ရွှေစက်တော်ဘုုရားပွဲတော်အတွက် မန်းချောင်းသောင်ပြင် ပြုပြင်ခြင်းလုပ်ငန်းများ အပြီးသတ်၍ ဆိုုင်ခန်းနှင့် တဲကျောင်းများ တည်ဆောက်လျက်ရှိပြီး ပွဲတော်မတိုုင်မီ ဘုရားဖူးလာရောက်မှု ယခင်နှစ်ထက်များပြား

ရွှေစက်တော်ဘုုရားပွဲတော်အတွက် မန်းချောင်းသောင်ပြင် ပြုပြင်ခြင်းလုပ်ငန်းများ အပြီးသတ်၍ ဆိုုင်ခန်းနှင့် တဲကျောင်းများ တည်ဆောက်လျက်ရှိပြီး ပွဲတော်မတိုုင်မီ ဘုရားဖူးလာရောက်မှု ယခင်နှစ်ထက်များပြား
မန်းရွှေစက်တော်ဘုရားသို့ လာရောက်ကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်သူငြိမ်း)
မန်းရွှေစက်တော်ဘုရားသို့ လာရောက်ကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်သူငြိမ်း)
Published 29 December 2019
အောင်သူငြိမ်း

ရက်ပေါင်း ၉၀ နီးပါးကြာကျင်းပလေ့ရှိသည့် မကွေးတိုုင်းဒေသကြီးမင်းဘူး (စကုု) မြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားပွဲတော်အတွက် ဒီဇင်ဘာလလယ်ပိုင်းက မန်းချောင်းသောင်ပြင် ပြုပြင်ခြင်းလုပ်ငန်းများ အပြီးသတ်၍ ဆိုုင်ခန်းနှင့် တဲကျောင်း (တည်းခိုုဆောင်) များတည်ဆောက်လျက်ရှိပြီး ပွဲတော်မတိုုင်မီ ဘုရားဖူးလာရောက်မှု ယခင်နှစ်ကထက် များပြားနေကြောင်း ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်အထိ ကျင်းပလေ့ရှိကြောင်း၊ ပွဲတော်တွင်းစျေးဆိုုင်ခန်းနှင့် တဲကျောင်းများကို မန်းချောင်းနံဘေးဝဲယာရှိ သောင်ပြင်များတွင် တည်ဆောက်လေ့ရှိသောကြောင့် သောင်ပြင်ပြုပြင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလပိုင်းကတည်းက စတင်ခဲ့ကြောင်း၊ ရွှေစက်တော်ဘုရားသို့ သုံးမိုင်လမ်းမှအဝင် လှေတင်တံတားကို သံကူ ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခဲ့သောကြောင့် ပွဲတော်ချိန်မဟုတ်သော်လည်း ရွှေစက်တော်ဘုရားသို့ ဆယ့်နှစ်ရာသီဘုရားဖူး လာရောက်မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။

ယခုနှစ်တွင် ပွဲတော်မတိုုင်မီ ဘုရားဖူးလာရောက်မှု များပြားသောကြောင့် ရွှေစက်တော်ဘုုရား ဂေါပကအဖွဲ့ပိုင် တဲကျောင်းများကို ယခင်နှစ်ကထက်စော၍ တည်ဆောက်ခဲ့ရပြီး သောင်ပြင်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ပုံမှန်ထက်စော၍ စတင်ခဲ့ကြောင်း သိရသည်။

“ အရင်နှစ် ၂၀၁၈ ခုုနှစ် ခြောက်လပိုင်းမှာ ရေကတအားကြီးများသွားတော့ သောင်ပြင်အနေအထားတို့ ရေတိုု့က ပုံမှန်မဟုတ်တော့ဘူး။ သောင်ပြင်တွေကလည်း နောက်ကျသွားတဲ့အခါမှာ ဘုရားဖူးက သိပ်မလာကြပါဘူး။ ဒီနှစ်ကတော့ စောစောစီးစီးရေလည်း ကျသွားတယ်။ ပြီးတော့ ရေကြီးမှု၊ သောင်ခုံပို့ချမှုတွေ နည်းတဲ့အတွက် စောစောစီးစီးသောင်ကို ပြင်လိုက်ပါတယ်။ ပြင်လိုက်တဲ့အခါမှာ တခြားပွဲတော်ကိုုသွားရင်းနဲ့ ရွှေစက်တော်ဘုရားကြီးကို လာဖူးကြတာတွေလည်း များပါတယ်။ ပြီးတော့ နိုုင်ငံခြားဧည့်သည်တွေလည်း ကမ္ဘောဒီးယားဘက်က တော်တော်များများ လာကြပါတယ်” ဟု  ရွှေစက်တော်ဘုုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုုးက ဆိုသည်။

မန်းရွှေစက်တော် ဘုုရားပွဲတော်ကာလတွင် တဲကျောင်းခများ စျေးကြီးလွန်းမှုနှင့်ပတ်သက်၍ ဂေါပကအဖွဲ့ သတ်မှတ်စျေးများအတိုင်းသာ ကောက်ခံကြရန် ယခင်နှစ်များကတည်းက စည်းကမ်းချက်များ ထုုတ်ပြန်ထားကြောင်း၊ တဲကျောင်းများ၏မြင်သာသည့် နေရာများတွင် သတ်မှတ်တည်းခိုခများကို ကြေညာထားမည်ဖြစ်ပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုုင်မည့် ဖုန်းနံပါတ်များကိုလည်း တစ်ပါတည်း ကြေညာထားမည်ဟု သိရသည်။

မန်းရွှေစက်တော် ဘုုရားပွဲတော်ကာလတွင် ပွဲတော်တွင်း ယာဉ်များ ပိတ်ဆို့မှုမဖြစ်စေရန် ယခင်နှစ်ပွဲတော်ကာလမှစ၍ တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယခုုနှစ်ပွဲတော်ကာလတွင်လည်း တစ်လမ်းမောင်းစနစ်ဖြင့်သာ ကျင့်သုံးမည်ဖြစ်ပြီး ပွဲတော်ကိုုရှောင်ကွင်းသည့် ကားလမ်းအား လမ်းသားချဲ့ခြင်းနှင့် ကားချော်တတ်သည့် အတက်နေရာများတွင် ကွန်ကရစ်များ ခင်းထားပေးမည်ဖြစ်ကြောင်း ရွှေစက်တော်ဘုရား အရှေ့တောင်ဘက် ရှစ်မိုင်ကားလမ်းနံဘေးတွင် ဆင်စခန်းတစ်ခုကို ယခင်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ၁၂ ရာသီ ဖွင့်လှစ်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent