One ၀ိတ်တန်းနှစ်ခုချန်ပီယံ MMA ကစားသမား အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ကျင်းပသည့် ချန်ပီယံကာကွယ်ပွဲ နှစ်ပွဲစလုံးတွင် အလဲထိုးဖြင့် အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများ ကာကွယ်နိုင်ခဲ့သည်။
အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုများကို မြန်မာနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲများတွင် ရယူနိုင်ခဲ့သောကြောင့် ပြည်ပနိုင်ငံများ၌ ယှဉ်ပြိုင်ပါက အခက်တွေ့နိုင်သည်ဟု သုံးသပ်မှုများရှိခဲ့သော်လည်း အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ထိုးသတ်သည့် နှစ်ပွဲစလုံးကို ပြည်ပနိုင်ငံများတွင် ထိုးသတ်အနိုင်ယူခဲ့ပြီး ဝေဖန်မှုများကို အဆုံးသတ်စေခဲ့သည်။ ထို့ကြောင့် ၀ိတ်တန်းနှစ်ခုစလုံး၏ ချန်ပီယံဆုများကို ကာကွယ်နိုင်ခဲ့သည့် အောင်လအန်ဆန်ကို ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မတ်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ တတိယအချီတွင် အလဲထိုးအနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် ၂၀၁၈ ခုနှစ်က ထိုးသတ်သည့် ဟဆဲဂါ၀ါနှင့် ပထမပွဲတွင် နောက်ဆုံးအချီမှ အနိုင်ရခဲ့သော်လည်း ယခုပွဲတွင် လက်ရည်အသာဖြင့်ထိုးကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲအပြီးတွင် ဟဲဗီးဝိတ်တန်း ချန်ပီယံဘရန်ဒန်ဗီရာက လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် အောက်တိုဘာတွင် ဂျပန်နိုင်ငံ၌ ထိုးသတ်လိုကြောင်း စိန်ခေါ်ခဲ့ရာ အောင်လအန်ဆန်က လက်ခံခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ရရှိခဲ့သော်လည်း တစ်နှစ်ကျော်အကြာမှ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ဒုတိယအချီတွင် စိန်ခေါ်သူ ဗီရာကို အနိုင်ယူကာ ချန်ပီယံဆုကာကွယ်ပြီး One ၀ိတ်တန်းနှစ်ခု ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်မှစတင်ကာ ထိုးသတ်သည့်ပွဲတိုင်း အနိုင်ရရှိထားသည်။









