အာရှချန်ပီယံ နေသွေးဦး၊ ဆီးဂိမ်းစ်ရွှေဆုရှင် မောင်မောင်နှင့် အအောင်မြင်ဆုံးအားကစားအဖွဲ့ချုပ်ဖြစ်ခဲ့သည့် ဘိလိယက်နှင့် စနူကာ

အာရှချန်ပီယံ နေသွေးဦး၊ ဆီးဂိမ်းစ်ရွှေဆုရှင် မောင်မောင်နှင့် အအောင်မြင်ဆုံးအားကစားအဖွဲ့ချုပ်ဖြစ်ခဲ့သည့် ဘိလိယက်နှင့် စနူကာ
ဆီးဂိမ်းစ် Pool ရွှေတံဆိပ်နှစ်ခုရ မောင်မောင် (ဓာတ်ပုံ - ညီညီစိုးညွန့်)
ဆီးဂိမ်းစ် Pool ရွှေတံဆိပ်နှစ်ခုရ မောင်မောင် (ဓာတ်ပုံ - ညီညီစိုးညွန့်)
Published 30 December 2019

၂၀၁၉ ခုနှစ်တွင် မြန်မာအားကစားအဖွဲ့များ၏ နိုင်ငံတကာပြိုင်ပွဲအသီးသီး၌ အောင်မြင်မှု ရယူနိုင်မှု နည်းပါးခဲ့သော်လည်း မြန်မာဘိလိယက်အဖွဲ့မှာမူ အာရှပြိုင်ပွဲနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ကာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သလို မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်၏ ဆောင်ရွက်မှုများမှာ တိုးတက်အောင်မြင်မှုများစွာ ရှိခဲ့သောကြောင့် ၂၀၁၉ ခုနှစ်၏ အားကစားထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမင်းနိုင်လက်ထက်တွင် နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့သလို အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ကမ္ဘာ့ဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် နှစ်နှစ်ဆက်တိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သလို အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများဖြစ်သော ဘိလိယက်၊ စနူကာနှင့် Pool ပြိုင်ပွဲများတွင်လည်း စဉ်ဆက်မပြတ်နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲအများစု၏ ကုန်ကျစရိတ်များကို အဖွဲ့ချုပ်စရိတ်ဖြင့် ယှဉ်ပြိုင်ခဲ့ရသော်လည်း အောင်မြင်မှုရယူနိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်၏ ဆောင်ရွက်မှုများမှာ အသိအမှတ်ပြုရမည်ဖြစ်ရာ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ကို အအောင်မြင်ဆုံး အားကစားအဖွဲ့ချုပ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အာရှဘိလိယက်ချန်ပီယံ နေသွေးဦးနှင့် ဆီးဂိမ်းစ် Pool ရွှေတံဆိပ်နှစ်ခုရှင် ဘုန်းမြင့်ကျော် (ခ) မောင်မောင်ကိုလည်း မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်နှင့်အတူ အအောင်မြင်ဆုံးအားကစားသမားအဖြစ် ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

dsc_0680.jpg

အာရှဘိလိယက်ချန်ပီယံ နေသွေးဦး (ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာဘိလိယက်ကစားသမားများသည် အာရှချန်ပီယံရှစ် ဘိလိယက်ပြိုင်ပွဲတွင်၂၀၀၆ ခုနှစ်က ချန်ပီယံဖြစ်ပြီးနောက်ပိုင်း အောင်မြင်မှုနှင့် ဝေးကွာလျက်ရှိပြီး နေသွေးဦးက တစ်ကျော့ပြန်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။ နေသွေးဦးသည် ပြိုင်ပွဲတစ်လျှောက် တည်ငြိမ်သည့်လက်စွမ်းဖြင့် အာရှချန်ပီယံ၊ ကမ္ဘာ့ချန်ပီယံများကို ကျော်ဖြတ်ကာ ချန်ပီယံဆုရခဲ့ခြင်းဖြစ်သည်။ နေသွေးဦးသည် ၂၀၁၉ ကမ္ဘာ့ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း 150 Up ပြိုင်ပွဲ၌ ဒုတိယ၊ Long Up ပြိုင်ပွဲ၌ တတိယရရှိခဲ့သလို ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း ငွေတံဆိပ်ရရှိခဲ့သည်။

ဘုန်းမြင့်ကျော် (ခ) မောင်မောင်သည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် 9 Ball Pool တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် အောင်မိုးသူနှင့် တွဲဖက်၍ ရွှေတံဆိပ်တစ်ခု ရယူနိုင်ခဲ့သည်။ တရုတ်နိုင်ငံတွင် ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်ပြီး တိုးတက်လာသည့် မောင်မောင် (ခ) အားတီသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေနှစ်ခုအထိ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းရွှေတံဆိပ်နှစ်ခုမှာ မောင်မောင်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပထမဆုံးရယူနိုင်သည့် ရွှေဆုများဖြစ်ခဲ့သည်။

 

Most Read

Most Recent