ရာထူးတိုးမြှင့်ရာတွင် ချန်လှပ်ခြင်းခံခဲ့ရသည့် တက္ကသိုလ် ဆရာ ဆရာမများကို အမြန်ဆုံး ရာထူးတိုးပြန်လည်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်က တောင်းဆိုသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနမှ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်များရှိ လက်ထောက် ကထိကများအား ကထိကများအဖြစ် ရာထူးတိုးမြှင့်ခန့်ထားသည့် အမိန့်စာများကို နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင် အစဉ်အလာများတွင် ပြစ်ဒဏ်ရှိ သူမှလွဲ၍ အရည်အချင်းပြည့်မီသူ ဆရာ၊ ဆရာမများ အားလုံးကို ရာထူးတိုးပေးသည့် ထုံးစံရှိခဲ့သော်လည်း ယခုနှစ် အမိန့်စာများတွင်မူ လက်ထောက်ကထိက ဆရာ၊ ဆရာမ အချို့မှာ ရာထူးတိုးမြှင့်ရာတွင် ချန်လှပ်ခြင်း ခံခဲ့ရသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင်၂၀၀၉ နှင့် ၂၀၁၂ ခန့်တက္ကသိုလ် ဆရာ၊ ဆရာမ အစုအဖွဲ့ နှစ်ဖွဲ့ကြား အငြင်းပွားမှုများကြောင့် ရာထူးနေရာ လစ်လပ်မှု အတိုင်းသာ တိုးပေးလိုက်ရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ ယခုကဲ့သို့လုပ်ဆောင်ခြင်းကြောင့် အရည်အချင်းပြည့်မီသူ လက်ထောက်ကထိ က ဆရာ၊ ဆရာမများမှာ အတိုင်းအတာတစ်ခုအထိ နစ်နာခဲ့ကြရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
နစ်နာသူ ၂၀၀၉ နှင့် ၂၀၁၂ ကိုယ်စားပြု ဆရာ၊ ဆရာမများ စုပေါင်းကာ ရာထူးတိုး ကျန်ရှိသူများ အရေးကို ပြန်လည်ဆောင်ရွက် ပေးရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် လည်း အသနားခံ တင်ပြပြီးဖြစ်ကြောင်း သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေဖြင့် ပညာ ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အား ၂၀၀၉/၂၀၁၂ ခန့် ဆရာဆရာမများထဲမှ ရာထူးတိုး အရည်အချင်းပြည့်မီသူအားလုံးကို ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရန်၊ ရာထူးတိုးမြှင့်ရာတွင် ပြစ်ဒဏ်ကာလမှအပ ကျန်ရှိလက်ထောက် ကထိကအားလုံး တိုးမြှင့်ပေးရန်၊ရာထူးတိုး မြှင့်ရာတွင် ခန့်ထားနှစ်အလိုက် အမိန့်စာရွက် နှစ်ရွက်ခွဲကာ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်တို့ ကို အလေးအနက်ထား တိုက်တွန်းတောင်းဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။















