၂၀၂၀ ပြည့်နှစ်မှစ၍ ဆေးတက္ကသိုလ်များတွင် စတင်သင်ကြားမည့်သင်ရိုးသစ်၌ ပြန်လည်သန်စွမ်းရေးပညာရပ် ထည့်သွင်းသင်ကြားမည်

၂၀၂၀ ပြည့်နှစ်မှစ၍ ဆေးတက္ကသိုလ်များတွင် စတင်သင်ကြားမည့်သင်ရိုးသစ်၌ ပြန်လည်သန်စွမ်းရေးပညာရပ် ထည့်သွင်းသင်ကြားမည်
Published 19 December 2019
အိသဥ္ဇာကျော်

၂၀၂ဝပြည့်နှစ်မှစ၍ ဆေးတက္ကသိုလ်များတွင် စတင်သင်ကြားမည့် သင်ရိုးသစ်၌ ပြန်လည်သန်စွမ်းရေးပညာရပ်ကို ထည့်သွင်း သင်ကြားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဆေးတက္ကသိုလ်များတွင် လာမည့် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်မှစ၍ နိုင်ငံတကာအဆင့်မီ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းအသုံးပြုသင်ကြားရန် စီစဉ်နေပြီး ၂၀၁၇ -၂၀၁၈ပညာသင်နှစ်နှင့်၂၀၁၈ခုနှစ် ဒီဇင်ဘာတွင် စတင်တက်ရောက်ခဲ့သည့် ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းများ၊ လက်ရှိ ဆေးတက္ကသိုလ် ဒုတိယနှစ်သင်တန်းများတွင် သင်ရိုးညွှန်းတမ်းကို ကနဦး Pilot Study ပုံစံဖြင့်ဆောင်ရွက်နေကြောင်း သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေးဗဟိုကော်မတီမှ သိရသည်။

“ ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားလေ့ကျင့်နိုင်ဖို့အတွက် ၂၀၁၆ခုနှစ်ကတည်းက ကော်မတီကို ဘာသာရပ်အသီးသီးက ပါမောက္ခတွေ အငြိမ်းစားပညာရှင်တွေ ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတကာ ဆေးတက္ကသိုလ်ခြောက်ခုမှာ သင်ကြားသင်ယူနေတဲ့ ပုံစံတွေကိုလေ့လာပြီး Johns Hopkins University က ပညာရှင်တွေနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်နဲ့ ကိုက်ညီစေမယ့် သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ရေးဆွဲထားပါတယ်”  ဟု မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးမောင်ဟန်က ပြောကြားသည်။

လက်ရှိ ဆေးတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းကို Integrated Curriculum ဖြင့် သင်ကြားနိုင်ရေး ပြင်ဆင်ရေးဆွဲနေပြီး လာမည့် ၂၀၁၉-၂၀၂ဝပညာသင်နှစ်တွင် ဖွင့်လှစ်မည့် သင်တန်းများမှစ၍ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ် အသီးသီးမှ ၂၀၁၆ ခုနှစ်မှ လက်ရှိအထိ ဆေးလက်တွေ့ ပညာဘာသာရပ် ၃၂ မျိုးမှ ဆေးပညာ မဟာသိပ္ပံဘွဲ့ရ  ၉၆၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုလက်ရှိတွင် ဆေးလက်တွေ့ပညာ ဘာသာရပ် ၃၂ မျိုးမှ ဆေးပညာမဟာသိပ္ပံပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများတွင်၂၅၁၇ ဦး၊ ဆေးလက်တွေ့ အခြေခံပညာရပ်ရှစ်မျိုး ပါရဂူဘွဲ့သင်တန်းများတွင်၁၀၂ ဦးနှင့် ဆေးလက်တွေ့ပညာရပ် ၃၅ မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင် ၅၃၄ ဦးအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းဆရာဝန်များအတွက် လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘွဲ့လွန်ဒီပလိုမာ သင်တန်းခုနစ်မျိုး၊ မဟာသိပ္ပံသင်တန်း၃၀ မျိုး၊ ဆေးလက်တွေ့အခြေခံပါရဂူသင်တန်း ခြောက်မျိုး၊ ဆေးလက်တွေ့ပါရဂူသင်တန်း ၄၁ မျိုး စုစုပေါင်းအမျိုး ၈၀ ကျော်ကို ရွေးချယ်ခေါ်ယူ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်တွင် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္က  သိုလ်များနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့ ပါဝင်ကြောင်းနှင့် လက်ရှိဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ၃၂၅၄ ဦး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင်၂၉၄၈ ဦး၊ ဆေးတက္ကသိုလ် (မန္တလေး) တွင် ၃၀၀၄ ဦး၊ ဆေးတက္ကသိုလ် (မကွေး) တွင် ၁၅၅၁ ဦး၊ ဆေးတက္ကသိုလ် (တောင်ကြီး) တွင် ၁၄၉ ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) တွင် ၁၀၆၂  ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) တွင် ၇၇၇ ဦး၊  ဆေးဝါးဆေးတက္ကသိုလ် (ရန်ကုန်) တွင် ၅၅၆ ဦး၊ ဆေးဝါးတက္ကသိုလ် (မန္တလေး) တွင် ၃၅၃ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်) တွင် ၅၄၀၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) တွင် ၅၁၃ ဦး၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ၁၀၀၉ ဦး၊သူနာပြုတက္ကသိုလ် (မန္တလေး) တွင် ၉၇၃ ဦး၊ အခြေခံ ကျန်းမာရေးတက္ကသိုလ် (မကွေး) တွင်ရ၈၇ ဦး စုစုပေါင်း ၁၇၄၇၆ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။                                                 

 

Most Read

Most Recent