ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကန့်ကွက်ခြင်းမရှိသော်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ လုပ်စေချင်ဟု ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကန့်ကွက်ခြင်းမရှိသော်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ လုပ်စေချင်ဟု ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 25 December 2019
အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကန့်ကွက်ခြင်း၊ မပြင်ဆင်ရန် ပြောဆိုခဲ့ခြင်းမရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီသာ လုပ်စေချင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

“ အန်ကယ်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ကန့်ကွက်ခဲ့တာလည်း မရှိဘူး။ မလုပ်ဘူးလို့လည်း မပြင်ဘူးလို့လည်း မပြောခဲ့ဘူး။ အန်ကယ်တို့ လိုလားတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီပဲ လုပ်စေချင်တယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ဥပဒေနှင့်လုပ်စေချင်သောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းများကို အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်သို့ ငါးကြိမ်အထိ တင်ပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဥပဒေမှာပြဋ္ဌာန်းထားတဲ့ အခန်း ၁၂ ပါ ပြင်ဆင်ရေးပုဒ်မတွေ အတိုင်းပေါ့။ ဒီပြဋ္ဌာန်းချက်တွေအတိုင်း အန်ကယ်တို့က သွားတယ်။ သို့သော်လည်းပဲ အန်ကယ်တို့ ဥပဒေနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကို ဆောင်ရွက်ပေမယ့်လည်း လွှတ်တော်က ဒါကို သူ့ရဲ့ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ပေးဖို့ကို ဆိုင်းငံ့ထားတဲ့သဘော ရှိတယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

ကော်မတီဝင် ၄၅ ဦးပါဝင်သည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းသည် NLD ပါတီမှ ကိုယ်စားလှယ်က တင်သွင်းခဲ့သည့် အရေးအကြီးအဆိုအပေါ် မူတည်၍  မဲခွဲဆုံးဖြတ်ပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အဲဒီကတည်းကလည်းပဲ အရေးကြီးအဆို မမြောက်တဲ့အတွက် ဒီအဆိုဟာ အတည်မဖြစ်သင့်ဘူးလို့ အန်ကယ်တို့နဲ့ တပ်မတော်သားတွေ ဆွေးနွေးတယ်။ သို့သော်လည်းပဲ မဲခွဲပြီးတော့ အတည်ပြုခဲ့တယ်။ အဲဒီမှာ အရေးကြီးအဆိုမှာပါတဲ့ ဒီကော်မတီဖွဲ့ဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပါတယ်။ အဲဒီအကြောင်းပြချက်တွေဟာ ဒီကော်မတီဖွဲ့စည်းတဲ့အခါမှာ ဦးတည်ချက်တွေ ဖြစ်လာတယ်။ ဒီကော်မတီရဲ့ ဦးတည်ချက်တွေ ဖြစ်လာတယ်။ ဆိုလိုတာကတော့ လွှတ်တော်ကြီးတစ်ခုလုံးက တိုင်ပင်ဆွေးနွေးပြီးတော့ ဒီကော်မတီသည် ဘယ်လို ဘာကို ဦးတည်ပြီးလုပ်မယ်ဆိုတဲ့ Concept မယူဘူး။ မယူဘဲနဲ့ NLD ပါတီက အဆိုမှာပါနေတဲ့ ဦးတည်ချက်၊ ဥပမာဆိုပါတော့ ဒီဥပဒေကြီးက ဒီမိုကရေစီစံနှုန်း မကိုက်ညီဘူး။ ရှေ့နောက် ကွဲလွဲမှုတွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတန်းတူညီမျှမှု မရှိဘူး။ နောက်တစ်ခါ ၂၁ ရာစု ပင်လုံက ပေးထားတဲ့ ပြည်ထောင်စု Accord လို့ခေါ်တဲ့ ဖက်ဒရယ်မူနဲ့ ဒီမိုကရေစီကို တည်ဆောက်မယ်ဆိုတဲ့ ကိစ္စတွေ၊ ဒါလျော့နည်းနေတယ်။ နောက်တစ်ခါ ပြည်သူတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူးဆိုတဲ့ ဒီကြောင်းပြချက်တွေကို ဦးတည်ချက်အနေနဲ့ သတ်မှတ်လိုက်တယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

၄၅ ဦးကော်မတီက စတင်ဖွဲ့စည်းစဉ်ကလည်း ၄၅ ဦးကော်မတီ၏ ဦးတည်ချက်ကို သေသေချာချာ ဖော်ပြသင့်ပြီး ပါတီတစ်ခု၏ ဦးတည်ချက်ကို ကျန်သည့်ပါတီများက ၀ိုင်းလုပ်နေရသလိုဖြစ်နေကြောင်း ဦးသောင်းအေးက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

“ အခု ဒီ ၄၅ ဦး ကော်မတီလုပ်လာခဲ့တဲ့ တစ်လျှောက်လုံးမှာလည်းပဲ အခုပြန်ကြည့်လိုက်တဲ့အခါကျတော့ အခု ၃၇၀၀ ကျော် တိုင်းရင်းသားပါတီအစုအဖွဲ့တွေက တင်တာ စုစုပေါင်း ၃၇၀၀ ကျော် ရှိခဲ့ပေမဲ့လည်း ဒီနေ့ ဒီအချိန်အထိ အစည်းအဝေးမှာ မူကြမ်းအတွက် ဆုံးဖြတ်ချက်ထွက်လာတွေဟာ NLD ပါတီ တင်ထားတဲ့ ၁၁၄ ချက်ထဲကပဲ အတည်ပြုနိုင်မယ်လို့ ဒီလိုကြားသိထားတယ်။ ပြောချင်တာကတော့ ၄၅ ဦး ကော်မတီရဲ့ ဦးတည်ချက်နဲ့ ၁၁၄ ချက် ကိုက်၊ မကိုက် ဆန်းစစ်ကြည့်လိုက်၊ ဒီဦးတည်ချက်တွေနဲ့ တိုက်ရိုက် တချို့ကိစ္စတွေက မပတ်သက်ဘူး။ ဒီဦးတည်ချက်တွေနဲ့ပတ်သက်နေတဲ့ ကိစ္စတွေ၊ တိုင်းရင်းသားပါတီတွေတင်ပေမဲ့လည်း လက်မခံထားဘူး။ အဲဒီတော့ ဒီလိုအခြေအနေတွေ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

၄၅ ဦးကော်မတီမှ လွှတ်တော်သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတစ်ရပ်ကို ဥပဒေနှင့်အညီ တင်လာပါက ဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသောင်းအေးက ဆက်လက်ပြောကြားသည်။

 

 

Most Read

Most Recent