၂၀၁၈ နှစ်ကုန်ပိုင်းတွင် အောင်မြင်မှုများ စတင်ရယူနိုင်ခဲ့သည့် မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်တွင် အောင်မြင်မှုများစွာ ထပ်မံရယူနိုင်ခဲ့သည်။
သက်ထားသူဇာသည် ၂၀၂၀ တိုကျိုအို လံပစ်ပြိုင်ပွဲဝင်ခွင့်ရရန်အတွက် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် BWF က ကြီးမှူးကျင်းပလျက်ရှိသည့် ပြိုင်ပွဲများတွင် ဆက်တိုက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုများစွာ ရယူနိုင်ခဲ့သလို ဒုတိယနှင့် တတိယဆုများလည်းရရှိခဲ့သည်။ ထို့ပြင် သူမ၏ အောင်မြင်မှုများကြောင့် စပွန်ဆာပေးလိုသည့် စီးပွားရေးလုပ်ငန်းများစွာရှိလာခဲ့ပြီး အိုလံပစ်ဝင်ခွင့်ရရန် အထောက်အကူဖြစ်စေခဲ့သည်။ ထို့ကြောင့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာကို ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်ပါသည်။ သူမ၏ အောင်မြင်မှု၊ အိုလံပစ်ဝင်ခွင့်ရရန် ကိုယ်ပိုင်ကုန်ကျစရိတ်များဖြင့် ကြိုးပမ်းမှုများကြောင့် မြန်မာအားကစားပရိသတ်များ၏ တစ်ခဲနက်အားပေးမှုရရှိလာသလို အောင်မြင်မှုများနှင့်အတူ အိုလံပစ်ဝင်ခွင့် အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် စပွန်ဆာပံ့ပိုးကူညီမည့်သူများ အပြိုင်အဆိုင်ထွက်ပေါ်လာခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်အတွင်း BWF က ကြီးမှူးကျင်းပသည့် International Challenge ပြိုင်ပွဲ၊ International Series ပြိုင်ပွဲနှင့် Future Series ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ပိုမိုအဆင့်မြင့်မားသည့် Grade -2 အဆင့်ရှိ HSBCBWF World Tour Super 300 ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် ချန်ပီယံဆု ခြောက်ကြိမ်၊ ဒုတိယဆု နှစ်ကြိမ်အပါအဝင် တတိယဆုများလည်းရရှိခဲ့သည်။
မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်သည် စက်တင်ဘာတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ကြက်တောင်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ သက်ထားသူဇာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့သော်လည်း သူမကြောင့် ပွဲစဉ်တိုင်း ပရိသတ်များ ရုံပြည့်ရုံလျှံ ဖြစ်ခဲ့သည်။ ပြည်ပနိုင်ငံများ၌ အောင်မြင်မှုများစွာ ရယူခဲ့သည့် သက်ထားသူဇာ၏ကစားပုံကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုသည့် ပရိသတ်များကြောင့် ကြက်တောင်ရုံ ပြည့်လျှံသွားသည်အထိ ဖြစ်ခဲ့ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဒီဇင်ဘာတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၂၀၁၉ ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရသော်လည်း သူမ၏ပွဲစဉ်များကို ရုပ်သံမှ စောင့်ကြည့်သူ စံချိန်တင်မြင့်မားခဲ့သည်အထိ ပရိသတ်အားပေးမှုကို ရရှိထားသူဖြစ်သည်။









