မြန်မာလက်ခမောင်းကုမ္ပဏီက ကြီးမှူးကျင်းပလျက်ရှိသည့် WLC ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ခမ်းနားသည့် ပြင်ဆင်မှုများ၊ ဖျော်ဖြေရေးဆန်သည့် အစီအစဉ်တင်ဆက်မှုများကြောင့် အချိန်တိုအတွင်း ထိပ်တန်းအဆင့်ရောက်လာပြီး ပရိသတ်များ၏ အားပေးမှုကိုရရှိလာသောကြောင့် ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်ပါသည်။
မြန်မာလက်ခမောင်းကုမ္ပဏီ ဥက္ကဋ္ဌဦးဇေသီဟသည် One Championship နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် MMA ပြိုင်ပွဲများ ကျင်းပနေသောကြောင့် WLC ပြိုင်ပွဲကို ကျင်းပရာတွင်လည်း အခမ်းအနားအပြင်အဆင်နှင့် ပရိသတ်များ စိတ်ဝင်စားစေမည့် ဖျော်ဖြေမှုဆန်သည့် အစီအစဉ်များကို ထည့်သွင်းခဲ့ရာ အချိန်တိုအတွင်း ပရိသတ်အားပေးလက်ခံမှု ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာလက်ခမောင်းကုမ္ပဏီသည် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနည်းကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန် ရည်ရွယ်ထားပြီး ၂၀၂၀ ပြည့်နှစ်မှစ၍ ပြည်ပနိုင်ငံများတွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နာမည်ရနေသည့် ဒေ့ဗ်လက်ဒပ်အပါအဝင် ပြည်တွင်းလက်ဝှေ့ကျော်များဖြစ်သော ထွန်းထွန်းမင်း၊ တူးတူး၊ စိုးလင်းဦး၊ မိုက်ရိုင်း၊ သပြေညိုတို့ကို ယှဉ်ပြိုင်ထိုးသတ်ရန် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ဗြိတိန်၌ နေထိုင်ပြီး လက်ဝှေ့ပြိုင်ပွဲများ ထိုးသတ်နေသည့် မြန်မာစပါးအုံးမလေးဟုအမည်ရသည့် နီကိုလာကိုလည်း WLC ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ရန် ဆောင်ရွက်နိုင်ခြင်းမှာလည်း မြန်မာလက်ခမောင်းကုမ္ပဏီ၏ အောင်မြင်မှုဟု သတ်မှတ်ရမည်ဖြစ်သည်။
WLC 1 ပြိုင်ပွဲကို ၂၀၁၇ ခုနှစ် မတ် ၃ ရက်တွင် မင်္ဂလာဒုံဥယျာဉ်မြို့တော်၌ စတင်ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သုံးပွဲ၊ ၂၀၁၈ ခုနှစ်တွင်သုံးပွဲ၊ ၂၀၁၉ ခုနှစ်တွင် လေးပွဲ ကျင်းပထားကာ လက်ရှိအချိန်ထိ ပြိုင်ပွဲ ၁၀ ခု ကျင်းပထားပြီးဖြစ်သည်။ WLC 10 အပြီးထိ ရန်ကုန်မြို့အပြင် နေပြည်တော်၊ မန္တလေးနှင့် ဘားအံမြို့တို့၌ ကျင်းပထားပြီး လာမည့်နှစ်များတွင် ပြည်ပနိုင်ငံများအပြင် အခြားမြို့များ၌ပါ တိုးချဲ့ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတကာ အားကစားရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်ခြင်းမှာလည်း ပြည်ပနိုင်ငံများက ပိုမိုသိရှိလာသည့်အချက်ဖြစ်ခဲ့သည်။
မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ပရိသတ်စိတ်ဝင်စားမည့် ပြင်ဆင်မှုများ၊ အကြိတ်အနယ်ဖြစ်မည့် တွဲဆိုင်းများ၊ ကမ္ဘာ့ချန်ပီယံလုပွဲများပါဝင်သည့် ပွဲစီစဉ်သူများများပြား လာခြင်းကြောင့် နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေသည့် မြန်မာ့ရိုးရာလက်ဝှေ့အတွက် ကောင်းမွန်သည့် လက္ခဏာဟု သတ်မှတ်ရမည်ဖြစ်သည်။ WLC ၏ ဒုတိယခြေလှမ်းဖြစ်သည့် ပြည်ပနိုင်ငံများ၌ ကျင်းပသည့်ပြိုင်ပွဲများတွင် အောင်မြင်မှုရလာပါက မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာမှ ပိုမိုသိရှိလာမည်ဖြစ်သည်။









