ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(၂၀၁၉-၂၀၃၀) ဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် စီးပွားရေးနှင့် နည်းပညာကဏ္ဍစာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့မှုအား ၂၀၁၉ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်နိုင်ငံသို့ ၂၀၁၉ ခုနှစ် ဧပြီ ၂၄ ရက်က ထပ်မံသွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ် သမ္မတရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့နှင့်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။
အဆိုပါတရုတ်ခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရေး အလှည်အပတ်ခရီးထက်ပိုပြီး အခြားနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ ပါတက်ရောက်သည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် ရပ်ဝန်းနှင့် ပိုး လမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဆိုပါအစီအစဉ်အောက်မှ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝ မြှင့်တင်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့် တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို တရုတ်အစိုးရမှ ဆက်လက်အကူအညီပေးရေး၊ နယ်စပ်ဒေသ တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရေးနှင့် တရုတ်အစိုးရမှ ဆက်လက်အကူအညီပေးရေးဆိုင် ရာကိစ္စရပ်များ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် တရုတ်အစိုးရမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအတွက် မြန်မာအစိုးရအား ယွမ်သန်း ၁၀၀၀ အကူအညီ အထောက်အပံံ့ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့သည်။
ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့သည် ဧပြီ ၂၅ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်များ ပါဝင်သည့် ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ဝန်ကြီး ချုပ်လီခယ်ကျင်းတို့ ရှေ့မှောက်တွင် နှစ်နိုင်ငံ တာဝန်ရှိသူများက မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၉-၂၀၃၀)ဆိုင်ရာ နားလည်မှုစာချွန် လွှာ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်ရန် ငါးနှစ်ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ အစိုးရ နှစ်ခုကြား စီးပွားရေနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်တို့ကို အပြန်အလှန် လက်မှတ်ရေးထိုး လဲလှယ်နိုင်ခဲ့သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧပြီ ၂၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံသို့ မသွားရောက်မီ ဧပြီလဆန်းပိုင်းတွင် တိုက်ဆိုင်စွာဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဧပြီ ၈ ရက်တွင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သေးသည်။
ယင်းခရီးစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်နှင့် လည်းကောင်း၊ တရုတ်နိုင်ငံသမ္မတနှင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံမှုများအနက် တရုတ်သမ္မတနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းတွင် မြန်မာနိုင်ငံ အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို တပ်မတော်အနေဖြင့် ပူေးပါင်းပါဝင် ဆောင်ရွက်မည်ဟု ပြောကြားမှု ပြုလုပ်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့၏ တရုတ်နိုင်ငံခရီးစဉ်အပြီး လအတော်ကြာ တရုတ်နိုင်ငံဘက်မှ အဆင့်မြင့် သံတမန် အနေဖြင့် ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက် ပေးနေသည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန် တစ်ဦးသာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ယခုနှစ်မကုန်မီ ဒီဇင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
ထိုသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ချိန်သည် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာနိုင်ငံအား တရားစွဲဆိုမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက် ရင်ဆိုင်ရန် မြန်မာနိုင်ငံက ထွက်ခွာမည့် ရက်ပိုင်းအလိုတွင် လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့သည် နေပြည်တော်၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံမှု ထူထောင်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အမြန်ဆုံး အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ စီမံကိန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည့်အပြင် ရခိုင်ပြည်နယ်အတွက် အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံး ၁၀၀၀ လှူဒါန်းမှု စာချွန်လွှာကိုလည်း ရေးထိုးနိုင်ခဲ့သဖြင့် နိုင်ငံတကာမှ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဖိအားများ ပေးနေချိန်တွင် တစ်ဖက်တွင် မြန်မာ-တရုတ် ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုနီးကပ်လာသည့်သဘော ရှိနေခြင်းမှာလည်း ငြင်းမရသည့်အချက်ပင် ဖြစ်ပေသည်။









