြင့် တပ်မတော်ဘက်က အရာရှိ၊ စစ်သည် ခုနစ်ဦး သေဆုံးခဲ့သည်။
နောင်ချိုတိုးဂိတ်အနီး မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆောင်ရွက် နေသော ပူးပေါင်းအဖွဲ့ကို ဝင်ရောက်တိုက် ခိုက်မှုကြောင့် စစ်သည်နှစ်ဦး သေဆုံးခဲ့ပြီး မီးရှို့ခံထားရသော အရပ်သားအလောင်း တစ်လောင်း၊ မော်တော်ယာဉ်လေးစီးနှင့် ဆိုင်ကယ်တစ်စီးကိုလည်း နောင်ချိုတိုးဂိတ် အနီးတွင် တွေ့ခဲ့ရသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် သြဂုတ် ၁၅ ရက် ပစ်ခတ်တိုက် ခိုက်မှုများအတွင်း လက်နက်ငယ် ၁၇ လက်၊ ကျည် ၁၃၁၂ တောင့်၊ ကျည်အိမ် ၃၂ ခု၊ လက်ကိုင်စကားပြောစက် လေးလုံး၊ Handheld X-Ray မူးယစ်ဆေးဝါးရှာဖွေရေး ကိရိယာတစ်ခု၊ Density Meter သိပ်သည်းဆတိုင်းတာရေး ကိရိယာတစ်ခု၊ Rigaku ဓာတုဗေဒ စမ်းသပ်ရှာဖွေရေး ကိရိယာတစ်ခု စသည့် ပစ္စည်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့က ယူဆောင်သွားခဲ့သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အဆောက်အအုံနှင့် အခြားဆုံးရှုံးမှုမှာ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့သည်ဟု သြဂုတ် ၁၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့အပေါ် တပ်မတော်၏ ထိုးစစ်ဆင်နေမှုများအား ရပ်တန့်ပေးရန် ညီနောင်မဟာမိတ် သုံးဖွဲ့က အကြိမ်ကြိမ် သတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း ရပ်တန့်ခြင်း မရှိသည့်အတွက် သြဂုတ် ၁၅ ရက်တွင် ပြင်ဦးလွင်နှင့် ရှမ်းမြောက်ဒေသရှိ နေရာအချို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ညီနောင် မဟာမိတ်သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၁၅ ရက် တိုက်ခိုက်မှုမတိုင်မီ သြဂုတ် ၁၂ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က တပ်မတော်အနေဖြင့် AA အပေါ် ထိုးစစ်ဆင်နေမှုများ၊ ကိုးကန့်ဒေသနှင့် တအာင်းဒေသတို့တွင် ပြုလုပ်နေသည့် စစ်ရေးလှုပ်ရှားမှုများကို အမြန်ဆုံး ရပ်တန့်ပေးရန် တောင်းဆိုခဲ့ပြီး အကယ်၍ ရပ်တန့်ပေးခြင်း မရှိပါက နောက်ဆက်တွဲ ဆိုးကျိုးများသည် တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် ယခင်က တပ်မတော်နှင့် တောတွင်းတိုက်ပွဲများသာ ဖြစ်လေ့ရှိပြီး ရံဖန်ရံခါမှသာ တန်ပြန်တိုက်ခိုက်ရာတွင် မြို့ပေါ်တိုက်ပွဲအချို့ရှိခဲ့ကာ အဆိုပါ တိုက်ပွဲများသည်လည်း နယ်စပ်ဒေသအနီး မူဆယ်၊ ကွတ်ခိုင်ကဲ့သို့ မြို့များတွင်သာဖြစ်ခဲ့ပြီး ယခုကဲ့သို့ မန္တလေးမြို့နှင့် အနီးဆုံးဖြစ်သည့် ပြင်ဦးလွင်မြို့နှင့် စစ်ဆေးရေးဂိတ်များကို တစ်ချိန်တည်း တိုက်ခိုက်မှုသည် အပြင်းထန်ဆုံး ဖြစ်သည်။
ပြင်ဦးလွင်တိုက်ခိုက်မှု၏ နောက်ဆက်တွဲအဖြစ် ရှမ်းမြောက်ဒေသ ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တပ်မတော်နှင့် မြောက်ပိုင်းသုံးဖွဲ့အကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့ပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်အချို့ မီးရှို့ခံရခြင်း၊ ကားဘီးများအား သေနတ်ဖြင့် ပစ်ဖောက်ခြင်းတို့ကြောင့် လမ်းများပိတ်ဆို့မှု ဖြစ်ပွားပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန်ခဲ့ရသည်။
အဆိုပါ ကားများမီးရှို့ခံရခြင်းအား မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က လုပ်ဆောင်သည်ဟု စွပ်စွဲကြသော်လည်း နှစ်ဖက်ပစ်ခတ်မှုများအကြား မီးလောင်ခြင်းသာဖြစ်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့များက ငြင်းဆိုခဲ့ကြသည်။
သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရက်ပေါင်းနှစ်ဆယ်အတွင်း တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား ရှမ်းမြောက်ဒေသနေရာ ၂၇ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား သေဆုံးသူ ဦးရေ ၁၃ ဦးရှိခဲ့ကာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများ ပျက်စီးခဲ့မှုကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၃၂၀ ခန့် ရပ်တန့်သွားခဲ့သည်။
ထို့ပြင် ရှမ်းမြောက်ဒေသအတွင်း ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ညီနောင်မဟာ မိတ်သုံးဖွဲ့တို့အကြား တိုက်ပွဲများကြောင့် အနည်းဆုံး ဒေသခံ ၇၀၀၀ ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
တပ်မတော်ကမူ ညီနောင်မဟာမိတ် သုံးဖွဲ့၏ သြဂုတ် ၁၅ ရက် တိုက်ခိုက်မှုများ၏ အကြောင်းအရင်းသည် ဇူလိုင် ၂၅ ရက်မှ ၂၉ ရက်အတွင်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ကျေးရွာအနီးတွင် တပ်မတော်က ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးစခန်းနှင့် ဆက်စပ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ ရှောက်ဟော်ကျေးရွာအနီးရှိ မူးယစ်ဆေးဝါးစခန်းမှ ကျပ်သိန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်ဆစ်ပုံးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ တိုက်ခိုက်မှုတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် မူးယစ်ဆေးဝါး စစ်ဆေးရေးစက်အား တိုက်ခိုက်ခြင်းအပေါ် ယင်းတိုက်ခိုက်မှုသည့် တိုင်းရင်းသားများ တောင်းဆိုနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူအခွင့်အရေး စသည်တို့နှင့် သက်ဆိုင်၍လားဟု အစိုးရဘက်မှ မေးခွန်းထုတ်ခဲ့သည်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့များသည် တိုက်ခိုက်မှုများ ပြုလုပ်သကဲ့သို့ တစ်ဖက်တွင်လည်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်။
သို့ရာတွင် နိုဝင်ဘာ ၁၆ ရက်က ရှမ်း ပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၉)၏ နေရာအနှံ့တွင် ရှော့တိုက်ဒုံး ခုနစ်လုံးဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရရှိကာ မပေါက်ကွဲသေးသည့် ဒုံးများလည်း တွေ့ရှိခဲ့သည်။
ယင်းဖြစ်စဉ်အပေါ် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဟု ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ၎င်းတို့အသုံးပြုခဲ့သည့် ရှော့တိုက်ဒုံးများသည် မြောက်ပိုင်းမဟာမိတ် အဖွဲ့များ အသုံးပြုလေ့ရှိသည့် လက်နက်ဖြစ်သဖြင့် အစိုးရနှင့် တပ်မတော်ဘက်ကမူ မြောက်ပိုင်းမဟာမိတ် အဖွဲ့များ၏ လုပ်ဆောင်မှုဟု ယူဆထားသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ အပါအဝင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ပြည်တွင်း၊ ပြည်ပများတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်အထိမူ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးမှာ ခက်ခဲနေဆဲ အခြေအနေသာ ရှိနေသေးသည်။









