တပ်မတော်နှင့် KNU အကြား စစ်တိုင်းနှင့် တပ်မဟာအဆင့်တွေ့ဆုံပွဲ ကျောက်ကြီးမြို့၌ ပြုလုပ်ခဲ့ပြီး NCA ရေးထိုးပြီးနောက် လေးနှစ်ကျော် ကာလအတွင်း ပထမဦးဆုံး တွေ့ဆုံဆွေးနွေးပွဲဖြစ်

တပ်မတော်နှင့် KNU အကြား စစ်တိုင်းနှင့် တပ်မဟာအဆင့်တွေ့ဆုံပွဲ ကျောက်ကြီးမြို့၌ ပြုလုပ်ခဲ့ပြီး NCA ရေးထိုးပြီးနောက် လေးနှစ်ကျော် ကာလအတွင်း ပထမဦးဆုံး တွေ့ဆုံဆွေးနွေးပွဲဖြစ်
တပ်မတော်နှင့် KNU အကြား ဒီဇင်ဘာ၂၇ ရက်က တွေ့ဆုံဆွေးနွေးမှုအပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဓာတ်ပုံ-KNU)
တပ်မတော်နှင့် KNU အကြား ဒီဇင်ဘာ၂၇ ရက်က တွေ့ဆုံဆွေးနွေးမှုအပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဓာတ်ပုံ-KNU)
Published 28 December 2019
မင်းနိုင်စိုး

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား စစ်တိုင်းနှင့်  တပ်မဟာအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့၌ ပြုလုပ်ခဲ့ကြောင်း KNU က သတင်းထုတ် ပြန်သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ဦးဆောင်သော တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် KNU  ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်မန်းရှာထုဂေါ် ဦးဆောင်သော အဖွဲ့ဝင်ခုနစ်ဦးတို့သည်  ကျောက်ကြီးမြို့ရှိ KNU ဆက်ဆံရေးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်တိုင်းမှူးနှင့် တပ်မဟာ အဆင့်တွေ့ဆုံပွဲသည် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီး နောက်လေးနှစ်ကျော်ကာလအတွင်း ပထမဦးဆုံး တွေ့ဆုံပွဲ ဖြစ်လာသည်။

အပစ်ရပ်နယ်မြေများတွင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချနိုင်ရန်အတွက် အောက်ခြေတပ်မှူး အဆင့် ချင်း တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းခဲ့မှုများ ရှိ သော်လည်း တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိခဲ့ဘဲ ယခုတွေ့ဆုံဆွေးနွေးမှုသည် ပထမဦးဆုံးတွေ့ ဆုံဆွေးနွေးပွဲဖြစ်လာခဲ့သည်ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

“ဟုတ်ပါတယ်။ ဒါက ပထမဆုံးပါပဲ” ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစော တာဒိုမူးက ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အောက်ခြေတပ်ချင်း တွေ့ဆုံဆွေးနွေးမှုမှာ အလွန်အရေးကြီးပြီး အဆိုပါအခြေခံအပေါ် တွင် မူတည်၍ ဆွေးနွေးမှသာ အောက်ခြေမှ သဘောထားကွဲလွဲမှုများအား ဖြေရှင်းနိုင်မည် ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။

ယခု တပ်ပိုင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသည် တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် KNU ကိုယ်စားလှယ်အဖွဲ့တို့၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ တပ်မတော် စစ်တိုင်းအဆင့်နှင့် KNU တပ်မဟာအဆင့်တို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက် KNU ၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

ယခုတွေ့ဆုံပွဲတွင် NCA ပါ အချက်များအပေါ် ကွဲလွဲစွာအကောင်အထည်ဖော်နေသည့် ကိစ္စများကို ဖြေရှင်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးပွဲများဖြစ်ပေါ်ရေးနှင့် လတ်တလောတင်းမာမှုဖြစ်စေ သည့် KNU တပ်မဟာ(၃)နှင့် တပ်မဟာ (၅) ဒေသအတွင်း လမ်းဖောက်လုပ်နေမှုများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။

“ဒီအစည်းအဝေးမှာတော့ သူတို့ ညှိကြ မှာပါ။ ကျွန်တော်တို့ဘက်က ဖြစ်ချင်တာက တော့ ပုံမှန်တွေ့ဆုံတာမျိုးဖြစ်ချင်တာပေါ့။ ဒါပေမဲ့ အဲဒီမှာ သူတို့ ညှိကြမှာပါ” ဟု စဉ်ဆက်မပြတ် တွေ့ဆုံပွဲဖြစ်မြောက်ရေးနှင့်ပတ်သက်၍ ပဒိုစောတာဒိုမူးက ပြောကြားသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲမှ အပစ်အခတ် ရပ်စဲရေး ခိုင်မာရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် များစွာမျှော်လင့်ထားကြောင်း ၎င်းက ပြောကြားသည်။

“အထူးသဖြင့် အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သီး ခြားထောက်တိုင်တစ်ခုအနေနဲ့ ဖြစ်တဲ့အ တွက်ကြောင့် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုဟာ အပစ်အခတ်ရပ်စဲရေး ခိုင် မာမှုနဲ့လည်း သူက ထပ်တူသွားကျနေတာ ကိုး။ ဒါကြောင့် ဒီဆွေးနွေးပွဲအပေါ် ကျွန်တော် တို့ အများကြီးမျှော်လင့်ပါတယ်” ဟု ပဒိုစော တာဒိုမူးက ပြောကြားသည်။

ယခုအစည်းအဝေး၏ အောင်မြင်မှုဖြင့် NCA အပေါ် နှစ်ဖက်မှ မည်၍မည်မျှအား ကျိုးမာန်တက်အကောင်အထည်ဖော်လိုသည့် စိတ်ဆန္ဒရှိကြောင်းကို လက်တွေ့စမ်းသပ်နိုင်ခြင်း၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုအတွက် ယုံကြည်မှုတည်ဆောက်ရေး အဆင့်တစ်ဆင့်သို့ ရောက်ရှိစေခြင်းနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် အထောက်အကူပြုခြင်း စသည့်ရလဒ်များကို ရရှိစေမည်ဖြစ်သည်ဟု KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် KNU အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ အပစ်အခတ်ရပ်စဲရေး ခိုင်မာစေခြင်းနှင့် တန်းတူ၍ တရားမျှတသည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စု ရရှိသည်အထိ ကြိုးစားအကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သည်။

 

 

Most Read

Most Recent