ရဲကင်းစခန်းများ တိုက်ခိုက်ခြင်းမှ အစပြုလာသော AA အဖွဲ့၏ လက်သင့်ခံနိုင်ဖွယ် မရှိသည့် လုပ်ရပ်များ

ရဲကင်းစခန်းများ တိုက်ခိုက်ခြင်းမှ အစပြုလာသော AA အဖွဲ့၏ လက်သင့်ခံနိုင်ဖွယ် မရှိသည့် လုပ်ရပ်များ
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲကင်းတစ်ခုတွင် လုံခြုံရေး ဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား ဇန်နဝါရီလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲကင်းတစ်ခုတွင် လုံခြုံရေး ဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား ဇန်နဝါရီလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
Published 30 December 2019
မင်းနိုင်စိုး

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်း လေးခုကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အဆိုပါဖြစ်စဉ် အပါအဝင် ရခိုင်ဒေသ တိုက်ပွဲများအား စုစည်း၍ ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြားသော ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက်တွင် AA အဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်း လေးခုကို တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ အဖွဲ့သည် ငမြင်းဘော်ရဲကင်းစခန်းအား လည်းကောင်း၊ ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA အဖွဲ့သည် ကျောင်းတောင် ရဲကင်းစခန်းအား လည်းကောင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထိုသို့ AA အဖွဲ့က နယ်ခြားစောင့် ရဲကင်းစခန်း လေးခုအား သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အတွက် ဇန်နဝါရီ ၄ ရက်တွင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကာ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက်တစ်လုံး ဆုံးရှုံးခဲ့သည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်နေချိန် AA အဖွဲ့၏ ဇန်နဝါရီ ၄ ရက်တိုက်ခိုက်မှုသည် ရခိုင်ဒေသ အခြေအနေများကို ပိုမိုရှုပ်ထွေးစေပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့သည့် ယင်းလုပ်ရပ်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာ တုံ့ပြန်ချေမှုန်း နှိမ်နင်းသွားမည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။

ယင်းဖြစ်စဉ်နောက်ပိုင်းတွင် တပ်မတော်က သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေး ခေါင်းစဉ်ဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သလို ၂၀၁၉ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ရာနှင့်ချီသော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လိုင်ဇာတွင် သန္ဓေတည်ဖွဲ့စည်းခဲ့သော AA အဖွဲ့ကို ရခိုင်ပြည်နယ်တွင် အခြေချရန် ခွင့်မပြုနိုင်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

AA ဘက်ကလည်း ကွန်ဖက်ဒရိတ်အဆင့် ရရှိသည်အထိ ကြိုးစားသွားရန် နိုင်ငံရေးရည်မှန်းချက် ထားရှိကြောင်း AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ဧရာဝတီ သတင်းဌာနသို့ ပြောခဲ့သည်။

အစိုးရ၊ တပ်မတော်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ အဆင်မပြေဖြစ်နေချိန်တွင် ခွဲထွက်ခွင့် တောင်းဆိုလိုက်သော AA စစ်ဦးစီးချုပ်၏ စကားက နိုင်ငံရေး လောကတွင် ပွက်လောရိုက်ခဲ့သည်။

ဘူးသီးတောင်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် AA အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးယန္တရားကို ပျက်ပြားစေရန်နှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ ရဲစခန်းများအား တိုက်ခိုက်ခြင်း၊ ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကားလမ်းကြီးပေါ်၌ မိုင်းထောင်/မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မတ် ၃၁ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် AA အဖွဲ့သည် ရပ်ကွက်၊ ကျေးရွာ ဒေသအဆင့် အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လက်တွေ့ ဆောင်ရွက်နေသည့် ရဲစခန်းမှူးများ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများထံ ကျည်ဆန်ထည့်ထားသည့် ခြိမ်းခြောက်စာများ ပေးပို့ခြင်း၊ လက်တွေ့ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟုလည်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ကျေးရွာ၊ ရပ်ကွက်အနီး ထိတွေ့တိုက်ပွဲများတွင် AA အဖွဲ့က ရွာသားများအသွင်ဆောင်၍ လည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာနေဒေသခံ တိုင်းရင်းသားများအား ခြောက်လှန့်၍ မဟုတ်မမှန် သတင်းများ ပြောဆိုခိုင်း၍ လည်းကောင်း၊ လူမှုကွန်ရက် စာမျက်နှာများနှင့် Website များတွင်တင်ကာ ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်နေကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ အမှတ် (၃၁) လုံခြုံရေးရဲတပ်ရင်း ဌာနချုပ်အား ၂၀၁၉ ခုနှစ် ဧပြီ ၉ ရက် ညပိုင်းမှ ဧပြီ ၁၀ ရက် နံနက်ပိုင်းအထိ AA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံ တိုက်ခိုက်မှုကြောင့် ပင်မဌာနချုပ် ကျဆုံးမှုမရှိခဲ့ပေ။

ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည့်အပြင် ခုနစ်ဦး ပျောက်ဆုံးခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးသုံးဦး၊ မိခင်တစ်ဦး၊ ကလေးသူငယ် သုံးဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

AA အဖွဲ့အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

AA ဘက်က အမှတ် (၃၁) ရဲတပ်ရင်း ဌာနချုပ်နေရာသည် တပ်မတော်၏ လက်နက်ကြီးများ ထားရှိရာ နေရာဖြစ်သည့်အတွက် ထိုသို့ဝင်ရောက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သော်လည်း တပ်မတော်ဘက်က အဆိုပါ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။

ထို့ပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ထွက်ခွာလာသည့် ရွှေနဒီ အမြန်ရေယာဉ်အား ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးတွင် AA အဖွဲ့က သေနတ်ပစ်ဖောက် တားဆီးခဲ့ပြီး ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူအများအပြားကို ဖမ်းဆီးသွားခဲ့သည်။

၎င်းတို့ ဖမ်းဆီးခေါ်ဆောင် သွားသူများအနက် အရပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများလည်း ပါဝင်ခဲ့ပြီး တပ်မတော်က လိုက်လံကယ်တင်ရာတွင် တိုက်ပွဲအတွင်း ဖမ်းဆီးခံရသူအချို့ သေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ သေဆုံးမှုများနှင့် ပတ်သက်၍ တပ်မတော်၏ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု AA ဘက်က စွပ်စွဲပြောဆိုခဲ့သော်လည်း ၎င်းတို့လက်မှ ပြန်လည် လွတ်မြောက်လာသူများကမူ အဆိုပါ သေဆုံးမှုများသည် AA အဖွဲ့၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သတင်းမီဒီယာများထံ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်ဟူသော မြို့နယ် ခုနစ်မြို့နယ်တွင် တပ်မတော်နှင့် AA တို့ အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိနေပြီး Rakhine Ethics Congress ၏ ဒီဇင်ဘာ ၁၃ ရက် စာရင်းများအရ အဆိုပါ တိုက်ပွဲများကြောင့် စစ်ဘေးသင့် ဒုက္ခသည်ဦးရေ ၉၈၇၄၃ ဦး ရှိနေသည်။

AA အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးနှင့် ပလက်ဝတံတား စီမံကိန်းအတွက် သံဘောင်နှင့် ဆောက်လုပ်ရေး ပစ္စည်းများ တင်ဆောင်လာသော သင်္ဘောတစ်စင်းအား မတ် ၁၆ ရက်၊ နိုဝင်ဘာ ၂၂ ရက်နှင့် နိုဝင်ဘာ ၂၉ ရက်တို့တွင် ကုလားတန်အမြစ် အတွင်း၌ ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ရေယာဉ်ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင် သွားသကဲ့သို့ နိုဝင်ဘာ ၃၀ ရက်တွင်လည်း ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းအတွက် ယာဉ်၊ ယန္တရားများ တင်ဆောင်လာသော သင်္ဘောတစ်စင်းအား ကုလားတန်မြစ်အတွင်း၌ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ကာ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့သည်။

ချင်းလူမျိုးနှင့် ရခိုင်လူမျိုးအကြား သွေးခွဲသည်ဟူ၍ လည်းကောင်း၊ ၎င်းတို့အဖွဲ့၏ သတင်းများကို တပ်မတော်အား ပေးပို့သည်ဟူ၍ လည်းကောင်း စွပ်စွဲချက်များဖြင့် ချင်းပြည်နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA အဖွဲ့က နိုဝင်ဘာ  ၃ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အတွက် သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲပြုလုပ်ရန် စီစဉ်သည်ဟုဆိုကာ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကိုလည်း ဒီဇင်ဘာ ၁၂ ရက်တွင် AA အဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ 

လက်ရှိတွင် AA အဖွဲ့၏ စစ်ဦးစီးချုပ်က ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် ပတ်သက်၍ ထုတ်ဖော် ပြောကြားရာတွင် ရခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းတော့မည်ဟု ပါဝင်သကဲ့သို့ ရခိုင်ပြည်နယ် အတွင်းရှိ စီးပွားရေး လုပ်ငန်းများကို အခွန်ကောက်ခံတော့မည်ဟူသော ပြောဆိုမှုများလည်း ပါဝင်လာသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပလိုပါက ၎င်းတို့အဖွဲ့နှင့် ညှိနှိုင်းရမည်ဟုလည်း AA အဖွဲ့၏ စစ်ဦးစီးချုပ်က ဧရာဝတီသတင်းဌာနသို့ ပြောခဲ့သည်။

အစိုးရနှင့် ၎င်းတို့အဖွဲ့၏ နိုင်ငံရေး ဆွေးနွေးမှုများ ရှေ့မဆက်နိုင်သေးဘဲ စိန်ခေါ်မှုများ ကြုံတွေ့နေရချိန်တွင် AA စစ်ဦးစီးချုပ်၏ ပြောဆိုမှုများက နိုင်ငံရေးဆွေးနွေးပွဲ ရှေ့ဆက်နိုင်ရေး တားဆီးသကဲ့သို့ ဖြစ်နေရာ အဆိုပါ အခြေအနေကလည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်းကို မီးမောင်းထိုးသကဲ့သို့ ဖြစ်နေသည်။

ဘူးသီးတောင်မြို့နယ်တွင် နယ်စပ်ကျူးကျော် တိုက်ခိုက်မှုများ အထူးသဖြင့် ARSA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုရန်မှ ကာကွယ်ရန်အတွက် လုံခြုံရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို AA အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းသည် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် အစိုးရနှင့် တပ်မတော်က ယူဆခဲ့သည်။

ထို့ကြောင့်လည်း ရခိုင်ပြည်နယ်တွင် သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေး ဟူသောအမည်ဖြင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းကို တပ်မတော်က လက်ရှိအချိန်အထိ ဆောင်ရွက်နေပြီး ရခိုင်ပြည်နယ်၏ စစ်မီးတောက်များ ငြှိမ်းသတ်နိုင်ရေးမှာမူ လက်ရှိအချိန်အထိ အဖြေရှာမတွေ့သေးဘဲ ဖြစ်နေသည်။

 

Most Read

Most Recent