ဆီးဂိမ်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် ခဲ့သည့် စကိတ်စီးအားကစားသမား လူငယ်များ လက်ရှိလေ့ကျင့်လျက်ရှိသည့် လှည်းတန်းခုံးကျော်တံတားအောက်မှ စကိတ်ကွင်းနေရာကို အဆိုပါနေရာအနီးရှိ လမ်းဘေး စျေးသည်များအတွက် နေရာချထားပေးမည်ဟုဆိုကာ ဒီဇင်ဘာ ၁၇ ရက်တွင် စည်ပင်က လာရောက် ဖယ်ရှားခိုင်းသည့်အတွက် စကိတ်စီးအားကစားသမားများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် စကိတ်စီးအား ကစားသမားများ လေ့ကျင့်အသုံးပြုလျက်ရှိသည့် လှည်းတန်းခုံးကျော်တံတားအောက်မှ စကိတ်ကွင်းနေရာကို အဆိုပါနေရာအနီးတစ်ဝိုက်တွင် ရောင်းချလျက်ရှိသည့် လမ်းဘေးစျေးသည်များအတွက် နေရာချထားပေးရန် ဖယ်ရှားရမည်ဟု စည်ပင်က စကိတ်စီး အားကစားမားများ စကိတ်ကွင်းကို ပြုပြင်ရှင်းလင်းမှုများ ပြုလုပ်နေသည့်အချိန်တွင် လာရောက်ပြောဆိုခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ဒီနေရာကို ပျက်စီးသွားမှာစိုးလို့ ဆေးသုတ်နေတဲ့နေရာမှာ စည်ပင်ဝန်ထမ်းတစ်ယောက်က လာပြီးတော့ ဘယ်သူ့ခွင့်ပြုချက်နဲ့လုပ်တာလဲဆိုပြီးတော့ လာပြောတယ်။ အဲဒီမှာ ကျွန်တော်တို့က တိုက်ရိုက် စကားပြောလိုက်တဲ့အချိန်မှာ သူတို့ ထွက်သွားတယ်။ ဒုတိယအကြိမ်ကျတော့ ရပ်ကွက်လူကြီးအပါအဝင် အကုန်လုံးလူကြီးပိုင်းတွေ ရောက်ချလာပြီးတော့ ကျွန်တော်တို့ကို နာနတ်တောခုံးကျော်တံတားအောက်ကို ရွှေ့ပေးဖို့ပြောတယ်။ ဒါပေမဲ့ နေရာအနေအထားအရ ရွှေ့ဖို့အဆင်မပြေတဲ့အကြောင်းကိုပြောတော့ ရွှေ့ကိုရွှေ့ပေးရမယ်။ ရနိုင်တဲ့နေရာသာ ရှာထားတော့ဆိုပြီးတော့ ထပ်ပြီးတော့ ကြားသိရပါတယ်။ အကြောင်းက ဒီနေရာကို လှည်းတန်းဘက်ခြမ်းမှာ ကားပိတ်အောင်ရောင်းနေတဲ့ စျေးဆိုင်တန်းတွေကို ရွှေ့မယ်ဆိုတဲ့အတွက်ကြောင့်မို့လို့။ ဒီနေရာကို လုံးဝသိမ်းယူလိုက်မယ်ဆိုရင်တော့ ဒီမှာကစားနေတဲ့ အားကစားသမားတွေနဲ့ အကုန်လုံးနဲ့ စုပြီးတော့ ကျွန်တော်တို့ရဲ့သဘောဆန္ဒကို ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု စကိတ်ကွင်းကို ဖွံ့ဖြိုးတိုးတက်စေရန် ပြုလုပ်နေတဲ့ တာဝန်ခံတစ်ဦးဖြစ်သူ ကိုထက်ထူးလျှံက ပြောကြားသည်။

အဆိုပါ စကိတ်ကွင်းနေရာ၌ စကိတ်ကွင်းအားကစားများအပြင် BMX စက်ဘီး စီးအားကစားမားများလည်း လာရောက်လေ့ကျင့်လျက်ရှိသည်ဟု သိရပြီး ယင်းနေရာကို အာကစားသမားလူငယ်များက ၂၀၁၄ ခုနှစ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရှင်းလင်းပြုပြင်ကာ လက်ရှိအချိန်ထိ အားကစားလေ့ကျင့်ရန်အတွက် အသုံးပြုနေခြင်းဖြစ်သဖြင့် စည်ပင်၏ ဖယ်ရှားခိုင်းမှုသာ အထမြောက်ခဲ့ပါက အားကစားများအနေဖြင့် လေ့ကျင့်ရန် အခက်အခဲများစွာ ဖြစ်ပေါ်နိုင်သည့်အခြေအနေကို ကြုံတွေ့လျက်ရှိနေကြောင်း သိရသည်။

“ ကျွန်တော်တို့ အားကစားအဖွဲ့ချုပ်အနေနဲ့ တရားဝင်ဖွဲ့စည်းပုံတင်ထားပါတယ်။ လက်ရှိမှာလည်း တရားဝင်မဖြစ်သေးတဲ့ အချိန်မှာတောင် ဆီးဂိမ်းသွားပြိုင်နိုင်ခဲ့ပါတယ်။ လက်ရှိဒီကစားကွင်းမှာဆိုရင် အနယ်နယ်အရပ်ရပ်ကနေ ပညာလာသင်ယူနေတဲ့ ကစားသမားတွေအပါအဝင် အားလုံးကစားသမား ၈၀ လောက် ဒီကစားကွင်းမှာ လေ့ကျင့်နေကြပါတယ်။ အကယ်၍များ ဒီကစားကွင်း မရှိတော့ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာက နည်းစနစ်တွေကို အနယ်နယ် အရပ်ရပ်က ၀ါသနာရှင်ကစားသမားတွေကို ကျွန်တော်တို့ မျှဝေပေးလို့ရမယ့် နေရာတစ်ခု မရှိတော့တဲ့အတွက်ကြောင့်မို့လို့ ဒီအားကစားနည်းတွေဟာ အများကြီးထိခိုက်လာနိုင်ခြေရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာမှာလည်း နိုင်ငံ့ဂုဏ်ဆောင်ပြီး သွားရောက်ယှဉ်ပြိုင်ပေးနိုင်ကြတဲ့အတွက် ဒီလိုနေရာမှာ မထောက်ပ့ံပေးနိုင်ရင်တောင် ကိုယ့်စရိတ်နဲ့ ကိုယ်သွားပြီးတော့ ယှဉ်ပြိုင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေရာလေးကို သိမ်းယူလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ အရမ်းဒုက္ခရောက်ရပါတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ အားကစားလုပ်ဖို့နေရာမရှိတော့ရင် ဒီအားကစားနည်းနဲ့ နိုင်ငံ့ဂုဏ်ဆောင်ဖို့ အခက်အခဲရှိနိုင်ပါတယ်” ဟု ကိုထက်ထူးလျှံက ဆိုသည်။

စကိတ်ကွင်းတည်ရှိရာ လှည်းတန်းခုံးကျော်တံတားအောက်သည် တံတားတည်ဆောက်အပြီး ကနဦးနှစ်များ၌ မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူများ၊ အမှိုက်များဖြင့် ပြည့်နှက်နေခဲ့သည့် နေရာတစ်ခုအဖြစ်ရှိခဲ့ရာမှ စကိတ်စီးအားကစားလူငယ်များက ၎င်းတို့ လေ့ကျင့်ရာနေရာတစ်ခုအဖြစ် အခက်အခဲများအကြားမှ အစိုးရအား တရားဝင်စာတင်၍ တောင်းဆိုရယူခဲ့သည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၈ ခုနှစ်အတွင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံနှင့် လမ်းတံတားဌာနထံ အားကစားသမားများက ၎င်းတို့လေ့ကျင့်နေရသည့် စကိတ်ကွင်းနေရာ၌ ဒုစရိုက်မှုပြုလုပ်သူများ လာရောက်နှောင့်ယှက်နေကြောင်း စာတင်ခဲ့သဖြင့် အကာအရံများ လာရောက်ပြုလုပ်ပေးခဲ့သည့် နေရာလည်းဖြစ်ကြောင်း သိရသည်။















