ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ဥက္ကဋ္ဌဟောင်း ဘလတ္တာနှင့် ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ပလာတီနီတို့ကို တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံတရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။
၎င်းတို့နှစ်ဦးအား တရားစွဲဆိုရခြင်းမှာ ၂၀၁၁ ခုနှစ်အတွင်း ဘလတ္တာက ပလာတီနီထံ တရားမဝင်ပေးအပ်ခဲ့သော ဆွစ်ဖရန့်(၂)သန်း၊ ပေါင် (၁.၅)သန်းဝန်းကျင်ကို ပြန်လည်ရရှိ လိုခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။
ဘလတ္တာသည် ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းက အဆိုပါငွေကြေးပမာဏကို ပလာတီနီအား ဖီဖာ၏ ရန်ပုံငွေထဲမှ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ တရားမဝင်အပေးအယူပြုလုပ်ခဲ့ခြင်းကြောင့်ပင် နှစ်ဦးစလုံး ဘောလုံးလောကနှင့်ပတ်သက်ခွင့် (၈)နှစ်စီ ပိတ်ပင်ခံခဲ့ရသည်။
သို့သော် ၎င်းတို့နှစ်ဦးစလုံးက အမှား အယွင်းမလုပ်ခဲ့ကြောင်း ငြင်းဆန်ခဲ့ကြပြီး ဘလတ္တာက ပလာတီနီကို အကြံပေးခအနေဖြင့် ပေးအပ်ခဲ့ခြင်းသာဖြစ်သည်ဟုလည်း ဖြေရှင်းခဲ့သည်။
သို့ရာတွင် ဖီဖာက အဆိုပါငွေကြေးလွှဲပြောင်းမှုကို လက်ခံနိုင်ရန်မရှိဟု ဆုံးဖြတ်ခဲ့ပြီး ဖီဖာထံ ပြန်လည် ပေးသွင်းရန် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် အဆိုပါငွေကြေးကို ပြန်လည်ရရှိပါက ဘောလုံးလောကတိုးတက်ရေးအတွက် သုံးစွဲသွားရန် စီစဉ်ထားခြင်းဖြစ်သည်ဟုလည်း တရားစွဲဆိုကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။