FSA အကောင်းဆုံးဆုကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ဆွတ်ခူး

FSA အကောင်းဆုံးဆုကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ဆွတ်ခူး
Photo : FSA Twitter
Photo : FSA Twitter
Published 17 December 2019

ဘောလုံးအားပေးသူများအဖွဲ့အစည်း(FSA)မှချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ပရိသတ်ပေါင်း(၃၄၀၀၀၀)ကျော် မဲပေးခဲ့ကြပြီး ဗန်ဒိုက်မှာ မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင်ကိုကျော်ဖြတ်ကာ ယင်းဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

င်္FSA၏ဆန်ခါတင်စာရင်းတွင် ဗန်ဒိုက်၏အသင်းဖော်ဖြစ်သည့် မာနေ၊ စပါးအသင်းမှ ဆွန်ဟောင်မင်၊ လက်စတာအသင်းမှ ဗာဒီနှင့် အာဆင်နယ်အသင်းမှ အူဘာမီယန်းစသည့် ကစားသမားများ ပါဝင်ခဲ့ကြသည်။

ယင်းဆုကို လူးဝစ်ဆွာရက်ဇ်၊ ကော်တင်ဟို၊ ဆာလာ တို့လည်း ရရှိခဲ့ဖူးပြီး ဗန်ဒိုက်မှာ နောက်ဆုံး(၇)နှစ်အတွင်း (၄)ဦးမြောက်ရရှိသည့် လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆုပေးပွဲအခမ်းအနားသို့ ဗန်ဒိုက် တက်ရောက်ခြင်းမရှိဘဲ ကျေးဇူးတင်စကားဆိုထားသည့် ဗီဒီယိုဖိုင်သာ ပေးပို့ခဲ့ကြောင်း သိရသည်။

'' ဆုရရှိလို့ ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ဒီဆုက ကျွန်တော့်အတွက် အဓိပ္ပာယ်များစွာရှိပါတယ်။ တစ်နှစ်တာအကောင်းဆုံးဆုအတွက် မဲပေးခဲ့ကြတဲ့ ပရိသတ်တိုင်းကိုရော တိုင်းပြည်တစ်ဝှမ်းက ပရိသတ်အားလုံးကိုပါ ကျေးဇူးတင်ပါတယ်။ လက်ရှိခြေစွမ်းကို ဆက်ထိန်းပြီး ပိုပြီးကောင်းလာဖို့၊ အသင်းကို ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်''ဟု ဗန်ဒိုက်က ပြောကြားခဲ့သည်။

ဗန်ဒိုက်သည် ၂၀၁၈-၁၉ ရာသီအတွက် PFA အကောင်းဆုံးကစားသမားဆု၊ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ UEFAအကောင်းဆုံးအမျိုးသားကစားသမားဆု ဆွတ်ခူးထားခဲ့သည်။

ယခုလအစောပိုင်းက Ballon d'Or ဆုပေးပွဲတွင်မူ ဒုတိယနေရာသာရရှိခဲ့ကြောင်း သိရသည်။